မိုင်းထိမှန်လို့ ဘယ်ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရတဲ့ ဦးအောင်စံဌေးနဲ့ အင်တာဗျူး
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှာ မိုင်းထိမှန်လို့ ဘယ်ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့သူတစ်ယောက် ရှိနေပါတယ်။ သူ့နာမည်က ဦးအောင်စံဌေးပါ။
သူ မိုင်းအန္တရာယ် ဘယ်လိုကြုံတွေ့ခဲ့ရပါသလဲ။ လက်ရှိမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါသလဲ။ မိုင်းနဲ့ပတ်သက်ပြီး သူ့အနေနဲ့ ပြည်သူတွေကို ပါးချင်တဲ့သတင်းစကားတွေက ဘာတွေလဲ။ ဒီအကြောင်းအရာအပြည့်အစုံတွေကို ဦးအောင်စံဌေးကို မေးမြန်းထားပါတယ်။
မေး။ အစ်ကို့အနေနဲ့ မိုင်းအန္တရာယ်ကို ဘယ်နေရာ၊ ဘယ်ဒေသမှာ၊ ဘယ်ကာလတုန်းက ဘယ်လိုပုံစံမျိုး ကြုံခဲ့ရတာလဲ။ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောပြပေးပါ။
ဖြေ။ ကျနော်ဟာ ၂ဝ၂၃ ခုနှစ်၊ သုံးလပိုင်း တစ်ရက်က မယူကမ်းဒေသ၊ မေယုတောင်တန်းမှာ ဝါးသွားခုတ်ဖို့ သွားပါတယ်။ ပထမတစ်ခေါက်လည်း ဝါးသွားခုတ်ပြီးပါပြီ။ အရင်က အဲ့ဒီနေရာတွေက မိုင်းမရှိပါဘူး။ ကျနော်တို့ မခုတ်ခင် တစ်ရက်နှစ်ရက်အလိုကလည်း တခြားတခြားကျနော်တို့ ရွာအနီးက ရွာတွေကလည်း အဲ့ဒီတောင်ကုန်းတွေမှာတက်ခုတ်ကြပါတယ်။ သူတို့လည်း ခုတ်လို့ရတာပဲဆိုပြီး ကျနော်လည်း အဲ့ဒီမှာတက်ပြီး ဝါးခုတ်တယ်။ ဝါးကတော့ ပြောမယ်ဆို အလုံး ၃၀ လောက် ကျနော်တို့ထမ်းနိုင်ပါတယ်။ ဝါးက ၂၀ ကျော်လောက်ရထားပြီ။ နောက်ထပ် သုံးလေးငါးလုံးလောက်လိုချင်သေးတယ် စိတ်ကတော့။ လိုချင်သေးတဲ့အခါကျတော့ မေယုတောင်တန်း တောင်ကုန်းလေးတယ်။ တက်ပြီးခုတ်ရင်းခုတ်ရင်း ရှေ့ကိုနည်းနည်း ရောက်သွားတယ်။ ရှေ့ကို ရောက်သွားတဲ့ အခါကျတော့ အဲ့ဒီနေရာတွေကို စိတ်ကနည်းနည်းမသန့်ဘူး။ ဒီနေရာတွေက ပြောလို့ရတာမဟုတ်ဘူး မိုင်းဆိုတာရှိတတ်တယ်။ ပြန်လှည့်ရမယ်ဆိုပြီး အပြန်မှာ ထိတာပါ မိုင်းက။
