6 ဇွန် 2026 /

See today's Peace Related News

Homeသတင်းနေရပ်ပြန် ကော့ကရိတ် စစ်ရှောင် ၆ ဦး ပျောက်ဆုံးနေ၊ စစ်အုပ်စု သတ်ဖြတ်အလောင်းဖျောက်ဟု ရွာသားများယူဆ

နေရပ်ပြန် ကော့ကရိတ် စစ်ရှောင် ၆ ဦး ပျောက်ဆုံးနေ၊ စစ်အုပ်စု သတ်ဖြတ်အလောင်းဖျောက်ဟု ရွာသားများယူဆ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မြောက်ပိုင်းတွင် စစ်ရှောင်ရာမှ နေရပ်ပြန်လာသည့် ကော့ဖန်ရရွာသား ၆ ဦးသည် ယနေ့အချိန်အထိ ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ ရွာထဲ၌ တပ်စွဲထားသည့် စစ်အုပ်စု တပ်များမှ သတ်ဖြတ်ပြီး အလောင်းဖျောက်လိုက်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံရွာသားများက ယူဆနေကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်တွင် စစ်တပ်လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ရွေးကောက်ပွဲ မဲထည့်ရန်အတွက် နေရပ်ပြန်လာကြရန် တိုက်တွန်းပြောဆိုမှုကြောင့် စစ်ရှောင်နေကြသည့် ၈ လသားအရွယ် မိန်းကလေးငယ်အပါအဝင် ရွာသား ၆ ဦးသည်ရွာကို ပြန်လာရာတွင် ပြန်လည်ရောက်ရှိခြင်းမရှိဘဲ ယခုအချိန်အထိ ပျောက်ဆုံးနေခြင်းဖြစ်သည်။

ဒေသခံရွာသားများ၏ ပြောဆိုချက်အရ ရွာသို့ ပြန်ဝင်လာစဉ် ရွာအဝင်လမ်းမအနီးတွင် တပ်စွဲနေထိုင်သည့် စစ်အုပ်စုတပ် ခြေမြန်တပ်ရင်း ခမရ ၅၄၅ စစ်ကြောင်းက ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းဖျောက်ထားခြင်းဖြစ်နိုင်သည်ဟု ဆိုကြသည်။

“အဲ့ဒီနေ့က မနက်ပိုင်း ရွာအဝင်ဘက်မှာ စစ်တပ်ဘက်က ၁၀ မိနစ်လောက် သေနတ်ပစ်တာ ကြားရတယ်။ တိုက်ပွဲဖြစ်တာမျိုး မဟုတ်ဘူး၊ သေနတ်ပစ်သံပဲ။ ရွာကအိမ်မှာလည်း သူတို့ ပြန်မရောက်လာဘူး၊ တစ်ပတ်လောက်ကြာတော့ ဖုန်းဆက်မရတာကနေ လိုက်ရှာတာ အခုထိ အစပျောက်ပဲ ဖြစ်နေတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ပျောက်ဆုံးနေသူများမှာ ကော့ဖန်ရ ရွာသား စောမင်းခိုင် အသက် ၄၀ နှစ်၊ နန်းချိုချိုအေး အသက် ၃၉ နှစ်နှင့် သူ့၏ သမီးလေး ၈ လသား နန်းနွေသဇင်တို့ မိသားစုအပြင် စောမြင့်ဦး အသက် ၃၂ နှစ်၊ ဦးကြာဘီအသက် ၄၃ နှစ်နှင့် ဦးအပေါက် အသက် ၇၃ နှစ်တို့ဖြစ်ကြောင်း ရွာသားများက ပြောသည်။

“ကျမတို့ကတော့ စစ်တပ်က ပစ်သတ်လိုက်တယ်လို့ပဲ ထင်တယ်။ အခုထိ အစရှာမရဘူး၊ သူတို့ ဖုန်းတွေကိုလည်း ဆက်မရ၊ လူအလောင်းလည်း လိုက်ရှာတာ မတွေ့ရဘူး။ စစ်တပ်နေရာတွေ၊ ထောင်တွေ၊ ရဲစခန်းတွေလည်း ရှာတယ်။ သတင်းမရဘူး။ ရွာဘက်လည်း ပြန်မရဲသေးတော့ နေရာစုံကို လိုက်ရှာမရဲသေးဘူး၊ နာရေးလည်း မလုပ်ရသေးဘူး။ ရွာလည်း ပြန်မနေရဲသေးဘူး” ဟု သတင်းပျောက်နေသူ နန်းချိုချိုအေး၏ မိသားစုဝင် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

အဆိုပါ ကော့ဖန်ရ ရွာမှ စစ်အုပ်စု စစ်ကြောင်းမှ သတ်ဖြတ်အလောင်းဖျောက်ဖျက် ပျောက်ဆုံးနေသည့် ကျေးရွာသား ၆ ဦးကိစ္စအား မိသားစုဝင်များမှ ဇန်နဝါရီ ၃၁ ရက်အထိ စစ်အုပ်စု အုပ်ချုပ် ရေးဘက်နှင့် ရဲစခန်း၊ စစ်တပ်တပ်ရင်းများအပါအဝင် တောင်ကလေး အကျဉ်းထောင် စသည့် နေရာများတွင် ဖမ်းဆီးထိန်းသိမ်းထားခြင်း ရှိ၊ မရှိကို စုံစမ်းခဲ့သော်လည်း အဆိုပါနေရာများတွင် ဖမ်းဆီးထိန်းသိမ်းခံထားရခြင်းမရှိကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိအချိန်တွင် စစ်အုပ်စုက ကော့ဖန်ရ၊ ထီဖိုးစံ၊ မိဖာလဲ့၊ အောက်ဘိုတဲ၊ နောင်ကိုင်း ကျေးရွာများဘက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA မဟာမိတ် ပူးပေါင်းတပ်များနှင့် နေရာစုံတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

စစ်အုပ်တပ်က စစ်ရေးအရ မြဝတီ-ဒေါန တောင်လမ်းဟောင်းလမ်းပိုင်းအား ထိန်းချုပ်ပြီး အာရှကုန်သွယ်ရေး လမ်းမကြီးအား ပြန်လည်ဖွင့်လှစ် အသုံးပြုနိုင်ရန် ထိုးစစ်ဆင်နေသည့်အတွက် တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေကြောင်း သိရသည်။

ကေအိုင်စီ