မိုင်းအန္တရာယ်လျှော့ချရေးသင်တန်းဆရာမ ခိုင်စံဝင်းနှင့် အမေးအဖြေ
ရခိုင်အပါအဝင် မြန်မာတစ်နိုင်ငံလုံးက အရပ်သားပြည်သူတွေဟာ သူသတ်မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် နေ့စဉ်ရက်ဆက် ကိုယ်လက်အင်္ဂါပျက်စီးမှုတွေနဲ့ ကြုံနေရသလို အသက်သေဆုံးမှုလည်း အများအပြားရှိနေပါတယ်။
ရခိုင်မှာဆိုရင် ဒီ ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ စက်တင်ဘာလအထိ မိုင်းနဲ့စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သားသေဆုံးသူ ၁၇ ယောက်နဲ့ ဒဏ်ရာရသူ ၇၂ ယောက်အထိရှိခဲ့တယ်လို့ နိရဉ္စရာက ကောက်ယူထားတဲ့စာရင်းအရ သိရပါတယ်။
ဒါကြောင့် ဒီနေ့မှာတော့ မိုင်းအန္တရာယ်လျှော့ချရေးသင်တန်းဆရာမတစ်ယောက်ဖြစ်သလို ရခိုင်မှာ အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းတွေပေးနေတဲ့ မခိုင်စံဝင်းကို သူ့ရဲ့မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းအသိပညာပေးလုပ်ဆောင်မှုအတွေ့အကြုံတွေ၊ ရခိုင်အပါအဝင် မြန်မာတစ်နိုင်ငံလုံးက အရပ်သားပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ လူသတ်မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေနဲ့ပတ်သက်လို့ သတိပြုရမယ့်အချက်တွေကို နိရဉ္စရာသတင်းဌာနက မေးမြန်းတင်ဆက်ပေးသွားမှာပါ။
မေး- မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်း (UXO) သင်တန်းဆရာအဖြစ်လုပ်နေတာ ဘယ်လောက်ကြာပြီလဲ။ ဒီအလုပ်ကို စတင်လိုက်ရတဲ့ အကြောင်းရင်းဆိုရင်ရော ဘာဖြစ်မလဲ။
ဖြေ- သင်တန်းဆရာအဖြစ်နဲ့ စပြီးလုပ်လာတာကတော့ ၂၀၁၉ ကနေ စပြီးလုပ်ဖြစ်တာပေါ့။ ၂၀၁၉ ကနေ ၂၀၂၂ အထိ လေးနှစ် တောက်လျှောက်ကတော့ မိုင်းအန္တရာယ်အသိပညာပေးနဲ့ ပတ်သက်တာတွေကို တောက်လျှောက်ပေးဖြစ်တယ်။ ၂၀၂၂ နောက်ပိုင်းမှာတော့ နောက်ထပ်စီမံကိန်းတစ်ခုဖြစ်တဲ့ အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းနဲ့ပတ်သက်ပြီးတော့ လုပ်နေတဲ့အတွက် ချုပ်ပြီးပြောရရင်တော့ လုပ်လာတာက ခုနစ်နှစ်လောက်ရှိပြီ။ ဒါပေမဲ့ ရှေ့ပိုင်း လေးနှစ်ကတော့ မိုင်းနဲ့ပတ်သက်တာကို အဓိကလုပ်ဖြစ်တယ်။ နောက်မေးခွန်းတစ်ခုကို ဖြေရမယ်ဆိုရင် ၂၀၁၈ လောက်မှာ ကျွန်မတို့နေရပ်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင်အနေနဲ့ အခြားနေရာကို ပြောင်းနေခဲ့ရတယ်။ စစ်ဘေးရှောင်စခန်းမှာ နေရင်းနဲ့ပဲ စစ်ဘေးရှောင်စခန်းအနီးတဝိုက်မှာရှိတဲ့ စခန်းက အချက်အလက်တွေကို ကောက်ပြီးတော့ အခုကျွန်မ အလုပ်လုပ်နေတဲ့ အဖွဲ့ကို ပေးပို့တာတွေရှိတယ်။ အဲဒီလိုလုပ်နေရင်းကနေတဆင့် အဲဒီအဖွဲ့မှာ ရခိုင်ပြည်နယ်မှာ ပထမဆုံးဖြစ်တဲ့ မိုင်းအန္တရာယ်နဲ့ပတ်သက်တဲ့ အသိပညာပေးစီမံကိန်းကို ကျွန်မတို့အဖွဲ့ကနေ ရရှိခဲ့တယ်။ အဲဒီအချိန်မှာ အဖွဲ့မှာရှိတဲ့ Volunteer(စေတနာ့ဝန်ထမ်း) ၂၅ ယောက်ထဲကမှ ခြောက်ယောက်ကို သင်တန်းဆရာအဖြစ်နဲ့ ရွေးချယ်ခဲ့တယ်။ အဲ့ဒီခြောက်ယောက် ရွေးချယ်တဲ့အထဲမှာ ကျွန်မပါခဲ့တဲ့အတွက် သင်တန်းဆရာအဖြစ် စပြီးလုပ်ဖြစ်တယ်။ ဒါကတော့ စီမံကိန်းအနေနဲ့ လုပ်ဖြစ်ခဲ့တာလို့ ပြောရပါမယ်။ ဒါပေမဲ့ ကျွန်မနေတဲ့နေရာမှာတော့ တိုက်ရိုက် မိုင်းနဲ့ပတ်သက်ပြီး အသက်သေဆုံးတာတော့မရှိဘူး။ ကျွန်မတို့နေတဲ့ နေရာနဲ့အနီးတဝိုက် နှစ်မိုင်၊ သုံးမိုင်လောက် အကွာမှာရှိတဲ့ ကျေးရွာတွေမှာတော့ မိုင်းကြောင့် သေဆုံးတာတွေ၊ ထိခိုက်တာတွေ အမြဲတမ်းလိုလိုရှိနေတဲ့အတွက် တခြားအလုပ်လုပ်တွေထက်ပိုပြီးတော့ ဒီအလုပ်ကို လုပ်သင့်လုပ်ထိုက်တယ်ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားပြီးတော့ လုပ်ဖြစ်ခဲ့တာဖြစ်ပါတယ်။