အသွားမှာသာနင်းမိရင် ညာဖက်ခြေထောက်ကိုထိမယ်။ အခုကတော့ ပြန်အလှည့်မှာ ဘယ်ဖက်ခြေထောက်နဲ့နင်းမိတယ်။ နင်းမိတုန်းက မိုင်းတော့ထိမိတာမှန်တယ်။ ဘာဖြစ်သွားပြီလဲမသိဘူး။ မိုင်းအသိပညာပေးတွေလည်း မရှိတဲ့အခါကျတော့ ဘာပါသွားလဲဆိုတာကိုမသိ။ မိုင်းကတော့နင်းမိပြီ လတ်တလောမှာ။ ယမ်းနံ့တွေကလည်း နံနေတဲ့အခါ မှောက်လျက်လဲပါတယ် ကျနော်။ မှောက်လျက်လဲတဲ့အခါ ကျနော် စဉ်းစားတယ်။ ငါဘယ်သူ့ကို အကူအညီတောင်းရင်ကောင်းမလဲပေါ့။ ပထမဆုံး နံပါတ်တစ်သတိရတာကတော့ အမျိုးသမီးကို သတိရပါတယ်။ ဖုန်းလိုင်းမိရင်မိနိုင်တယ်ဆိုပြီး ဘောင်းဘီအိတ်ထဲမှာပါလာတဲ့ ဖုန်းကိုထုတ်ကြည့်တော့ MPT ဖုန်းလိုင်းမိပါတယ်။ အမျိုးသမီးကို အကြောင်းကြားတယ်။ ငါ မယူတောင်ထက်မှာ ဝါးခုတ်နေတာ။ ဝါးခုတ်နေရင်း မိုင်းနင်းမိသွားပြီ။ ရွာထဲက ပရဟိတလူငယ်များအသင်းကို တချက်ပြောပေး။ လာပြီးကူညီပေးပါအုံး။ မိုင်းနင်းမိပြီး ငါခြေတစ်ဖက်ပြတ်သွားပြီ။ တချက်ကူညီပေးပါအုံးလို့ ပြောပေးခိုင်းတော့ ကျနော့်အမျိုးသမီးက ရွာကလူတွေကို ပတ်ပြီး ဒီလိုဒီလိုပဲ ကူညီပေးကြပါအုံး ပြောတဲ့အခါကျတော့ စေတီပြင်ကလူငယ်တွေက အားလုံး တစ်ရွာလုံးနီးပါးပါပဲ။ အများအားဖြင့်တော့ ပရဟိတလူငယ်အသင်းက ဦးဆောင်ရာမှာ နံပါတ်တစ်ကပါပါတယ်။ အဲ့ဒီပုဂ္ဂိုလ်တွေက ဦးဆောင်ပြီး တခြားရပ်နီးရွာနီးက လူတွေလည်းပါကြပါတယ်။ ကျနော်က တောင်ကုန်းပေါ်မှာဆိုတော့ ချရတာက အခက်အခဲရှိကြပါတယ်။ ဝါးကလည်း တောင်ကုန်းပေါ်မှာမှ ကြီးပါတယ်လေ။ အဲဒီတော့ ပြန်ပြီးချတဲ့အချိန်မှာ အခက်အခဲ လူကတော့ တွေ့ထားပြီ။
ကျနော် မိုင်းထိတဲ့အချိန်ဆို မနက် ၉ နာရီခွဲမှာနင်းမိတာ။ ၉ နာရီခွဲကနေဆို ကျနော့်ကို လာတွေ့ကြတာ ၁၂ နာရီလောက်မှာ၊ ၃ နာရီလောက်ဟာ တစ်ယောက်တည်း အလူးအလဲနဲ့ ကိုယ်က မိုင်းအသိပညာပေးလည်း မရှိတဲ့အခါ အဆင်ပြေသလို ထွက်နေတဲ့သွေးတွေကို တတ်နိုင်သလောက် ဉာဏ်မီသလောက်ကို စည်းလိုက် သုတ်လိုက် လုပ်နေတာ။ နောက်ဆုံး လူတွေနဲ့ တွေ့ကြပါတယ်။ ကူဖို့လာတဲ့ လူတွေနဲ့ တွေ့တာတောင်မှ အခက်အခဲတွေ အများကြီးနဲ့ ချခဲ့ရပါတယ်။ ကြားထဲမှာ စေတီပြင်ပရဟိတအသင်းကဆိုရင် ကားရော၊ လူရော အများကြီး ကူညီကြတယ်။ ပံ့ပိုးကြတယ်။ ဒါကြောင့် ကျနော်လည်း အသက်ရှင်ခဲ့တယ်။ များသောအားဖြင့်က ကိုယ့်ကိုကိုယ်တောင် သိပ်မသေချာတော့ဘူး စိတ်တွေကလေ။ ဒါပေမယ့် မဖြစ်သေးဘူး။ ဘာပဲဖြစ်ဖြစ် သတိမမေ့တာကတော့ ကံကောင်းတယ်ပြောရမယ်။ သတိကတော့ ရှိနေတယ်။ သွေးထွက်လွန်သွားတဲ့အခါ စကားတွေမပြောနိုင်တော့ဘူး။ ဘယ်သူဘာလုပ်နေတယ်။ ဘယ်သူ ဘာပြောနေတယ်ဆိုတာကို နားက ကြားနေတယ်။ ပါးစပ်ကတော့ ပြန်မပြောနိုင်တော့ဘူး။ ဒီအခက်အခဲတွေကိုတော့ ကျနော် မိုင်းထိတဲ့အချိန်နဲ့ ကူညီကြတဲ့အခါမှာ ခုနကပြောသလို အခက်အခဲတွေတော့ ရင်ဆိုင်ခဲ့ရပါတယ်။
မေး။ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာဟာ ကန့်သတ်တားမြစ်ထားတဲ့နေရာလား။ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာလား။ လက်နက်ကိုင်တွေ တပ်စွဲခဲ့တဲ့နေရာလား။ တိုက်ပွဲဖြစ်ခဲ့/လက်နက်ကိုင်တွေတပ်စွဲခဲ့တဲ့နေရာ အနီးတဝိုက်က နေရာတွေလား။ ဒီနေရာကို မသွားလာခင်မှာ မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်ကို ထည့်သွင်းစဉ်းစားပြီး သတိပြုဆင်ခြင်ခဲ့တာရောရှိခဲ့ပါလား။
ဖြေ။ အဲဒီအနီးအနားမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက အပစ်အခတ်ရပ်စဲထားတဲ့ကာလဖြစ်တယ်။ သူတို့နဲ့လည်း ပေ ၆ဝဝ ခန့်ဝေးတယ်။ မိုင်းမရှိလောက်ဆိုပြီးသွားတဲ့အချိန် နင်းမိခဲ့တာပါ။ ဒီနေရာဟာ မိုင်းတော့ရှိတတ်မယ်။ ရှိရင်လည်း ဒီနေရာဟာ သူတို့နေထိုင်တဲ့နေရာနဲ့ ဝေးတဲ့အတွက် မိုင်းရှိမှာမဟုတ်ဘူးဆိုပြီးတော့ ကျနော်က အဲဒီနားမှာ ဝါးသွားခုတ်တာဖြစ်ပါတယ်။
မေး။ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆေးကုသမှုအခြေအနေကရော ဘယ်လိုတွေရှိခဲ့ပါလဲ။ NGO/INGO ဒါမှမဟုတ် အရပ်ဖက်အဖွဲ့အစည်းတွေက ကူညီပေးခဲ့တာမျိုးရော ရှိပါလား။
ဖြေ။ ကျနော့်ကို မိုင်းထိလို့ စေတီပြင်ပရဟိတအသင်းက ကားနဲ့ စေတီပြင်ဆေးရုံကို ပထမဆုံးယူခဲ့တယ်။ စေတီပြင်ဆေးရုံကိုရောက်တော့ သွေးလွန်နေတာတွေ၊ နောက်ပြီး ယမ်းစတွေကို အတတ်နိုင်ဆုံးဖယ်ရှားကြတယ်။ ဆေးသွင်းကြတယ်။ သွေးသွင်းကြတယ်။ အဲ့ဒီနောက်ပိုင်း ၄ နာရီလောက်ရှိမယ်။ ကျနော့်က ၁ နာရီလောက် ဆေးရုံကိုရောက်တယ်။ ညနေ ၄ နာရီလောက်မှာ ICRC က စပိဘုတ်လေးတစ်စီးနဲ့ ကျနော့်ကို ရေချမ်းပြင်ဆိပ်ကမ်းအထိပို့တယ်။ နောက်ပြီး စစ်တွေဆေးရုံကြီးရောက်ပါတယ်။ စစ်တွေဆေးရုံရောက်တော့လည်း သွေးထွက်လွန်ထားတဲ့အခါကျတော့ ဘာမှမသိလိုက်တော့ဘူး။ စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။ ICRC တို့က ကျနော့်ကို ထောက်ပံ့ငွေအချို့ပေးခဲ့ပါတယ်။ နောက်ပြီး စေတီပြင်လူငယ်များပရဟိတအဖွဲ့က ထောက်ပံ့ပေးခဲ့တယ်။ နောက်ပြီး အဝေးရောက် တခြားသော အလှူရှင်တွေလည်း ထောက်ပံ့ပေးခဲ့ပါတယ်။
မေး။ မိုင်းထိပြီးနောက် နေ့စဉ်လူမှုဘဝကို ဘယ်လိုရိုက်ခက်မှုတွေရှိခဲ့လဲ။ ဒီကာလကို ဘယ်လိုမျိုး ရင်ဆိုင်ကျော်ဖြတ်နေရလဲ။
ဖြေ။ မိုင်းမထိခင် ကျနော်က တခြားတခြားသော ဘာအလုပ်မဆို ကိုယ်က လုပ်ပေးနိုင်တဲ့အဆင့်ရှိတယ်။ မိသားစုအပေါ်မှာ တာဝန်ယူနိုင်တဲ့အဆင့်ရှိခဲ့တယ်။ အခု မိုင်းထိသွားတဲ့နောက်ပိုင်းမှာ ကျနော်က မသန်မစွမ်းတဲ့အဖြစ်မျိုးတွေကိုရောက်သွားတော့ အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့လည်း လုပ်နိုင်တာမရှိဘူး။ မိသားစုကလည်း အားလုံး မိသားစုခြောက်ယောက်ရှိပါတယ်ကျနော်တို့မှာ။ မိသားစုခြောက်ယောက်စားဝတ်နေရေးအခက်အခဲတွေကိုလည်း အများကြီးရှိပါတယ်။ နောက်ပြီးတော့ ကျောင်းသားတွေဖြစ်နေကြပါတယ်။ သူတို့ကလည်း တစ်ခုမှမလုပ်တတ်တဲ့အရွယ်တွေပါ။ အားလုံးက ကျောင်းသား။ ဆိုတော့ ကျနော့်အမျိုးသမီးကတော့ ဈေးဆိုင်ငယ်လေးရောင်းပြီးတော့ သူလုပ်တာကိုပဲ လက်ရှိမှာ မှီခိုပြီး စားသောက်နေရပါတယ်။ တခြားတခြားသောလုပ်ငန်းဆိုတာကလည်း ကျနော်က မသွားတတ်၊ မလာတတ်တော့ အများကြီးအခက်အခဲတွေရှိပါတယ် စားဝတ်နေရေးအတွက်။ မိုင်းထိပြီး လေးလတောင်မပြည့်သေးဘူး။ မိုခါမုန်တိုင်းက ဝင်တိုက်တယ်။ မိုခါမုန်တိုင်းက ဝင်တိုက်တော့ အိမ်က လုံးဝပြိုထွက်သွားပါတယ်။ အိမ်ပြိုထွက်သွားတော့ ကျနော်တို့ပတ်ဝန်းကျင်ကနေပြီးတော့ လုပ်ပေးကြပါတယ်။ အစစအရာရာလေးတွေကို။ သူတို့က တတ်နိုင်သလောက်ပေါ့နော်။ ဓနိမိုးအိမ်လေးတွေကို ဝါးတွေနဲ့ သူတို့က ဝိုင်းဝန်းပြီးတော့ လုပ်ပေးကြတယ်။ လက်ရှိမှာလည်း အဲဒီမှာပဲ နေနေရတာပါ။ စားဝတ်နေရေးကတော့ အများကြီး ရိုက်ခတ်မှုရှိပါတယ်။
