6 ဇွန် 2026 /

See today's Peace Related News

Homeသတင်းလူမဆန်သည့် ရာဇဝတ်မှုများ တိုးလာနေ၍ စစ်ကောင်စီကို အမြန်ဆုံး အရေးယူကြရန် AAPP တောင်းဆို

လူမဆန်သည့် ရာဇဝတ်မှုများ တိုးလာနေ၍ စစ်ကောင်စီကို အမြန်ဆုံး အရေးယူကြရန် AAPP တောင်းဆို

နိုင်ငံတဝန်း စစ်ကောင်စီ၏ လူမဆန်သည့် ရာဇဝတ်မှုများ တိုးလာနေသဖြင့် ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့် အမြန်ဆုံး ဝိုင်းဝန်းအရေးယူပေးကြရန် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယနေ့ ထုတ်ပြန်တောင်းဆိုလိုက်သည်။

ရွေးကောက်ပွဲကာလအတွင်း စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်း ဗုံးကြဲမှု၊ စစ်ကြောင်းထိုးကာ ရပ်ရွာများကို မီးရှို့မှု၊ သတ်ဖြတ်မှု၊ လုယက်မှုနှင့်အတူ မုဒိမ်းမှုများကို နေ့စဉ်ရက်ဆက် ကျူးလွန်နေသည်ဟု AAPP က ဆိုသည်။

ယင်းအပြင် အကျဉ်းထောင်များတွင်လည်း နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ ပိုပြင်းထန်လာပြီး အခြားသော လူမဆန်သည့် ရာဇဝတ်မှုများလည်း တိုးလာနေကာ အရက်စက်ဆုံး အကြမ်းဖက်မှုများကို ကျူးလွန်နေသည်ဟု AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်။

“ဒီကျူးလွန်မှုတွေကို ကမ္ဘာ့အသိုင်းအဝိုင်းက ဆက်ပြီးလက်ပိုက်ကြည့်နေဦးမယ်ဆိုရင် ဖက်ဆစ်စစ်တပ်ဟာ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ အဆုံးစွန်ထိ ဆက်ပြီးကျူးလွန်နေမှာပဲ ဖြစ်တယ်။ ဒါကို အမြန်ဆုံး ဝိုင်းဝန်းအရေးယူဖို့ မဖြစ်မနေ လိုအပ်လာနေပါပြီ” ဟု ကိုတိတ်နိုင်က ပြောသည်။

AAPP စာရင်းအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ ၁၃ ဦးရှိခဲ့ပြီး ဒီမိုကရေစီအရေးလှုပ်ရှားသူနှင့် ပြည်သူ ၈၇ ဦးထိ သေဆုံးခဲ့ရကြောင်း သိရသည်။

ထိုအရေအတွက်မှာ အမည်နှင့်တကွအတည်ပြုထားနိုင်သော အချက်အလက်များဖြစ်ကာ မြေပြင်တွင် ယခုထက် ပိုများနိုင်ကြောင်းလည်း AAPP က ဆိုထားသည်။

ဇန်နဝါရီလအတွင်း နိုင်ငံတဝန်းတွင် အရပ်သား ၈၇ ဦးသေဆုံးခဲ့ပြီး ထိုသေဆုံးမှုမှာ လေကြောင်းတိုက် ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ပစ်ခတ်မှု၊ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံရမှုတို့ကြောင် ဖြစ်သည်ဟု AAPP အချက်အလက်များက ဖော်ပြသည်။

“ကျနော်အမြင် ပြောရရင် မြန်မာစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်တာတွေက သူလုပ်နေကျ ကိစ္စတွေပဲ။ နောက်လည်း ဆက်လုပ် အုံးမှာပဲ။ ဒါကိုမှ ကျနော်တို့က ဘယ်လိုပြင်ဆင်လို့ရမလဲ၊ ဘယ်လို ကာကွယ်လို့ရမလဲ ဆိုတာ သိထားရမယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

ရွေးကောက်ပွဲအလွန် စစ်ကောင်စီသည် ဆုံးရှုံးနယ်မြေများ ပြန်ရရေး မြေပြင်၊ ဝေဟင် အင်အား အလုံးအရင်းဖြင့် အသည်းအသန် ကြိုးပမ်းနေပြီး တစ်ပြိုင်နက်တည်းတွင် အရပ်သားများအား သတ်ဖြတ်မှုစသည့် စစ်ရာဇဝတ်မှုမျိုးစုံကိုပါ ကျူးလွန်နေသည်။

DMG