မေး – ရခိုင်ပြည်နယ်အတွင်း မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းအန္တရာယ်အဆင့်အတိုင်းအတာက ဘယ်လောက်ရှိသလဲ။ အများအားဖြင့် အရပ်သားတွေ ထိခိုက်စေတဲ့ ပစ္စည်းတွေဆိုရင် ဘာတွေဖြစ်မလဲ။ (ဘယ်လိုပုံစံနဲ့ ထိခိုက်ခံစားရတာများသလဲ)
ဖြေ- ဟုတ်ကဲ့။ ဒီမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ အခုကာလနဲ့က အသေးစိတ်ဖြေဖို့ အခက်အခဲရှိပါတယ်။ အင်တာနက်လိုင်းတွေအဆင်မပြေဘူး၊ ဖုန်းလိုင်းတွေ ပြတ်တောက်သွားတဲ့အချိန်မှာ ဘယ်နေရာမှာ လူတွေ ဘယ်လောက်အထိ ထိခိုက်နေတယ်ဆိုတာကိုတော့ အတိအကျဖြေဖို့တော့ ခက်ခဲတယ်။ ဒါပေမဲ့ သေချာတာကတော့ ရခိုင်ပြည်နယ်မှာ အမြဲတမ်း လတိုင်းနီးပါးကိုက မိုင်းကြောင့် ထိခိုက်သေဆုံးမှုတွေ အများကြီးရှိနေတယ်။ ဒါကို မြင်သာအောင် ပြောရမယ်ဆိုရင်တော့ ကျွန်မတို့ ပထမဦးဆုံး မိုင်းအန္တရာယ်နဲ့ အသိပညာပေး စီမံကိန်း စလုပ်တဲ့အချိန်မှာဆိုရင် အဲ့ဒီသင်တန်းတွေပေးတဲ့အခါမှာ ထိခိုက်ဒဏ်ရာရရှိတာနဲ့ပတ်သက်ပြီး ရခိုင်မှာ ဥပမာပေးစရာမရှိဘူး။ ဥပမာပေးတဲ့အချိန်မှာ ကချင်တို့၊ ကရင်တို့ဘက်က ဖြစ်ခဲ့တဲ့ ထိခိုက်မှုတွေနဲ့ ပတ်သက်ပြီးတော့ပဲ ဥပမာ ပေးခဲ့ရတယ်။ ဒါပေမဲ့ ၂၀၁၉-၂၀၂၀ ကို ရောက်လာတဲ့အခါမှာ ရခိုင်ပြည်မှာ မိုင်းကြောင့်ထိခိုက်မှုကို ကြည့်လိုက်မယ်ဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မိုင်းထိခိုက်တဲ့လူဦးရေရဲ့ ၄၇ ရာခိုင်နှုန်းက ရခိုင်ကနေဖြစ်နေတယ်။ ပြောချင်တာက ဟိုနှစ်ပေါင်းများစွာ တိုက်ပွဲဖြစ်လာတဲ့နေရာတွေကို ရခိုင်မှာ ထိခိုက်တဲ့ဦးရေဟာ တဟုန်ထိုး ကျော်တက်သွားတာမျိုးပေါ့နော်။ ဆိုလိုချင်တာကတော့ ဒီလိုထိခိုက်မှုတွေဟာ နေ့စဉ်နဲ့အမျှရှိနေတယ်။
တိုက်ပွဲတွေ ဖြစ်ဖြစ်ချင်းမှာ မမြင်ရပေမဲ့ အချိန်ကြာလာသည်နဲ့အမျှ ထိခိုက်မှုက တဆထက်တဆ တိုးလာတာကို မြင်ရတယ်။ ကျွန်မတို့အရင်တုန်းကဆိုရင် လူထိခိုက်တာဆိုရင် ဘယ်နေရာမှာ ဘယ်လောက်ထိ ထိခိုက်တယ်၊ ဘယ်လိုပုံစံမျိုး ထိခိုက်ခဲ့တယ်၊ ဘာကြောင့်ထိခိုက်တယ်ဆိုတာကို အသေးစိတ် ထိခိုက်ခံရတဲ့သူရဲ့ မိသားစုတွေနဲ့ ထိခိုက်ခံရတဲ့လူကိုယ်တိုင်ကိုက ပြောချင်တဲ့ဆန္ဒရှိရင် ဖုန်းဆက်ပြီးတော့ မေးမြန်းတာမျိုးတွေရှိတယ်။ ဒါပေမဲ့ ဒီနောက်ပိုင်းမှာက အဲဒီလို မေးဖို့အတွက် အဖက်ဖက်က စိန်ခေါ်မှုတွေရှိနေတယ်။ ထိခိုက်စေတဲ့ပစ္စည်းကို ပြောရမယ်ဆိုရင် အကုန်လုံးကတော့ တနည်းနည်းနဲ့ ဒုက္ခပေးတာပါပဲ။ အဲဒီအထဲမှာမှ လူကြီးပိုင်းတို့ လူလတ်ပိုင်းတို့ကို ကြည့်မယ်ဆိုရင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တာက ပိုများပြီးတော့ ကလေးတွေကို ကြည့်လိုက်မယ်ဆိုရင် စစ်ကျန်လက်နက်တွေကို ကောက်ကိုင်တာ၊ ဆော့တာ၊ တခုခုနဲ့ ထုခွဲတာ အဲ့ဟာတွေကနေ ကလေးတွေက ပိုပြီးထိခိုက်တာတွေကိုတော့ သတိထားမိပါတယ်။
မေး- သင်ပေးနေတဲ့ မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်း အသိပညာပေးသင်တန်းမှာ ဘယ်လိုအကြောင်းအရာတွေကို အဓိကထားသင်ကြားပေးသလဲ။ သင်တန်းသားတွေ (ကျေးရွာသူတွေ၊ ကလေးတွေ၊ အသက်ကြီးသူတွေ) အနေနဲ့ ဘယ်လိုတုံ့ပြန်ကြသလဲ။
ဖြေ- ကျွန်မတို့ သင်တန်းပေးတဲ့အခါမှာ အဓိက ပုံစံနှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးကတော့ သင်တန်းဆရာအဖြစ်နဲ့ ပေးတာပေါ့။ သူ့ကို သင်တန်းပေးလိုက်တဲ့အခါမှာ သူကိုယ်တိုင်က ဆရာဖြစ်သင်တန်းကို တတ်မြောက်ပြီးတော့ သူကနေတဆင့် တခြားသူတွေကို အသိပညာ ဗဟုသုတတွေကို ဆင့်ပွားပြီး ပေးနိုင်အောင်အထိ ပို့ချတာပေါ့နော်။ ဒီဟာက သုံးရက်ကနေ ငါးရက်အထိ ကြာမြင့်တဲ့ သင်တန်းတွေရှိမယ်။ နောက်တစ်မျိုးကတော့ သုံးနာရီကနေ ငါးနာရီအထိကြာတဲ့ တစ်ရက်တာ သင်တန်းတွေပါ။ အဲ့ဒီသင်တန်းက တခြားသူကို ပြန်ပြီးပို့ချနိုင်တဲ့ အဆင့်တော့မရှိဘူး။ ဒါပေမဲ့ သူကိုယ်တိုင်က အဲ့ဒီအန္တရာယ်တွေနဲ့ပတ်သက်ပြီးတော့ ဗဟုသုတရသွားမယ်။ မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်ကို ရှောင်ရှားနိုင်အောင် ပေးတဲ့ပုံစံဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။
