ကရင်လူငယ်အစည်းအရုံး (KYO) ဥက္ကဋ္ဌ စောလယ်နယ်နှင့် တွေ့ဆုံမေးမြန်းခြင်း
ကရင့်တော်လှန်ရေး သမိုင်းစဉ်တစ်လျှောက် မျိုးဆက်သစ် ခေါင်းဆောင်ကောင်းများကို ပြုစုပျိုးထောင်ပေးလျက်ရှိသည့် ကရင်လူငယ်အစည်းအရုံး (KYO) သည် လက်ရှိ နိုင်ငံရေးအချိုးအကွေ့တွင် မည်သို့သော အခန်းကဏ္ဍမှ ပါဝင်နေသလဲ၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် မျိုးဆက်သစ်များ ပြန့်ကျဲသွားခြင်းကို မည်သို့ စုစည်းကျော်ဖြတ်နေသလဲဆိုသည်ကို KYO ဥက္ကဋ္ဌ စောလယ်နယ်နှင့် တွေ့ဆုံမေးမြန်းထားသည့် အင်တာဗျူးကို တင်ဆက်ပေးလိုက်ပါသည်။
မေး ။ ။ KYO ဆိုတာ ကရင့်မျိုးဆက်သစ်ခေါင်းဆောင်တွေကို မွေးထုတ်ပေးတဲ့ အဖွဲ့အစည်းလို့ ပြောလို့ရတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကရင့်တော်လှန်ရေးအတွက် KYO အနေနဲ့ ဘယ်အခန်းကဏ္ဍမှာ အဓိက ပါဝင်ဆောင်ရွက်ဖြစ်လဲ။
ဖြေ။ ။ KYO မှာ လုပ်ငန်းကဏ္ဍနဲ့ ဌာနခွဲတွေ သီးခြားစီ ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ အဓိက လုပ်ဆောင် တာကတော့ တော်လှန်ရေးအတွက် အားဖြည့်ပေးနိုင်မယ့်အရာတွေကို ဦးစားပေးတာ ဖြစ်ပါတယ်။ ပြောရ မယ်ဆိုရင် KNU ဗဟိုကဖြစ်စေ၊ ခရိုင်နဲ့ မြို့နယ် ဌာနဆိုင်ရာအသီးသီးမှာဖြစ်စေ ကရင်လူငယ်တွေ ဝင်ရောက် ပါဝင်မှုနှုန်း ပြည့်ဝတယ်လို့ ပြောလို့ရပါတယ်။ ပြီးတော့ ပညာပေးသင်တန်းတွေ ပေးတဲ့နေရာမှာလည်း KYO အနေနဲ့ KNU ကို အမြဲတမ်း ပံ့ပိုးကူညီပေးနေပါတယ်။
မေး။ ။ စစ်အာဏာမသိမ်းခင်အချိန်နဲ့ အခုလက်ရှိအချိန်မှာ ကရင်လူငယ်အရေး KYO လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ရတဲ့အခါ ကွာခြားမှုတွေ ဘယ်လိုရှိမလဲ။
ဖြေ။ ။ ပြောရမယ်ဆိုရင် အာဏာသိမ်းသည်ဖြစ်စေ၊ မသိမ်းသည်ဖြစ်စေ နိုင်ငံအာဏာကို အဓိကချုပ် ကိုင်ထားတာက စစ် အာဏာရှင်တွေပဲ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲ ဒီစစ်အာဏာရှင်တွေက ကိုင်စွဲထား တာဆိုတော့ သူတို့ရဲ့အာဏာက အရင်ကတည်းက ရှိနေခဲ့တာပါ။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် မတိုင်ခင်နဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကတော့ မတူပါဘူး။
ဒီစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်တာမျိုးတွေ အရင်လို လုပ်လို့ မရတော့ ပါဘူး။ ဒါပေမဲ့ ပြည်တွင်း (အတွင်းထဲ) မှာ ရှိတဲ့ လူငယ်တွေနဲ့ ချိတ်ဆက်မှုကတော့ အမြဲတမ်း ရှိနေပါတယ်၊ ပေါ်ပေါ်ထင်ထင် မလုပ်ဖြစ်တာမျိုးပဲ ရှိတာပါ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်တဲ့ နယ်မြေတွေမှာတော့ လူငယ်အခွင့်အရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ပါတယ်။