ဘာလို့လဲဆိုတော့ ကျနော်တို့က သားသမီးတွေကလည်း ကျောင်းတက်နေကြတဲ့အရွယ်ဆိုတော့ ကျောင်းလခလို့တစ်မျိုး။ သူတို့ဝတ်ဖို့၊ စားဖို့၊ ကလေးဆိုတာက ကိုယ်ကသာ မဝတ်ဘဲ နေလိုက်လို့ရတယ်။ မစားဘဲ နေလိုက်လို့ရတယ်။ သားသမီးတွေကျတော့ စားချင်တယ်။ သူများဝတ်ရင် ဝတ်ချင်တယ်။ အဲလိုမျိုးလေးတွေရှိပါတယ်။ အဲဒါလေးတွေကို အများကြီး ခံစားချက်လေးတွေလည်း ဖြစ်မိပါတယ်။ ဒါကြောင့် သားသမီးတွေကို ပေးချင်ရဲ့။ မပေးနိုင်ဘူး။ တစ်လတစ်လ ကျောင်းလခတွေပေးရမဲ့အချိန်ကျနေပြီ။ မေမေရေ၊ ဖေဖေရေ ကျောင်းလခပေးရတော့မယ်။ တစ်လကုန်ပြီဆိုတော့ တစ်ခါတစ်ခါ အဲဒါတွေမှာ အများကြီးထိပါတယ်ရင်ထဲမှာ။ ဘာလို့ဆိုတော့ သားသမီးတောင်းလို့ ကိုယ်က မပေးနိုင်ဘူး။ မပေးနိုင်တော့ တခြားတခြားသော ကိုယ့်လုပ်ငန်းဆိုတာလည်း လက်ရှိ သန်သန်မာမာလူတွေတောင်မှ လုပ်ငန်းပိုင်းဆိုင်ရာမှာ လုပ်လို့အဆင်မပြေနိုင်တဲ့ကာလတွေလည်းဖြစ်ပါတယ်။ ဒီကာလတွေက။ ဆိုတော့ အဲဒီကြားထဲမှာ ကျနော့်လို မသန်စွမ်းတဲ့လူတစ်ယောက်အတွက်ကတော့ ပြောစရာမရှိတော့ဘူး။ အခက်အခဲကတော့ အများကြီးရှိပါတယ်။ ကျနော့်အမျိုးသမီးဆိုရင် မုန့်ရောင်းပါတယ်။ ကလေးကလည်း ပြောရမယ်ဆိုရင် ကျနော် မိုင်းမထိခင် ဗိုက်ထဲမှာပါ။ ကိုယ်ဝန်ဆောင်ထားတုန်းပါသူက။ ဆိုတော့ အခုဆိုရင် အဲဒီကလေးက နှစ်နှစ်ကျော်ကျော်လေးပဲရှိပါသေးတယ်။ ကလေးတစ်ဘက်နဲ့။ မိုးမလင်းခင်ထရတယ်။ အလုပ်တွေလုပ်ရတယ်။ သူလည်း ပင်ပန်းတယ်။ ကိုယ်ကလည်း မလုပ်ပေးနိုင်။ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေလည်း အများကြီး ကျနော့်အနေနဲ့ အရမ်းကြီး စိတ်ပင်ပန်းတယ်။ ကိုယ်ပင်ပန်းတယ်။ ကိုယ်ပင်ပန်းတယ်ဆိုတာထက် စိတ်ပင်ပန်းမှုတွေများပါတယ်။ စိတ်ဖိစီးမှုတွေများတယ်။
အမျိုးသမီးကတော့ ရွာဦးမှာထွက်ပြီးတော့ မုန့်တီဆိုင်လေးရောင်းပါတယ်။ မုန့်တီဆိုင်လေးဆိုတာကလည်း လက်ရှိကာလမှာ မဝရေစာလေးပါပဲ။ စားဖို့ဟာတောင်မှ မဖူလုံနိုင်။ အဲဒီကြားထဲမှာ ဝတ်မှုဆိုတာတစ်ခု လာသေးတယ်။ သားသမီးတွေ ဝတ်စားဖို့အတွက်၊ နောက်ပြီးရင် နေမှု။ နေမှုဆိုတာကလည်း လက်ရှိ ကျနော်တို့အိမ်ဆိုတာကလည်း မိုခါတိုက်ပြီးနောက်ပိုင်း မဆောက်နိုင်လိုက်တော့ဘူး။ ဒီဟာဟာ ကြက်ရုံလေးလို့ ရုံလေးတစ်ရုံကို ပြန်ပြီးတော့ မွမ်းမံပြီးတော့ နေကြတာပါ။ အထဲမှာ ကြမ်းခင်တောင်မှ မရှိပါဘူး။ ပြောရမှာလည်း