အဲဒီထဲမှာဆိုရင် ခုနက အစ်မမေးတဲ့ ဘယ်လိုတုံ့ပြန်မှုတွေရလဲဆိုတာပေါ့နော်။ သေချာတာကတော့ မိုင်းနဲ့ပတ်သက်ပြီးတော့ သင်တန်းတွေပေးလိုက်တဲ့အချိန်မှာ အကုန်လုံးနီးပါးတူညီတာတစ်ခုက ဒါက ဒီလောက်တောင် ကြောက်စရာ ကောင်းတာလား၊ အရင်တုန်းက ဒီလောက်ကြောက်စရာကောင်းမယ်ဆိုတာ မသိခဲ့ပါလား။ သူတို့ကိုယ်သူတို့ ကြောက်စိတ်တွေနဲ့ ဒီအန္တရာယ် ဘယ်လိုရှောင်ရှားရမယ်ဆိုပြီး ကြောက်စိတ်ဝင်သွားတာကိုလည်း တွေ့ရပါတယ်။ ဒီအထဲကမှ အမှတ်တရဖြစ်တဲ့ အကြောင်းအရာတစ်ခုကိုလည်း ပြောပြချင်ပါတယ်။ ကျွန်မတို့ သင်တန်းပေးတဲ့အခါ များသောအားဖြင့် လူကြီးပိုင်းကို ပေးတယ်။ လူလတ်ပိုင်းကိုပေးတယ်။ လူငယ်ဆိုရင်တောင်မှ ကလေးတွေကို ပေးတဲ့အချိန်မျိုးမှာ အနည်းဆုံး အဲ့ကလေးက အသက် ၁၂ နှစ်ရှိရမယ်၊ ၁၃ နှစ်ရှိရမယ်ဆိုတဲ့ ကန့်သတ်ချက်ရှိတယ်။ လွန်ခဲ့တဲ့ ငါးနှစ်၊ ခြောက်နှစ်လောက်က လေးနှစ်၊ ငါးနှစ်အရွယ်ကလေးတစ်ယောက်ကို မိုင်းပုံလေးတွေပါတဲ့ ဗလာစာအုပ်ကို လက်ဆောင်ပေးပြီးတော့ အဲ့ဒီသင်တန်းအကြောင်းအရာတွေကို သူ့ကို ပြောပြဖူးတယ်။
သင်တန်းပေးတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး။ ဒါက မြေမြှုပ်မိုင်း၊ ဒါက ယာဉ်ဖျက်မိုင်းဖြစ်တယ်၊ ဒါတွေက ဘယ်လောက်ထိအန္တရာယ် များတယ်၊ တွေ့ရင် ဘယ်လိုမျိုးရှောင်ရမယ်ဆိုတဲ့အကြောင်းအရာတွေကို သင်ပေးဖူးတယ်။ နောက်ထပ် နှစ်နှစ်လောက်ကြာတဲ့အခါမှာ အဲ့ကလေးရဲ့ တုံ့ပြန်မှုက ဘယ်လိုမျိုးပြောလာလဲဆိုတော့ သူက သူငယ်ချင်းတွေနဲ့ ကစားရင်းနဲ့ မိုင်းလို့ထင်တဲ့ပစ္စည်းတစ်ခုကို ဆော့တဲ့အချိန်မှာ သူကတားတယ်။ ဒါက ကြောက်စရာကောင်းတယ်၊ မဆော့နဲ့ဆိုပြီး တားခဲ့တယ်။ ဒါကို သူ့ရဲ့သူငယ်ချင်းတွေက ဂရုမစိုက်တဲ့အခါမှာ ဖြစ်ချင်ရာဖြစ်တော့ဆိုပြီး လွတ်ရာကို ပြေးလာခဲ့တယ်ဆိုပြီး သူပြောတယ်။ နောက်ထပ် နှစ်နှစ်၊ သုံးနှစ်ကြာတဲ့အခါမှာလည်း သူက ဘာပြန်ပြောလဲဆိုတော့ တချို့လူတွေကြားထဲသွားတဲ့အချိန်မှာ သူတို့တွေက စစ်လက်နက်ပစ္စည်းတွေကို ကိုင်နေကြတယ်၊ အဲ့လို ကိုင်နေကြတဲ့အချိန်မှာ အဲ့နေရာမှာ နေရတာ မပျော်ဘူးလို့ သူက ပြောတယ်။ ဘာလို့မပျော်လဲဆိုတော့ အဲဒီပစ္စည်းတွေကို ကိုင်နေတာမြင်ပြီးတော့ သူ့စိတ်ထဲမှာ သက်သောင့်သက်သာမရှိဘူး။ ကြောက်စိတ်တွေဖြစ်စေတယ်ဆိုပြီး သူပြောပါတယ်။
အဲ့လိုမျိုးတစ်ခါ နောက်တစ်ခေါက် ၂၀၂၅၊ သုံးလပိုင်းလောက်မှာ ရေတွေအရမ်းခမ်းတော့ သူတို့ရဲ့ရွာ ကျောင်းနားက ကန်ကိုတူးတဲ့အခါ စစ်ကျန်လက်နက်ပစ္စည်းတွေကိုတွေ့တော့ အဲ့ကလေးက သူ့အဖွားကို ဘာပြောလဲဆိုတော့ အဲ့ကန်နားမှာရှိတဲ့ဈေးကို မသွားဖို့၊ အဲ့မှာ အန္တရာယ်ရှိတဲ့အတွက် ငါးနဲ့မစားရရင်လည်းနေပါစေ၊ ငါးခြောက်တို့၊ ကြက်ဥတို့နဲ့ သူစားနိုင်ပါတယ်ဆိုပြီးတော့ ပြောခဲ့တယ်လို့ ကျွန်မကို ပြန်ပြောပြတယ်။ အဲဒီလိုမျိုး သူ့ဆီက တောက်လျှောက် တုံ့ပြန်မှုတွေကို သိခဲ့ရတယ်။ သူတကယ်လည်း ကြောက်နေတယ်၊ ဒါကို လေ့လာနေတယ်ဆိုတာမျိုးကို တွေ့ရတယ်။ ကလေးက ဘယ်လောက်ပဲ ငယ်ပါစေ၊ သူ့ရဲ့သင်ယူနိုင်မှု အတိုင်းအတာထဲမှာ ပထမဆုံး Learning လုပ်တဲ့ဟာတွေမှာ ဒီမိုင်းနဲ့ပတ်သက်တဲ့အန္တရာယ်တွေကို ကလေးတွေရဲ့ ဦးနှောက်ထဲကို ထည့်လိုက်နိုင်တယ်ဆိုရင် သူ့ရဲ့ဘဝတစ်လျှောက်လုံးမှာ ဒါနဲ့ပတ်သက်ပြီးတော့ သူရဲ့ လိုက်နာတဲ့၊ လက်ခံကျင့်သုံးတဲ့ အပိုင်းကိုတွေ့ရတယ်ပေါ့နော်။ အဲ့ကလေးနဲ့ပတ်သက်ပြီးတော့ ဒီအမှတ်တရလေးဖြစ်နေတာလေးကို မျှဝေပေးတာပါ။