အထူးသဖြင့် KYO ဆိုတာက ကရင်လူငယ်တွေကို စည်းရုံးပြီး နိုင်ငံရေးအသိအမြင်၊ အမျိုးသားရေးအသိအမြင်တွေ သိရှိလာအောင် ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။ အာဏာမသိမ်းခင်တုန်းက ကျနော်တို့ KYO အနေနဲ့ နှစ်စဉ် နွေရာသီလူငယ်စခန်း (Youth Camp) တွေကို တစ်နှစ်တစ်နေရာနှုန်းနဲ့ ပြုလုပ်ခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နွေရာသီလူငယ်စခန်းတွေထဲကို ကရင်လူငယ်တွေတင်မကဘဲ တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေပါ ကျနော်တို့ နယ်မြေထဲကို ဝင်ရောက်လာပြီး လာရောက်ပူးပေါင်း ဆောင်ရွက်မှုတွေ အများကြီး ရှိလာပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကာလတွေအတွင်းမှာ ကျနော်တို့အနေနဲ့ Youth Camp ကို (၆) ကြိမ်အထိ တိုင်တိုင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ လူငယ်တွေကလည်း နိုင်ငံရေးဘက်မှာ စိတ်ပါဝင်စားမှုနဲ့ စိတ်အားထက်သန်မှုတွေ အရင်ကထက် ပိုမိုများပြားလာတဲ့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေဟာ အခုလက်ရှိအချိန်အထိ အားကောင်းမောင်းသန် ရှိနေဆဲပဲ ဖြစ်ပါတယ်။
မေး။ ။ ကရင်လူငယ်တွေ မိမိတို့ရဲ့ အမျိုးသားရေးလက္ခဏာ (စာပေ၊ ယဉ်ကျေးမှု) ထိန်းသိမ်းရင်း ခေတ်မီတဲ့ ခေါင်းဆောင်မှုအရည်အချင်းတွေ ရှိလာအောင် ဘယ်လိုမြှင့်တင်ဆောင်ရွက်ပေးတာတွေရှိလဲ။
ဖြေ ။ ။ အရှေ့မှာ ပြောခဲ့သလိုပဲ လူငယ်တွေကို စည်းရုံးပြီး အမြင်ဖွင့်သင်တန်းတွေ ပေးပါတယ်။ သင်တန်းတိုင်းမှာ KNU ရဲ့ လုပ်ဆောင်ချက်တွေ၊ ကရင့်တော်လှန်ရေး အခြေအနေ၊ လက်ရှိအချိန်မှာ တော်လှန်ရေး ဘယ်လိုအဆင့်ကို ရောက်နေပြီလဲ၊ KNU က ဘယ်လိုဦးတည်ချက်နဲ့ သွားနေလဲဆိုတာတွေကို သေချာရှင်းပြပါတယ်။ ပြီးတော့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ဆိုင်ရာ ကိစ္စရပ်တွေကိုလည်း အသိပညာပေးပါတယ်။ အဓိကကတော့ သင်တန်းတိုင်းမှာ လူငယ်တွေကိုပဲ ဦးစားပေးသင်ကြားတာ ဖြစ်ပါတယ်။
ရပ်ရွာတွေမှာ လူငယ်တွေ ခေါင်းဆောင်မှုအပိုင်းကို ဦးဆောင်နိုင်စွမ်းရှိစေဖို့ ကျနော်တို့က လမ်းဖွင့်ပေးပါတယ်။ KYO မှာ သင်တန်းလာတက်တဲ့ လူငယ်တော်တော်များများဟာလည်း မိမိတို့ ရပ်ရွာ၊ မြို့နယ်နဲ့ ခရိုင်အသီးသီးမှာရှိတဲ့ လုပ်ကိုင်နိုင်တဲ့ ကဏ္ဍတွေမှာ ပြန်လည်ဝင်ရောက် လုပ်ကိုင်နေကြပြီလို့ ပြောလို့ရပါတယ်။ ခရိုင် (၄) ခုမှာ လုပ်ဆောင်ချက်ချင်း မတူညီကြပေမယ့် တချို့လူငယ်တွေဆိုရင် စာပေနဲ့ ယဉ်ကျေးမှုအပိုင်းမှာ တကယ့်ကို စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်နေကြပါတယ်။