အားနာဖို့ ကောင်းပါတယ်။ ကြမ်းတောင်မှ မရှိဘူး။ ဝါးလေးတွေစီပြီး အဲလိုနေတာပါ။ အဲဒီကြားထဲမှာ အများအားဖြင့် ကလေးတွေနဲ့ပတ်သက်လို့ စိတ်ခံစားမှုတွေ ပိုပြီးတော့များတယ်။ သားသမီးနဲ့ပတ်သက်လို့။ ဘာလို့ဆို သားသမီးတွေက လကုန်ရင် ပိုက်ဆံလိုချင်တယ်သူတို့က။ သူများသားသမီးတွေ သူတို့နဲ့အရွယ်တူတွေ ကျောင်းတက်နေကြတယ်။ အဲဒီအရွယ်တူတွေနဲ့၊ သူငယ်ချင်းတွေနဲ့ကျောင်းတက်နေလို့ သူငယ်ချင်းတွေမှာ ကျောင်းလခလေးတွေပေးနိုင်လိုက်ပြီ။ ကျနော်တို့သားသမီးလေးတွေက မပေးနိုင်သေးဘူးဆိုတော့ သူတို့အနေနဲ့လည်း အားငယ်ချက်တွေဖြစ်တယ်။ သူတို့ကနေပြီးတော့ ကလေးစိတ်နဲ့ မိဘကိုမှီခိုချင်တဲ့စိတ်နဲ့ ဖေဖေရေ ကျောင်းလခလိုပြီ၊ မေမေရေ ကျောင်းလခလိုပြီ။ လိုပြီဆိုတာကိုတော့ မိဘကို သားသမီးတွေအနေနဲ့ကတော့ ပြောလို့ရတယ်။ သို့သော် မိဘအခြေအနေက ပြန်ပြီးလုပ်ပေးနိုင်မှာကတော့ မတတ်နိုင်။ လောလောဆယ် မတတ်နိုင်။ မတတ်နိုင်ဆိုတော့ အရမ်းကြီးခံစားရတာတွေရှိပါတယ်။ မိုင်းထိပြီးနောက်ပိုင်းကတော့ စိတ်ရော၊ ကိုယ်ရော အားလုံး အခက်အခဲတွေကတော့ အများကြီးရှိပါတယ်။ အဲဒီကြားထဲမှာလည်း ဘာပဲဖြစ်ဖြစ် ကိုယ့်အားငယ်ချက်တွေကိုမထားဘဲ ငါဟာ အသက်ရှိနေသရွေ့ ရှင်သန်လို့ရသေးတာပဲ။ ဘာပဲဖြစ်ဖြစ် ခြေထောက်တစ်ချောင်းနဲ့လည်း ရှင်သန်လို့ရသေးတယ်။ အဲလိုမျိုး စိတ်ဓာတ်လေးတွေနဲ့ နေ့စဉ်ဘဝတွေကို အခက်အခဲအများကြီးနဲ့ ဖြတ်သန်းခဲ့ရပါတယ်။
မေး။ မိုင်းထိပြီးနောက် လိုအပ်တဲ့ ခြေတုအပါအဝင် ငွေကြေးနဲ့ အသုံးအဆောင်ပစ္စည်းတွေကော အဖွဲ့အစည်းတွေက လာထောက်ပံ့တာရှိလား။ ထောက်ပံ့တာမရှိဘူးဆိုရင် လက်ရှိမှာ ဘယ်လိုမျိုး သွားလာလှုပ်ရှားနေရလဲ။
ဖြေ။ လက်ရှိအခြေအနေကတော့ ICRC က ထုတ်ပေးထားတဲ့ ဒီလက်ထောက်လေးနဲ့ပဲ သွားလာနေရပါတယ်။ ခြေတုလက်တုကတော့ ICRC ကတော့ ကျနော်မိုင်းထိတဲ့အချိန်ကတော့ ICRC ကနေပြီးတော့ အရပ်အမောင်းနဲ့ ပေတွေ ဘယ်လောက်ဘယ်လောက်လိုအပ်မယ်ဆိုတဲ့ လိုအပ်ချက်လေးတွေကို သူတို့က သူတို့ဆီမှာတော့ မှတ်တမ်းတွေတော့ရှိခဲ့ပါတယ်။ သို့သော်လည်း တိုက်ပွဲကာလဖြစ်ခဲ့တဲ့အတွက် ခြေတုလည်း မရလိုက်တော့ဘူး။ ဒါကြောင့် အခုလက်ရှိကတော့ လက်ထောက်ကလေးနဲ့ပဲ သွားလာနေရတာဖြစ်ပါတယ်။