မေး- ဟုတ်ကဲ့။ ဒါကတော့ ဒီမိုင်းအသိပညာပေးသင်တန်းရထားတဲ့ကလေးနဲ့ မရထားတဲ့ကလေးတွေကြား ဘယ်လောက်ထိကွာခြားမှုရှိတယ်ဆိုတဲ့အနေအထားကိုတော့ ပိုပြီးမြင်သာစေတာပေါ့နော်။ ကျွန်မတို့ ဒီသင်တန်းပေးပြီးတဲ့နောက်မှာ သူတို့တွေရဲ့ တုံ့ပြန်မှုကရော ဘယ်လိုတွေရှိလဲပေါ့နော်။ ဒါလေးလည်း တစ်ချက် သိချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေဆိုလို့ရှိရင်တော့ သိသိသာသာဆိုတာမျိုးမြင်ရတယ်ပေါ့နော်။ တချို့ဟိုလူကြီးတွေ ကျတော့လည်း သူတို့မှာစားဝတ်နေရေးလည်း အခက်အခဲရှိတဲ့အခါကျတော့ တစ်ဖက်မှာလည်း ဒီမိုင်းအန္တရာယ်ကို သိရင်တောင်မှပဲ မဖြစ်မနေသွားကြရတယ်ဆိုတဲ့အနေအထားမျိုးတွေကို လည်း ကျွန်မတို့ကြားရ၊ မြင်ရတယ်ပေါ့နော်။ အစ်မတို့အနေနဲ့ကရော ဘယ်လိုမျိုးတွေတွေ့ရသေးလဲပေါ့။
ဖြေ- ဒီမေးခွန်းလေးကိုမဖြေခင် ပထမဆုံးပေါ့နော်။ ဟိုလွန်ခဲ့တဲ့လေးငါးရက်လောက်က ဒီအသိမိတ်ဆွေတစ်ယောက်က စပြီးတော့ပြောတဲ့တစ်ခုရှိတယ်ပေါ့နော်။ သူခရီးသွားတဲ့ လမ်းဘေးမှာ သတိပေးထားတယ်ပေါ့နော်၊ ဘာကြောင့်ရပ်ရပ် လမ်းဘေးချရပ် အဲ့လိုမျိုးဆိုင်းဘုတ်တွေ့တယ်။ လမ်းဘေးချရပ်မယ်လုပ်လိုက်တော့လဲ လမ်းဘေးမှာမိုင်းရှိတယ်ပေါ့။ အဲ့လိုမျိုးဆိုတော့ ငါတို့က လမ်းဘေးကိုချရပ်ရမှာလား၊ မရပ်ဘူးလားပေါ့နော်။ အဲ့လိုမျိုးရွေးချယ်ရခက်တဲ့အပိုင်းတွေကလည်း လူကြီးရွယ်တွေမှာ အများကြီးတွေ့ရတာတွေရှိတယ်။ ဒါကတော့ ခုနက အစ်မပြောခဲ့သလိုပဲပေါ့။ လူကြီးတွေကကျလို့ရှိရင် လူငယ်တွေထက်ပိုပြီးတော့ သူတို့ရဲ့ဘဝမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေက ပိုပြီးတော့များတယ်။ တချို့ဆိုရင်လဲ အန္တရာယ်ရှိတာကိုသိတယ်။ သိပေမဲ့လည်း ဟို မဖြစ်သာဘူးပေါ့နော်။ ငါမသွားရင် ဒီမိသားစုက ငတ်ပြီးသေမှာ။ ငါသွားရင် ငါသေမှာ။ ဘာလို့လဲဆိုတော့ နှစ်ခုကတစ်ခုကို ရွေးချယ်ရမှာပဲဆိုတဲ့ အနေအထားတွေနဲ့စွန့်ပြီးတော့လုပ်တာတွေရှိတယ်။ ဒါပေမဲ့ တချို့ကအဲ့လိုအနေအထားက အကုန်လုံးဟုတ်နေတာမဟုတ်ဘူး။
တချို့က အသိပညာဗဟုသုတတွေ ရသွားတဲ့အခါမှာ တချို့ဆိုရင်ရှိပါတယ်၊ အရင်တုန်းကဆိုရင် သူတို့သင်တန်းတွေဘာတွေမှာ သူတို့ပြန်ပြောတာပေါ့။ အရင်တုန်းကဆိုရင် လက်နက်တွေတွေ့တဲ့အတွက် သူတို့ကအဲ့ဒီလက်နက်တွေကိုကောက်ကိုင်ပြီးတော့ ဆောင့်ပြီးတော့ ပစ်ချလိုက်တဲ့အခါမှာ လက်ကလွတ်သွားတဲ့အခါမှာ ပေါက်ကွဲပြီးတော့ အပင်တွေဘာတွေပြတ်ထွက်သွားတာ။ ဒါပေမဲ့ လူကတော့ ဘာမှမဖြစ်လိုက်ဘူးပေါ့နော်။ ဒါပေမဲ့ အဲ့ဒီအရာတွေကို သူတို့က ဒီသင်တန်းတက်ပြီးတဲ့ နောက်ပိုင်းမှာ ဟာ ငါတို့လုပ်ခဲ့တဲ့အရာတွေက အရမ်းကိုအန္တရာယ်ရှိပါလား ဆိုပြီးတော့လည်း အသိစိတ်တွေဝင်ပြီးတော့ အများကြီး သူတို့ကို သူတို့ နောက်ပိုင်းပြန်ဆင်ခြင်ပြီးတော့ ဖြစ်သွားတာတွေရှိတယ်။ အသိတရားတွေအများကြီးရသွားတာတွေရှိတယ်။ ပြီးလို့ရှိရင် တချို့ဒီလူကြီးတွေဆိုရင် သင်တန်းမှာပေးတဲ့အတိုင်းပဲပေါ့နော်။ စစ်ကျန်လက်နက်တစ်ခုခုတွေ့ပြီဆိုရင် သူတို့က အဲ့ဒီတွေ့တဲ့နေရာကို ဒီတခြားသူတွေမှတ်မိအောင်အတွက် အမှတ်အသားတွေလုပ်တယ်ဆိုတာကို သူတို့ပြန်ပြောပါတယ်။ ဓာတ်ပုံရိုက်ပြီးတော့ ပြန်ပြီးတော့ပြတာတွေရှိတယ်။ သူတို့ကိုယ်တိုင် ကိုင်တွယ်တယ်ဆိုတာထက် တာဝန်ရှိတဲ့သူတွေကိုပဲ သူတို့လွှဲပြောင်းဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတွေကိုလည်း သူတို့ ပြန်ပြီးတော့ သင်တန်းဆရာတွေကို ပြောပြတာတွေ ရှိပါတယ်။