နိုင်ငံရေးကိစ္စရပ်တွေမှာ လူငယ်တွေ ပါဝင်ဖို့က တကယ့်ကို အရေးကြီးပါတယ်။ ဒါကြောင့် ဒီလူငယ်အစည်းအရုံးကို ဖွဲ့စည်းတည်ထောင်ပေးခဲ့တဲ့ ရှေးခေါင်းဆောင်ကြီးတွေကို ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။ တော်လှန်ရေးတစ်လျှောက်လုံးကို ပြန်ကြည့်ရင် မျိုးဆက်သစ်အဆင့်ဆင့်က လက်ဆင့်ကမ်းပြီး တာဝန်မယူဘူးဆိုရင် ဒီတော်လှန်ရေးက ဘယ်လိုဖြစ်သွားမလဲ မသိနိုင်ပါဘူး။ အခုလက်ရှိအချိန်ဟာလည်း ကျနော်တို့ လွတ်လပ်မှုအပြည့်အဝ ရသေးတာမဟုတ်ဘဲ လမ်းကြောင်းတစ်ခုပေါ်မှာပဲ ရှိနေပါသေးတယ်။ အခက်အခဲတွေ ရှိနေဦးမှာ ဖြစ်ပေမယ့် ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်အထိ အရောက်လှမ်းသွားမှာ ဖြစ်ပါတယ်။
မေး။ ။ လက်ရှိတော်လှန်ရေးကာလအတွင်းမှာ ကရင်လူငယ်တွေရဲ့ အခန်းကဏ္ဍတွေက ဘယ်လောက်အထိ အရေးပါတယ်လို့ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ မြင်ပါသလဲ။
ဖြေ။ ။ မျိုးဆက်သစ် မပျောက်ပျက်ဖို့နဲ့ ကရင့်တော်လှန်ရေးကို ဆက်လက်သယ်ဆောင်သွားနိုင်ဖို့ KYO မှာ လူငယ်တွေကို မွေးထုတ်ပေးရမယ့် တာဝန်ရှိပါတယ်။ ခေတ်အဆက်ဆက်မှာ ပခုံးထမ်းတာဝန်တွေကို လက်ဆင့်ကမ်း မထမ်းဆောင်ကြဘူးဆိုရင် ကျနော်တို့ လူငယ်မျိုးဆက်သစ်တွေ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေက ကရင့်တော်လှန်ရေးမှာ အလွန်အရေးကြီးသလို အမြဲတမ်းလည်း လိုအပ်ပါတယ်။
ကရင့်တော်လှန်ရေးကာလတစ်လျှောက်လုံးမှာ ခန္ဓာကိုယ်၊ အသက်၊ သွေး၊ ချွေးတွေ ပေးဆပ်နေကြတာဟာ လူငယ်တွေအများဆုံးပဲလို့ ကျနော်ထင်ပါတယ်။ ထို့ကြောင့် လူငယ်မျိုးဆက်သစ်တွေ ပေါ်ထွက်မလာနိုင်အောင် အဖျက်အမှောင့်တွေနဲ့ သွေးခွဲမှုတွေကို အများအပြား ကြုံတွေ့ရပါတယ်။ မျိုးဆက်သစ်တွေ ပညာသင်ကြားခွင့်မရအောင် တိုက်ခိုက်ဖျက်ဆီးတာမျိုးတွေလည်း ရှိပါတယ်။
နယ်စပ်ဒေသမှာဆိုရင်လည်း တစ်ရက်တစ်ရက်ကို လူငယ်ထောင်ချီပြီး စားဝတ်နေရေးအတွက် တစ်ဖက်နိုင်ငံကို ထွက်ခွာနေကြရပါတယ်။ ဒါဟာ မျိုးဆက်သစ်လူငယ် မွေးထုတ်ဖို့အတွက် တကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။
ဒီပြဿနာကို မဖြေရှင်းနိုင်ရင်တော့ ကျနော်တို့ဒေသမှာ စစ်အာဏာရှင်တွေက လာရောက်ပြီး ကျနော်တို့ လူမျိုးအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေ ဆက်လုပ်နေဦးမှာပါပဲ။ ဒါကြောင့် တော်လှန်ရေးထဲမှာ လူငယ်တွေပါဝင်ဖို့က အလွန်အရေးကြီးပါတယ်။ စစ်အာဏာရှင်စနစ် ကျဆုံးအောင် လုပ်ဆောင်ဖို့၊ ဖိနှိပ်မှုအောက်ကနေ လွတ်မြောက်ဖို့နဲ့ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိဖို့အတွက် မျိုးဆက်သစ်လူငယ်တွေမှာ တာဝန်အရှိဆုံး ဖြစ်ပါတယ်။