မေး။ ဒီမတိုင်ခင် မိုင်းအန္တရာယ်နဲ့ပတ်သက်ပြီး အသိပညာပေးတွေ ရရှိဖူးလား။ ကြားဖူး၊ ဖတ်ဖူး၊ လေ့လာဖူးတာမျိုး ရှိပါလား။
ဖြေ။ ကျနော်မိုင်းထိတဲ့ကာကတော့ အဲလို တိုက်ပွဲကာလကလည်း အရမ်းကြီးမဖြစ်သေးတော့ မိုင်းအန္တရာယ်အသိပညာပေးဆိုတာလည်း မရှိသေးဘူး။ အဓိကတော့ ဘယ်လိုပြောရမလဲ။ ပေါ့ပေါ့ပါးပါး အဲလို ကိုယ့်ဒေသတွေမှာလည်း အဲလို အန္တရာယ်တွေမရှိသေးတော့ ပေါ့ပေါ့ပါးပါးလည်း နေဖြစ်ကြပါတယ်။
မေး။ မိုင်းအန္တရာယ်နဲ့ပတ်သက်ပြီး အစ်ကိုတို့ရဲ့ဒေသမှာ အာဏာပိုင်တွေနဲ့ သက်ဆိုင်ရာလူမှုအဖွဲ့အစည်းတွေက ဘာတွေလုပ်ပေးဖို့လိုအပ်နေလဲ။
ဖြေ။ သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ အာဏာပိုင်တွေအနေနဲ့ အရမ်းကို လုပ်ပေးဖို့လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ မိုင်းထိသွားတယ်ဆိုတော့ ကျနော်ဟာ ကိုယ်တိုင်ခံစားရတဲ့အတွက် နောက်လူတွေကိုလည်း ဒီအဖြစ်မျိုးတွေကို မကြုံစေချင်ဘူး။ အဲဒီဒေသတွေမှာ အထူးသဖြင့် အဲဒီနေရာတွေကိုမသွားဖို့၊ တကယ်လို့များ စားဝတ်နေရေးအတွက် သွားရတော့မယ်ဆိုရင်တောင်မှ ကောင်းကောင်းကြီး သတိကြီးကြီးနဲ့နေပြီးတော့ အဲဒါတွေကို ရှောင်ရှားပြီးတော့ သွားစေချင်ပါတယ်။
မေး။ မိုင်းအန္တရာယ်နဲ့ပတ်သက်ပြီး တခြားလူတွေကိုကော ဘယ်လိုမျိုး သတိပေးချင်လဲ။
ဖြေ။ မိုင်းအန္တရာယ်ကတော့ အရမ်းကြောက်ဖို့ကောင်းပါတယ်။ ကျနော်ကိုယ်၌ခံစားရလို့လည်း အရမ်းကြီးကြောက်ဖို့ကောင်းပါတယ်။ သူများတွေကိုလည်း မဖြစ်စေချင်ပါဘူး။ ကျနော်ကိုယ်၌ကလည်း ဒီအဖြစ်တွေဟာ ဒီဘဝ ဒီမျှနဲ့ပဲ ပေးဆပ်မှုရှိရင်လည်း ကျေပါလေတော့၊ ဝဋ်ကြွေးရှိရင် ကျေပါလေတော့။ အဲလိုမျိုး ဆုတောင်းတယ်။ နောက်ပြီးရင် ပြည်သူလူထုအပေါ်မှာ အထူးသဖြင့် မိုင်းတွေဟာ ပရမ်းပတာထောင်ထားခဲ့ကြတယ်။ အများအားဖြင့်ပြောရမယ်ဆိုရင် စည်းမဲ့ကမ်းမဲ့လုပ်ခဲ့တာတွေ အများကြီးရှိပါတယ်။ အဲဒါတွေကို လုံးဝမသွားကြပါနဲ့။ တကယ်လို့ သွားရတော့မယ်။ စားဝတ်နေရေးအခက်အခဲအမျိုးမျိုးကြောင့်သွားရတော့မယ်ဆိုရင်လည်း အထူးသဖြင့် သတိကြပါလို့ ကျနော်ပြောချင်ပါတယ်။
နိရဉ္စရာ