မေး- ဟုတ်ကဲ့ပါ။ သင်တန်းပေးခဲ့တဲ့အခါမှာ သင်တန်းသားတွေရဲ့တုံ့ပြန်မှုပေါ့လေ။ နောက်ကျွန်မသိချင်တာက အခုအစ်မတို့အဲ့လိုမျိုး သင်တန်းပေးဖို့ဆိုပြီးတော့ မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီးတော့ သင်တန်းပေးဖို့အတွက် လုပ်ဆောင်ကြတဲ့အချိန်မျိုးမှာရော ဒီဒေသခံတွေ၊ အရပ်သားတွေ၊ လူကြီးမိဘတွေရဲ့ စိတ်ပါဝင်စားမှုအနေအထားကရော ဘယ်လိုမျိုးရှိလဲပေါ့နော်။ ကျွန်မတို့တချို့ ဟိုဟာတွေရှိတယ်။ အဓိကအားဖြင့် ဒီမိုင်းနဲ့စစ်ကျန်လက်နက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ ဟိုအသိပညာပေးဖို့ခေါ်တာမျိုးတွေဆိုရင် တချို့ကလည်း တက်တက်ကြွကြွရှိတာမျိုးတွေလည်းရှိသလို တချို့တော့လည်း အဲ့လိုမျိုး သိပ်ပြီးတော့ ဒါကတော့ မလိုပါဘူးကွာဆိုတာမျိုးတွေလည်း ရှိတယ်ဆိုတာမျိုးတွေလည်း သိရတယ်ပေါ့နော်။ အစ်မရဲ့အတွေ့အကြုံနဲ့ အခုလိုမျိုးပေါ့။ သူတို့အနေနဲ့ စိတ်ပါဝင်စားမှုရှိကြလား။ ဘယ်လိုမျိုးတွေရှိကြလဲဆိုတာလေး တစ်ချက် သိချင်ပါတယ်။
ဖြေ- ဟုတ်။ မိုင်းနဲ့ပတ်သက်ပြီးတော့ သင်တန်းတောက်လျှောက်မပေးတာဆိုရင် နှစ်နှစ်လောက်တော့ရှိပြီ။ လူတွေက သင်တန်းတက်ရမယ်လို့ ပြောလိုက်လို့ရှိရင် အများစုကတော့ ဘာသင်တန်းလဲဆိုတာတော့ သူတို့မေးကြတယ်။ အဲ့အချိန်မှာ ဖြေတဲ့ဟာ တစ်ခုတော့ရှိတယ်။ ဘာသင်တန်းလဲဆိုတော့ တိုတိုနဲ့လိုရင်း “ မိုင်းသင်တန်း” လို့ ပြောလိုက်တဲ့အခါမှာ လူတွေက ဘယ်လိုမျိုးထင်ကြလဲဆိုတော့ တချို့လူတွေက “ မိုင်းဖောက်ဖို့ သင်မလားမသိဘူး။ မိုင်းထောင်ဖို့သင်မလားမသိဘူး။ မိုင်းဖော်ဖို့ပဲ သင်မလားမသိဘူး” ဆိုတဲ့ information ကို detail မရတဲ့အတွက် ကြောက်ပြီးတော့ မတက်တဲ့သူတွေရှိတယ်။ ဒါပေမဲ့ သေချာရှင်းပြနိုင်တဲ့အခါမျိုးမှာတော့ သူတို့က လာပြီးတော့ပေါ့နော်။ စိတ်ဝင်တစားနဲ့ ဒီသင်တန်းအပေါ်မှာ လာပြီးတော့ တက်ကြတဲ့သူတွေရှိတယ်။ ဒါပေမဲ့ စီမံကိန်းအရလုပ်တဲ့ အလုပ်တွေမှာ အကုန်လုံးက ကန့်သတ်ချက်ရှိတယ်။
ကန့်သတ်ချက်ရှိတယ်ဆိုတာ ကျွန်မတို့ ပထမဆုံးလုပ်ခဲ့တာဆိုရင် မြို့နယ် ခြောက်မြို့နယ်မှာ လုပ်တယ်ဆိုပေမဲ့ မြို့နယ်ခြောက်မြို့နယ်ထဲကမှ ရွာပေါင်း ၃၀ ကိုပဲ ဆွဲထုတ်လိုက်တယ်။ အဲ့ဒီရွာပေါင်း ၃၀ ထဲကမှ တစ်ရွာက လူနှစ်ယောက်ကိုပဲ ရွေးထုတ်ရတဲ့ အဲ့ဒီလူနှစ်ယောက်က တကယ်တမ်း ဒီ သင်တန်းကိုရဖို့ဆိုတာက တစ်ရွာလုံးမှာ လူပေါင်း ၂၀၀ လောက်ရှိရင် ရှိမယ်။ ၃၀၀ လောက်ရှိရင်ရှိမယ်။ အဲ့ဒီ ၃၀၀ ထဲကမှ အမှန်တကယ်စိတ်ဝင်စားတဲ့သူ ၁၀၀ ရှိရင်တောင်မှ တိုက်ရိုက် ဒီသင်တန်းကို မပေးနိုင်တဲ့ အခက်အခဲတွေပေါ့နော်။ အဲ့ဒါကြောင့် နှစ်ယောက်ကိုပဲ ရွေးလိုက်ရတယ်။ အဲ့ဒီနှစ်ယောက်ကမှတစ်ဆင့် ကျန်တဲ့သူ အယောက် ၃၀ ကို ပေးတဲ့အခါမျိုးမှာလည်း သူတို့က သင်တန်းအချက်အလက်တွေကောင်းကောင်း မရသွားတဲ့ အနေအထားမျိုးမှာ သင်တန်းဆရာက တိုက်ရိုက်ပေးတာလောက်ထိ အာနိသင်မရှိတာတွေလည်း ရှိတယ်။ ဒုတိယတစ်ခေါက်ဆိုလည်း အဲ့ဒီသင်တန်း လုပ်ခဲ့တာ အဲ့လိုမျိုးပေါ့။ ရွာပေါင်း ၄၀- ၅၀ ဆိုတာ ခေါင်းစဉ်တပ်လိုက်တာ။ ဒါပေမဲ့ ၄၀- ၅၀ ထဲက အကုန်လုံးသွားပြီးတော့ ပေးနိုင်တာ မဟုတ်ဘူးလေ။ အဲ့ဒီ ၄၀- ၅၀ ထဲကမှ လူနှစ်ယောက်၊ သုံးယောက်လောက်ကိုမှ ခွဲပြီးတော့ TOT အနေနဲ့ ပေးပြီးတော့ သူကနေတစ်ဆင့်သွားတဲ့အခါမှာ ပြည်သူတွေရဲ့ တကယ်တမ်း သူတို့လိုအပ်တယ်ဆိုရင်တောင်မှ အဲ့ဒီလိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့အပိုင်းမှာတော့ အများကြီး မိုင်းအန္တရာယ်တွေနဲ့ပတ်သက်တဲ့ သင်တန်းတွေမှာ အသိပညာပေးတဲ့အထဲမှာ အခက်အခဲတွေ အတားအဆီးတွေ အများကြီးရှိနေဆဲပဲ။