မေး။ ။ စစ်ဘေးရှောင်စခန်းတွေနဲ့ နယ်စပ်ဒေသမှာရှိတဲ့ ကရင်လူငယ်တွေရဲ့ ဘဝတက်လမ်းအတွက် KYO အနေနဲ့ ဒီနှစ်တွေအတွင်းမှာ ဘာတွေကို ဆောင်ရွက်ပေးတာရှိလဲ။
ဖြေ။ ။ စစ်ဘေးရှောင်တွေအတွက် ကျနော်တို့ လူငယ်အဖွဲ့က တိုက်ရိုက်လုပ်ဆောင်ပေးတာတော့ နည်းပါတယ်။ အထူးသဖြင့် စစ်ရှောင်ကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေကို ကရင်အမျိုးသားအစည်းအရုံး (KNU) အောက်မှာရှိတဲ့ CIDKP က အဓိက တာဝန်ယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သို့သော်လည်း ကျနော်တို့ လုပ်ဆောင်ပေးနိုင်တဲ့ ဘောင်ထဲကနေ KYO အနေနဲ့ တတ်နိုင်သမျှ ပါဝင်ပူးပေါင်း ကူညီပေးနေပါတယ်။
တစ်ဖက်မှာလည်း စစ်ရှောင်တွေအတွက် နိုင်ငံတကာက ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ KYO ကြား တိုက်ရိုက်ချိတ်ဆက်မှု မရှိပေမယ့် နိုင်ငံတကာကို ရောက်ရှိနေတဲ့ KYO ကရင်လူငယ် ကွန်ရက်တွေနဲ့ လိုအပ်သလို ချိတ်ဆက်ဆောင်ရွက်တာမျိုး ရှိပါတယ်။ စစ်ရှောင်တွေအတွက် တိုက်ရိုက်စီမံချက်အနေနဲ့ လုပ်ဆောင်တာ မရှိပေမယ့် ကျနော်တို့ ရပ်ရွာအတွင်း လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေမှာ စစ်ရှောင်နေရတဲ့ လူငယ်အများအပြား လာရောက်ပူးပေါင်း ဆောင်ရွက်နေကြပါတယ်။
မေး ။ ။ ကရင်လူငယ်ကြားထဲမှာ စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာလာအောင် KYO က ဘယ်လိုစည်းရုံးမှုတွေရှိလဲ၊ ရှေ့ဆက်ပြီးတော့ရော ဘယ်လိုစည်းရုံးမှုတွေ လုပ်ဖို့ရှိပါသလဲ။
ဖြေ။ ။ နိုင်ငံရေးအခြေအနေတွေကြောင့် ကျနော်တို့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ အဖွဲ့အများ အပြား ကွဲထွက်သွားတာမျိုးတွေ ရှိခဲ့ပါတယ်။ ပြည်တွင်းက ဖိနှိပ်ခံရမှုတွေကြောင့်လည်း ကျနော်တို့ လူမျိုးတွေဟာ ဒုက္ခသည်စခန်းတွေကို ပြောင်းရွှေ့နေထိုင်ခဲ့ကြရသလို၊ တချို့ကလည်း တတိယနိုင်ငံ တွေကို ရောက်ရှိသွားကြပါတယ်။ ဒါကြောင့် ဒီလိုကွဲပြားကွဲကွာမှုတွေ ရှိလာတဲ့အပေါ် ပြန်လည်ပေါင်းစည်း စုရုံးနိုင်ဖို့ကို ကျနော်တို့ ပြန်လုပ်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ ပြန်လည်စုရုံးနိုင်မှသာ ကျနော်တို့ လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ မိမိလူမျိုးရဲ့ လွတ်လပ်ခွင့်ကို ရရှိမှာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်တုန်းက ကျနော်တို့ဟာ ပြည်တွင်းထဲအထိ ဆင်းပြီး ကရင်လူငယ်နှီးနှောဖလှယ်ပွဲတွေ၊ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ အစီအစဉ်တွေ ရှိခဲ့ပါတယ်။ အဲဒီပွဲတွေမှာ မတူညီတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက ကရင်လူငယ်တွေကိုလည်း ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ပူးပေါင်းလုပ်ဆောင်မှုအချို့ ရှိခဲ့ပေမယ့် အပြည့်အဝတော့ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။
စစ်အာဏာမသိမ်းခင်ကတော့ ကရင်လူငယ်အဖွဲ့တွေ အားလုံးပူးပေါင်းပြီး ကရင်လူငယ်ကွန်ရက် (KYN) ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီကွန်ရက်မှာ ဒေသပေါင်းစုံက ကရင်လူငယ်တွေ ပါဝင်ခဲ့ကြပါတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း (တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်)၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနဲ့ ကရင်နီပြည် စတဲ့ ဒေသအသီးသီးက ကရင်လူငယ်တွေ ပါဝင်ပြီး လက်တွဲလုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကျနော်တို့ရဲ့ လက်တွဲလုပ်ဆောင်မှုတွေ အားနည်းသွားခဲ့ပါတယ်။
အဓိက အကြောင်းရင်းကတော့ ရန်သူ့ဘက်က ခြိမ်းခြေက်မှုတွေအပြင် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရတာကြောင့် အဆက်အသွယ် ပြတ်တောက်ပြီး ချိတ်ဆက်မှု အားနည်းသွားခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကရင်လူငယ်အချင်းချင်း ချိတ်ဆက်မှု အားကောင်းလာစေဖို့ ကျနော်တို့ ဆက်လက်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ တစ်ယောက်နှစ်ယောက် အင်အားနဲ့ လုပ်ဆောင်လို့ မရပေမယ့် ပူးပေါင်းလုပ်ဆောင်မှု အားကောင်းလာရင်တော့ ရှေ့ဆက်ဖို့ ကြီးမားတဲ့ အင်အားဖြစ်လာမှာပါ။
ကျနော်တို့ဟာ ကရင်မျိုးဆက်သစ်ရဲ့ (၄) ဆက်မြောက် မျိုးဆက်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် အရင်က လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းစဉ်တွေနဲ့ ဖြတ်သန်းခဲ့တဲ့ သမိုင်းတွေကို ပြန်ကြည့်ပြီး ခွဲထွက်မှုတွေမရှိစေဖို့ သင်ခန်း စာယူသင့်ပါတယ်။ ရည်မှန်းချက်ပန်းတိုင် ရောက်ဖို့အတွက် စည်းရုံးမှုကို ပြန်လည်တည်ဆောက်ပြီး (၄) ဆက်မြောက် မျိုးဆက်မှာရှိတဲ့ လူငယ်တွေအနေနဲ့ ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သင့်တယ်လို့ ထင်ပါတယ်။
ပြည်တွင်းစစ်ပွဲတွေကြောင့် ကျနော်တို့ မျိုးဆက်သစ်လူငယ်တွေ အကွဲကွဲအပြားပြားနဲ့ အခြားနိုင်ငံတွေကို ရောက်ရှိသွားတာ အများကြီး ရှိပါတယ်။ တတိယနိုင်ငံကို ရောက်သွားတဲ့ လူငယ်တွေမှာ ပညာရေးလမ်းကြောင်း အများအပြား ရှိပြီး၊ အဲဒီအပေါ်မှာ အခြေခံကာ တချို့က လူမှုအဖွဲ့အစည်းတွေမှာ ပြန်လည်လုပ်ကိုင်နေကြ တာမျိုးတွေလည်း ရှိပါတယ်။ ရှေ့ဆက်ပြီး ပူးပေါင်းလုပ်ဆောင်မှု အားကောင်းလာဖို့ကို ဆက်လက်လုပ်ဆောင်ရပါမယ်။
