NUG က ဝန်ကြီးဌာန ၅ ခု လျော့ချပြီး ယခင်လူဟောင်းများဖြင့် အပြောင်းအလဲလုပ်

By MPM 9 ဒီဇင်ဘာ, 2025 👁

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တွင် ယခင်က ဝန်ကြီးဌာန ၁၇ ခုရှိသည့်အနက် ငါးခုကို ဖြုတ်ချကာ ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ဖြုတ်ချလိုက်သည့် ဝန်ကြီးဌာနများမှ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးသတင်းချက်လက်နှင့်နည်းပညာ၊ စီးပွားကူးသန်းရောင်းဝယ်ရေး၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာ နှင့် အလုပ်သမား ဝန်ကြီးဌာနတို့ ဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာနကို လူသားစာနာထောက်ထားရေး ဝန်ကြီးဌာနတွင် ပေါင်းကာ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ယခင်က ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနနှစ်ခုတွင် ပြည်ထောင်စုဝန်ကြီးတာဝန်ယူထားသည့် ဒေါက်တာဇော်ဝေစိုးကို ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ၏ ဝန်ကြီးအဖြစ် ခန့်ထားပြီး ထိုဝန်ကြီးဌာနများတွင် ယခင်က ဒုဝန်ကြီးဖြစ်ကြသည့် ဒေါက်တာရွှေပုံ နှင့် ဂျာထွယ်ပန် တို့က ကျန်းမာရေးဝန်ကြီးနှင့် ပညာရေးဝန်ကြီးများ ဖြစ်လာကြသည်။

ယခုဖွဲ့စည်းပုံတွင် မပါဝင်လာတော့သည့် ဝန်ကြီးဌာနငါးခု၏ ဝန်ကြီးများဖြစ်သည့် နော်စူစန်နာလှလှစိုး၊ ဒေါ်ခင်မမမျိုး၊ နိုင်ထွန်းဖေ (ခ) နိုင်သုဝဏ္ဏ၊ ဒေါက်တာဆာဆာ၊ ဦးထင်လင်းအောင်နှင့် ဒုဝန်ကြီး ဒေါ်အိသဥ္ဇာမောင်တို့သည် ယခု ထုတ်ပြန်သည့်ရာထူးတာဝန်များတွင် မပါဝင်တော့ချေ။

ယင်းအပြင် ယခင် နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဒုဝန်ကြီး ဦးချစ်ထွန်း တို့လည်း မပါဝင်တော့ပေ။

NUG အစိုးရကို သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ ဇော်ဝေစိုး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးရည်မွန်၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ လျန်မှုန်းဆာခေါင်း တို့ ဖြင့် ဖွဲ့စည်းလိုက်သည်။

ထို့အပြင် တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးသိန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါ်ဇင်မာအောင်နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးတင်ထွန်းနိုင်၊ လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ ဝင်းမြတ်အေး တို့ကို တာဝန်ပေးထားသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဂျာထွယ်ပန်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာရွှေပုံ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာတူးခေါင်၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်မျိုးမင်းတို့ကို တာဝန် ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ထားပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့တွင် ဒုဝန်ကြီး နှစ်ဦး၊ ကျန်ဝန်ကြီးဌာနများတွင် တဦးစီ ဒေါက်တာ စိုင်းခိုင်မျိုးထွန်းမှလွဲ၍ ကျန်သူများမှာယခင် ဒုဝန်ကြီးတာဝန်ယူခဲ့သူများဖြင့် ခန့်အပ်ထားသည်။

NUG ကို ၂၀၂၁ ခုနှစ် ဧပြီလတွင် ဝန်ကြီးဌာန ၁၇ ခုဖြင့် ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ဝန်ကြီးဌာန ၁၂ ခုဖြင့် ပြောင်းလဲဖွဲ့စည်းလိုက်သည်။ NUG ကို ပြန်လည်ဖွဲ့စည်း (Reform) ရာတွင် အပြောင်းအလဲများစွာ ရှိလာနိုင်ကြောင်း လူထုက မျှော်လင့်ထားသော်လည်း လက်ရှိတွင် ဝန်ကြီးဌာနအချို့ကို ချုံ့ကာ ယခင်လူများအတိုင်း ဖွဲ့စည်းထားသဖြင့် ပြည်သူများအကြား ဝေဖန်မှုရှိနေသည်။

မဇ္ဈိမ