မေး- ဟုတ်ကဲ့ပါ။ ဒါကတော့ အစ်မရဲ့အတွေ့အကြုံနဲ့ ဖြတ်သန်းခဲ့ရတဲ့အနေအထားလေးတွေနဲ့ယှဉ်ပြီး ပြောခဲ့တယ်။ နောက်ထပ်မေးခွန်းတစ်ခုကိုတော့ ကျွန်မက ဒီ မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်နဲ့ပတ်သက်ပြီးတော့ မေးချင်တယ်။ ပရိသတ်တွေကိုလည်း ကျွန်မတို့ မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်ဟာ ဘယ်လောက်ထိကြီးမားလဲပေါ့နော်။ ဒီလိုမျိုး ပစ္စည်းတွေကို တွေ့တဲ့အခါမှာရော မလုပ်သင့်တဲ့အရာတွေဆိုရင် ဘာတွေဖြစ်မလဲ။ ဘယ်လိုမျိုး အန္တရာယ်ကင်းအောင် လုပ်ဆောင်သင့်လဲဆိုတာလည်း တစ်ချက် ဖြေကြားပေးပါဦးရှင်။
ဖြေ- မိုင်းနဲ့ စစ်ကျန်လက်နက်တွေရဲ့ အန္တရာယ်လို့ ပြောလိုက်တယ်ဆိုလို့ရှိရင်တော့ အဆိုးဆုံးအနေအထားကတော့ လူတွေရဲ့ အသက်၊ လူမှမဟုတ်ပါဘူး။ တိရစ္ဆာန်တွေ၊ လူတွေရဲ့အသက်ကို သေဆုံးစေနိုင်လောက်ထိ အဲ့ဒီအသက်မှာ တခါတလေကျလို့ရှိရင် အစုလိုက်အပြုံလိုက် အသက်ကို သေစေနိုင်လောက်တဲ့ထိ ကြောက်စရာကောင်းတယ်။ ပြီးလို့ရှိရင် အဲ့ဒီအဆင့်က နည်းနည်းလေးလျှော့လိုက်တယ်ဆိုရင်တောင်မှ လူတွေက မွေးလာတော့ အကောင်းကြီးမွေးလာတယ်။ ဒါပေမဲ့ အဲ့ဒီပစ္စည်းတွေကြောင့် ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်ရတဲ့အနေအထားကို တစ်ဘဝလုံး သေဆုံးသွားရတဲ့အထိ ထိခိုက်မှုတွေကို ကြုံရတယ်။ နောက်ဆုံး ဘာမှမဖြစ်ဘူးဆိုရင်တောင်မှ နှစ်ရှည်လများ ရောဂါဝေဒနာတွေကို ကြာရှည်ပေါ့နော်။ ခံစားရတဲ့အထိ အဲ့ဒီအရာတွေက ကြောက်စရာကောင်းတယ်။ အဲ့ဒီပစ္စည်းတွေကို ထုတ်လုပ်ထားတဲ့ ရည်ရွယ်ချက်ကိုယ်တိုင်ကလည်း လူတွေကို ဒုက္ခရောက်စေဖို့၊ လူတွေကို သေဆုံးစေဖို့၊ ထိခိုက်နာကျင်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေပါတဲ့အတွက် အဲ့ဒီရည်ရွယ်ချက်တွေအတိုင်း အဲ့ဒီပစ္စည်းတွေကတော့ အမျိုးမျိုး ဒုက္ခပေးနေတာပေါ့။
အဲ့ဒီပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ အန္တရာယ်ကို ဘယ်လိုရှောင်မလဲဆိုရင်တော့ အတတ်နိုင်ဆုံး တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေ သွားလာလှုပ်ရှားတဲ့နေရာတွေ၊ ပြီးလို့ရှိရင် စခန်းချခဲ့တဲ့နေရာတွေ၊ မိုင်းအန္တရာယ်ရှိနိုင်တယ်လို့ သံသယရှိတဲ့နေရာတွေကို မသွားပါနဲ့။ တစ်ခါတစ်လေမှာ ဆိုင်းဘုတ်တွေကပ်ထားတာတွေရှိတယ်။ လူသွားလူလာနည်းတဲ့ လူလုံးဝအသုံးမပြုတဲ့ နေရာတွေ၊ လမ်းတွေရှိတယ်။ အဲ့ဒီနေရာတွေကို လုံးဝ မသွားဖို့လိုတယ်။ ဘယ်လိုပုံစံမျိုးနဲ့ အမှတ်အသားတွေလုပ်ထားတယ်ဆိုတာကိုလည်း အသေအချာလေး လေ့လာစောင့်ကြည့်ပြီးတော့ ဒေသခံကိုမေးမြန်းပြီးတော့ အတတ်နိုင်ဆုံးတော့ အဲ့ဒီနေရာတွေကို ရှောင်ရှားဖို့ရယ်၊ လုံးဝကို မရှောင်ရှားဘဲ မဖြစ်မနေပုံစံမျိုးနဲ့ သေရေးရှင်ရေး အဲ့ဒီနေရာတွေကနေ သွားရမယ်ဆိုရင်တောင်မှ ကျွမ်းကျင်တဲ့ အဲ့ဒီဒေသမှာ တကယ်ကျွမ်းကျင်တဲ့လူတွေကို အကူအညီတောင်းပြီးတော့ သွားဖို့ရယ်ပေါ့နော်။ ပြီးလို့ရှိရင် တစ်နေရာရာမှာ စစ်ကျန်လက်နက်နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ မိုင်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် သံသယဖြစ်ဖွယ်ပေါ့နော်။ အဲ့ဒီဟာကြီး ဖြစ်နေမှမဟုတ်ဘူး။ အဲ့ဒီဟာလိုထင်ရတဲ့ သံသယဖြစ်ဖွယ်ပစ္စည်း တစ်ခုခုကိုတွေ့ခဲ့ရင်လည်း လုံးဝကြီးကို မထိဖို့၊ မကိုင်ဖို့၊ ဝေးဝေးမှာပဲ နေပြီးတော့ တခြားသူတွေကိုလည်း အဲ့ဒီနေရာ၊ အဲ့ဒီလမ်းက အန္တရာယ်ရှိတယ်ဆိုတဲ့ သတင်းအချက်အလက်တွေကိုမျှဝေပေးဖို့ အဲ့ဒါလေး ပြောချင်ပါတယ်။
မေး- ရခိုင်မှာ မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့အန္တရာယ်ကတော့ ကြီးမားတယ်ဆိုတာကတော့ အချက်အလက်တွေအရလည်း အများကြီးသိရတယ်။ မြေပြင်မှာဖြစ်နေတဲ့အနေအထားတွေအရလည်း အများကြီးသိရတယ်။ ကျွန်မနောက်ထပ် သိချင်တဲ့တစ်ခုအနေနဲ့ ဆိုလို့ရှိရင် ရခိုင်မှာပေါ့နော်။ အထူးသဖြင့် တွေ့ရတဲ့ မိုင်းနဲ့ စစ်ကျန်လက်နက်အမျိုးအစားဆိုရင်ရော ဘာတွေဖြစ်မလဲ။