မေး ။ ။ နောက်ဆုံးအနေနဲ့ ကရင်လူငယ်အစည်းအရုံးနေ့ (KYO Day) မှာ ဒေသအသီးသီးမှာ ရောက်ရှိနေတဲ့ ကရင်လူငယ်တွေကို ဥက္ကဋ္ဌတစ်ဦးအနေနဲ့ ဘာတွေ တိုက်တွန်းစကား ပြောချင်တာရှိပါသလဲ။
ဖြေ။ ။ ကရင်လူငယ်တွေရဲ့ အခန်းကဏ္ဍက တကယ့်ကို အရေးကြီးပါတယ်။ တော်လှန်ရေးအတွက် အင်အားစု ဖြစ်လာစေဖို့ အရင်လူကြီးတွေက ကရင်လူငယ်အစည်းအရုံးကို ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။ တစ်ယောက်နှစ် ယောက်ရဲ့ အင်အားရုံနဲ့တော့ တော်လှန်ရေးရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်နိုင်မှာ မဟုတ်ပါဘူး။ ပြည်တွင်းမှာရှိတဲ့ ကရင်လူငယ်ဖြစ်စေ၊ နယ်စပ်ဒေသကဖြစ်စေ၊ နိုင်ငံတကာရောက် ကရင်လူငယ်ဖြစ်စေ မိမိတို့ ကျွမ်းကျင်ရာ ကဏ္ဍအသီးသီးကနေ ဝင်ရောက်ပူးပေါင်း လုပ်ဆောင်နိုင်မယ်ဆိုရင် ပန်းတိုင်ရောက်ဖို့ အရှိန်အဟုန် ဖြစ်စေတဲ့အတွက် အားလုံးမှာ တာဝန်ရှိပါတယ်။
ကျနော်တို့ လူမျိုးတွေဟာ ဖိနှိပ်မှုအောက်မှာပဲ ရှိနေပါသေးတယ်။ ဒီလို ဖိနှိပ်မှုအောက်က လွတ်မြောက်ဖို့က ကျနော်တို့ရဲ့ တာဝန်ဖြစ်ပြီး၊ အတူတကွ လက်တွဲလုပ်ဆောင်ဖို့က အလွန်အရေးကြီးပါတယ်။ ခေါင်းဆောင်ကြီး စောဘဦးကြီး ပြောခဲ့သလို “ကရင်လူမျိုးရဲ့ တော်လှန်ရေးဟာ ပထမဦးဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ပဲ” ဖြစ်ရပါမယ်။
အဲဒီအတွက်ကြောင့် ဒီတာဝန်ဟာ လူငယ်မျိုးဆက်သစ်တွေရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ ကျနော်တို့ တော်လှန်ရေးကို အောင်မြင်အောင် လုပ်မလား၊ ဆုတ်ယုတ်အောင် လုပ်မလားဆိုတာ ကိုယ့်မျိုးဆက်သစ်လူငယ်တွေရဲ့ လက်ထဲမှာပဲ ရှိတဲ့အတွက် ကျနော်တို့ဟာ အောင်မြင်တဲ့ တော်လှန်ရေးကိုပဲ ဖန်တီးကြရမှာ ဖြစ်ပါတယ်။
ပြည်တွင်းပြည်ပက ကရင်လူငယ်တွေ မြေပြင်လက်တွေ့မှာ ပြန်လည်ပူးပေါင်းဆောင်ရွက်ဖို့ အင်အားက လိုအပ်ပါတယ်။ ပြီးရင် အရင်မျိုးဆက်တွေ လက်ဆင့်ကမ်းလာခဲ့တဲ့ သမိုင်းနဲ့ အတွေ့အကြုံတွေကို နမူနာယူပြီး နောက်လာမယ့် မျိုးဆက်သစ်တွေအတွက် လမ်းပြပေးနိုင်ဖို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။ ကျနော်တို့ လိုလားတောင့်တနေတဲ့ တန်းတူညီမျှမှုအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးနဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ရရှိဖို့အတွက် အစွမ်းကုန် ကြိုးစားလုပ်ဆောင်သွားကြဖို့ တိုက်တွန်းလိုပါတယ်။
ကေအိုင်စီ