ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုးတောင်းဆိုမည့် လှုပ်ရှားမှု ပြုလုပ်မည်

By MPM 20 မေ, 2026 👁 3

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည်လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုးတောင်းဆိုမည့် ကမ်ပိန်းတစ်ရပ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကမ်ပိန်းကို အဝေးရောက်ဧရာဝတီအသင်း (Overseas Irrawaddy Association – OIA) က ဦးဆောင်ပြုလုပ်မည်ဖြစ်ပြီး ကမ်ပိန်းဖြစ်မြောက်ရေးအတွက် တွေ့ဆုံညှိနှိုင်းပွဲတစ်ရပ်ကို ယမန်နေ့ (မေလ ၁၇ ရက်နေ့) က မဲဆောက်မြို့တစ်နေရာတွင် ကျင်းပခဲ့သည်။

ညှိနှိုင်းပွဲတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ရွှေ့ပြောင်းလူငယ်များအပါအဝင် လူဦးရေ ၁၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

OIA အသင်း၏ အမှုဆောင်ဒါရိုက်တာ ကိုဖိုးသင်္ကြန်က “ဒီကမ်ပိန်းကို လုပ်လိုက်ခြင်းအားဖြင့် ပြည်သူတို့၏ အသံနှင့် ဆန္ဒကို ပိုသိလာမယ်။ ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ ပြည်သူတွေက ယခုထိ ယုံကြည်နေတုန်းပဲ၊ အားကိုးနေတုန်းပဲ၊ မျှော်လင့်နေတုန်းပဲဆိုတာကို ဒီကမ်ပိန်းကနေပြီးတော့ တစ်စုံတစ်ရာ ပိုပြီးတော့ ဖော်ပြပေးသွားမှာဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း လက်ရှိ ဖြစ်ပေါ်နေသည့် အကျပ်အတည်းများကို ဖြေရှင်းရာတွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် အရေးကြီးသည့် အခြေခံ လိုအပ်ချက်တစ်ခု ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုသတိပြုမိလာစေရန်နှင့် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများကို ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ ယခုကမ်ပိန်းကို စီစဉ်ရခြင်းဖြစ်ကြောင်း ဦးဆောင်သူများက ဆိုသည်။

၎င်းအပြင် ကမ်ပိန်းတွင် ပါဝင်လိုသူများ၏ လက်မှတ်များကိုလည်း လူတွေ့စနစ်ဖြင့် တိုက်ရိုက် ကောက်ယူသွားမည်ဖြစ်ပြီး ကမ်ပိန်းကာလအတွင်း လက်မှတ်ပေါင်း ၃၀,၀၀၀ ရရှိရန် ရည်မှန်းထားကြောင်း သိရသည်။

အဆိုပါ ကမ်ပိန်းကို မေလ ၁၉ ရက်နေ့မှ စတင်ပြီး လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိ တစ်လကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီကမ်ပိန်းမှာတော့ ကျမအနေနဲ့ အင်တိုက်အားတိုက် ပါဝင်သွားမှာပါ။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း စုဆောင်းသွားမယ်။ လက်မှတ်ထိုးတဲ့ လှုပ်ရှားမှုတွေကိုလည်း ကျမတို့ အင်တိုက်အားတိုက် ဆက်လုပ်သွားမှာဖြစ်ပါတယ်” ဟု ညှိနှိုင်းပွဲသို့ တက်ရောက်လာသူ နိုင်ငံရေးအကျဉ်းသားများ တရားမျှတမှု ကွန်ရက်မှ မယွန်းမိစံက ပြောသည်။

ယခု ပြုလုပ်မည့် လှုပ်ရှားမှုမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် စစ်အုပ်စုအပေါ် နိုင်ငံတကာနှင့် ဒေသတွင်း ဖိအားများ ပိုမိုရောက်ရှိ လာလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ကမ်ပိန်းဦးဆောင်ကျင်းပသူများက ဖြည့်စွက်ပြောဆိုထားသည်။

ကေအိုင်စီ