ဖြေ- ဒီမေးခွန်းကိုဖြေဖို့လည်း ကျွန်မ စောစောကပြောခဲ့သလိုပဲ။ သတင်းအချက်အလက်က ဘယ်လောက်ရာခိုင်နှုန်း ရှိသလဲ။ အဲ့လိုမျိုး ဒေတာ အချက်အလက်က သေချာကောက်ထားတာ မရှိတဲ့အတွက်ကြောင့် ကျွန်မတို့ လက်လှမ်းမမီတဲ့ အချက်အလက်ပေါ်မှာ အခြေခံပြီးတော့ ပြောရမယ်ဆိုရင်တော့ အဓိကတွေ့ရတဲ့ဟာကတော့ မြေမြှုပ်မိုင်းပါပဲ။ စက်ရုံကနေထုတ်တဲ့ မိုင်းအမျိုးအစားတွေရှိမယ်။ ပြီးလို့ရှိရင် လက်နက်တွေကနေပြီးတော့ ပစ်လွှတ်လိုက်တဲ့ အမျိုးမျိုးကြောင့် မပေါက်ကွဲဘဲ ကျန်ခဲ့တဲ့ စစ်ကျန်လက်နက်တွေရှိမယ်။ ဒီနှစ်ခုမှာလည်း နည်းနည်းကွာခြားချက်တော့ နည်းနည်းရှိတယ်။ ကျွန်မရဲ့အတွေ့အကြုံအရဆိုရင် မြေမြှုပ်မိုင်းက နင်းလိုက်တယ်ဆိုရင် နင်းလိုက်တဲ့သူ တစ်ယောက်အပြင် အနီးနားမှာရှိတဲ့သူတွေကို ဒဏ်ရာရစေတယ်။ နင်းလိုက်တဲ့သူကတော့ ဒဏ်ရာ ကြီးရင်ကြီးသလောက် အသက်သေဆုံးမှုတွေရှိတယ်။ ဒါပေမဲ့ စစ်ကျန်လက်နက်တွေက သူတို့ရဲ့ အရွယ်အစားက အမျိုးမျိုးရှိတယ်လေ။ ဥပမာ လက်ပစ်ဗုံးလိုဟာတွေရှိတယ်။ ပြီးလို့ရှိရင် ၄၀ မမတို့၊ ၆၀ မမ၊ ၁၂၀ မမတို့ပေါ့နော်။ အဲ့ဒီ လက်နက်တွေက ကြီးရင်ကြီးသလောက် ပေါက်ကွဲအားကလည်းများတဲ့အတွက် တစ်ယောက်က အဲ့ဒီလက်နက်ကို ကိုင်လိုက်တယ်ဆိုပေမဲ့ အဲ့ဒီလူရဲ့အနီးအနားမှာရှိတဲ့လူပေါင်း များစွာကိုလည်း ထိခိုက်စေနိုင်တဲ့အတွက် ဒါတွေက အရမ်းကိုကြောက်စရာကောင်းတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ဆိုရင်တော့ စစ်ကျန်လက်နက်တွေနဲ့ မြေမြှုပ်မိုင်းအမျိုးအစားတွေကတော့ ပုံစံအမျိုးမျိုးနဲ့ တွေ့ရပါတယ်။
မေး- ရခိုင်မှာ မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး အသိပညာပေးတဲ့ အစီအစဉ်တွေကတော့ လုပ်ဆောင်မှုတွေရှိတယ်ဆိုတာမျိုးတော့ သိရတယ်ပေါ့နော်။ အခုလိုမျိုး လက်ရှိ လုပ်ဆောင်နေတဲ့အနေအထားက လုံလောက်မှုရှိရဲ့လား။ ဘာကြောင့်လဲ။ ဘယ်လိုအနေအထားမျိုးရှိလဲ။ ဒါလေးလည်း တစ်ချက်သိချင်ပါတယ်။
ဖြေ- လုံလောက်မှုရှိလားဆိုတဲ့မေးခွန်းကိုဖြေရမယ်ဆိုရင်တော့ လုံးဝမရှိဘူးလို့ပဲပြောရမှာပေါ့။ ဘာလို့လဲဆိုတော့ တကယ်တမ်းလုံလောက်မှုရှိမယ်ဆိုရင် အဲ့ဒီ ထိခိုက်ဒဏ်ရာရတဲ့ပုံစံတွေက တစ်နေ့ထက်တစ်နေ့ ပိုပြီး တော့ရှိနေစရာအကြောင်းမှမရှိတာလေနော်။ အဲ့ဒီလုံလောက်မှုမရှိတဲ့အကြောင်းတရားတွေမှာလည်း အများကြီးရှိတယ်ပေါ့နော်။ အကန့်အသတ်တွေအများကြီးရှိတယ်။ ပြီးလို့ရှိရင် အခုဆိုရင် ကမ္ဘာရဲ့ပုံစံကိုက ဒီနှစ်တွေမှာ သိသိသာသာကြီးကို ပြောင်းလဲတာတွေမြင်ရတယ်ပေါ့နော်။ အရင်တုန်းကဆိုရင် နိုင်ငံတစ်နိုင်ငံက လိုအပ်နေတယ်၊ ဆင်းရဲနေတယ်ဆိုလို့ရှိရင် တခြားဒီအဆင်ပြေတဲ့နိုင်ငံတွေက ဝိုင်းပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကိုဖြည့်ပေးရတဲ့အနေအထားတွေရှိတဲ့အခါမှာ ရခိုင်မှာမိုင်းနဲ့ပတ်သက်ပြီးတော့ ဒီလုပ်ဖို့လိုအပ်နေတယ်ဆိုရင် တခြားနိုင်ငံတွေက အဲ့ဒီမိုင်းနဲ့ပတ်သက်ပြီးတော့ အကူအညီထောက်ပံ့မှုတွေကို သူတို့က အားတက်သရော သူတို့က ကူညီပေးတယ်။
အဲ့ဒီမှာ စီမံကိန်းတွေနဲ့အများကြီးလုပ်ရတယ်ပေါ့။ ပိုစတာတွေလုပ်တယ်။ ကလေးတွေအတွက် ဗလာစာအုပ်တွေမှာကအစ မိုင်းနဲ့ပတ်သက်တဲ့ အသိပညာတွေ ကိုထည့်ပေးတယ်ပေါ့နော်။ ဒါပေမဲ့ အခုဒီနှစ်တွေမှာကျလို့ရှိရင် သတိထားမိတာက ကူညီထောက်ပံ့ပေးနေတဲ့ နိုင်ငံတွေမှာကိုယ်တိုင်က သူတို့မှာလည်း သူတို့ဒုက္ခနဲ့သူတို့အများကြီးရင်ဆိုင်နေရတဲ့အခါမှာ ဒီလိုအနေအထားတွေကို လှည့်ကြည့်ဖို့လည်း အဆင်မပြေတော့ဘူးပေါ့နော်။ ဒီကူညီထောက်ပံ့တဲ့သူတွေရှိနေတဲ့ ကာလမှာတောင် ဒီအသိပညာဗဟုသုတပေးတာတွေက မလုံလောက်ဘူးဆိုရင် အခုဆိုရင် အခုဆိုရင် သတိထားမိတာမိုင်းနဲ့ပတ်သက်ပြီးတော့လုပ်နေတာဆိုရင် ရခိုင်မှာ လက်တစ်ဆုပ်စာတောင်မရှိဘူး။ ဒီလိုမျိုး အနေအထားတွေမှာဆိုရင်တော့ ထောက်ပံ့ပေးတဲ့အချိန်မှာတောင် အဆင်မပြေတာကို ထောက်ပံ့ပေးတဲ့အဖွဲ့တွေ နည်းသွားတဲ့အခါမှာ ပိုပြီးတော့ ပြည်သူတွေက ကံမကောင်းစွာနဲ့ပဲ ဒီရဲ့အန္တရာယ်တွေကို ခါးခါးသီးသီးနဲ့ ရင်ဆိုင်နေရတဲ့အနေအထားတွေပါပဲ။
မေး။ စိတ်မကောင်းစရာပဲပေါ့နော်။ ကျွန်မတို့ တကယ့်လိုအပ်နေတဲ့အနေအထားတစ်ခုလည်းဖြစ်တယ်။ လက်ရှိမှာဆိုရင် တိုက်ပွဲတွေဖြစ်နေဆဲနိုင်ငံတစ်ခုလည်းဖြစ်တယ်။ အဲ့ဒါကိုမှ အခုလိုမျိုး မိုင်းနဲ့ပတ်သက်တဲ့ မိုင်းနဲ့စစ်ကျန်လက်နက်နဲ့ပတ်သက်တဲ့ အန္တရာယ်ကလည်း တစ်နေ့ထက်တစ်နေ့မြင့်မားနေတဲ့ အခြေအနေမှာ တောင်မှ ဒါမျိုးတွေကိုမလုပ်နိုင်တဲ့အနေအထားတွေပေါ့လေနော်။ အစ်မအနေနဲ့ဆိုလို့ရှိရင် ဒီမိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့အန္တရာယ်နဲ့ပတ်သက်ပြီး ဒီကနေအသိပညာပေးရမယ်ဆိုရင် တိုတိုတုတ်တုတ်နဲ့ အသိပညာပေးချင်တဲ့ အချက်သုံးချက်က ဘာဖြစ်မလဲ။
ဖြေ- အဓိကတော့ ဒီကာလပေါ့နော်။ ရင်ဆိုင်နေရတာတစ်ခုတည်းနဲ့ကိုတောင်မှ အများကြီးကို ခက်ခဲနေပြီ။ အသက်ရှင်ဖို့ကြိုးစားတာတောင်မှခက်ခဲနေပြီ။ ကျွန်မကြားဖူးတာတစ်ခုရှိတယ်။ လူမျိုးတစ်မျိုးပေါ့နော်။ အဲ့လူမျိုးရဲ့နာမည်တော့မန်းရှင်းမလုပ်တော့ဘူး။ သူတို့က အရမ်းမာနကြီးတယ်။ ဘာလို့မာနကြီးလဲဆိုတော့တဲ့ သူများတွေလိုလည်း ပိုက်ဆံချမ်းသာလို့လည်း မဟုတ်ဘူး။ ဉာဏ်ကောင်းလို့လည်း မဟုတ်ဘူး။ စာတတ်ပေတတ်လို့လည်း မဟုတ်ဘူး။ အစစအရာရာသာနေလို့လည်း မဟုတ်ဘူး။ သူတို့အသက်ရှင်တာတစ်ခုတည်းအတွက်ကို သူတို့ကမာနကြီးနေတာ။ ဘာလို့လဲဆိုတော့ သူတို့အသက်ရှင်ဖို့အတွက် အများကြီးခက်ခဲတွေကြုံနေရတဲ့အတွက်ပေါ့နော်။ ရခိုင်မှာရှိတဲ့သူတွေဆိုလည်း အဲ့လိုပဲမြင်ပါတယ်။
ဘာလို့လဲဆိုတော့ ဒီအသက်ရှင်ဖို့ကြိုးစားနေရတာတစ်ခုတည်းနဲ့တင် တော်တော်ကြီးကိုဒီဘဝက ဂုဏ်ယူစရာကောင်းနေပြီ။ ကျွန်မတို့ရဲ့ဒီနေ့စဉ်ဘဝတွေထဲမှာ လှမ်းနေတဲ့ခြေလှမ်းတိုင်းမှာ ဘယ်တစ်လှမ်းကများ ကိုယ်ရဲ့ဒီအသက်နဲ့ခန္ဓာကို နှုတ်ယူသွားမလဲဆိုတဲ့ မသိတဲ့ ကြောက်စိတ်တွေနဲ့ ရခိုင်ပြည်မှာရှိတဲ့လူတွေရှင်သန်နေရတယ်။ ပြီးလို့ရှိရင် ကောက်ကိုင်လိုက်တဲ့ပစ္စည်း ကိုမဟုတ်ပေမဲ့ တခြားတစ်ယောက်က ကောက်ကိုင်လိုက်တဲ့ဒီပစ္စည်းတစ်ခုခုကများ ကိုယ်ရဲ့ အသက်ခန္ဓာကိုဖျက်ဆီးသွားမလဲဆိုတဲ့ စိုးရိမ်စိတ်တွေ၊ ကြောင့်ကြစိတ်တွေနဲ့ ရခိုင်မှာရှိတဲ့လူတွေက ရှင်သန်နေရတယ်။ နောက်ဆုံးကုန်ကုန်ပြောရမယ်ဆိုရင် အိပ်နေရင်တောင်မှ ကိုယ့်ခေါင်းကို ဘယ်တစ်အခုကများပြုတ်ကျပြီးတော့ ကိုယ့်နဲ့ကိုယ့်မိသားစုရဲ့အသက်ကိုဖျက်ဆီးသွားမလဲ၊ နှုတ်ယူသွားမလဲဆိုတဲ့ မလုံခြုံတဲ့စိတ်တွေနဲ့ နေထိုင်နေရတဲ့ဘဝတွေမှာပေါ့နော်။ ရခိုင်ပြည်မှာရှိတဲ့လူတွေကအကုန်လုံးကို ဂရုစိုက်ဖို့လိုအပ်တယ်။ မြေမြှုပ်မိုင်းနဲ့စစ်ကျန်လက်နက်အပြင် တခြားတခြားသော ကိုယ့်ရဲ့အသက်ကိုခြိမ်းခြောက်နေတဲ့အရာတွေအားလုံးကနေပြီးတော့ လွတ်ကင်းဖို့ဆိုရင် အစစအရာရာကိုဂရုစိုက်ပါ။ သွားသတိ၊ လာသတိ၊ စားသတိ အစစအရာရာကို ကိုယ့်ရဲ့အသက်အန္တရာယ်ကို အမြဲတမ်းခြိမ်းခြောက်နေတဲ့အရာတစ်ခုအဖြစ် အစစအရာရာကိုဂရုစိုက်ကြပါ။ အဓိကတော့ မိုင်းနဲ့ပတ်သက်တဲ့အန္တရာယ်ကို သတိထားပြီးတော့ အတတ်နိုင်ဆုံး မလိုအပ်တဲ့နေရာတွေ၊ လူသွားလူလာမရှိတဲ့နေရာတွေကို မသွားကြဖို့ ပြောချင်ပါတယ်။ ပြီးလို့ရှိရင် တစ်နေ့နေ့ တချိန်ချိန်ကြလို့ နောက်ဆုံးရှင်သန်ခဲ့တဲ့အချိန်မှာ ကမ္ဘာကျော်ကြီးမဖြစ်ရင်နေပါစေ၊ မချမ်းသာချင်နေပါစေ။ ရှင်သန်နေတာတစ်ခုတည်းနဲ့တင် အတူနေထိုင်ပြီးတော့ ဂုဏ်ယူကြရအောင်လို့ ပြောချင်ပါတယ်။
နိရဉ္စရာ
