စစ်အာဏာသိမ်းကာလ (၄) နှစ်ကျော် (၅) နှစ်အတွင်း ရောက်ရှိလာသည်နှင့်အမျှ အာဏသိမ်းစစ်အုပ်စု အပြောင်းအလဲများ၊ တော်လှန်ရေးအင်အားစုများ၏ စုဖွဲ့မှု၊ ဦးစားပေးလှုပ်ရှားမှုနှင့် ဦးတည်ရာ အရွေ့အပြောင်းများသည် ထူးခြားမှုများစွာ ရှိလာခဲ့ပါသည်။ အထူးသဖြင့် အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ မအောင်မြင်သော စစ်အာဏာသိမ်းမှုကို ရွေးကောက်ပွဲအသစ်တရပ် မဖြစ်မနေပြုလုပ်ကာ ထွက်ပေါက်ရှာနေသည်ဟု ဆိုရပါမည်။ တော်လှန်ရေးအင်အားစုများဘက်ကမူ အနှီစစ်အုပ်စု၏ ထွက်ပေါက်တိုင်းကို ပိတ်ဆို့ဟန့်တားနိုင်ရေး လှုပ်ရှားနေကြရင်း နွေဦးတော်လှန်ရေး၏ ဦးတည်ချက်များဖြစ်သော စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆီသို့ အရွေ့အတွန်းများ အရှိန်မြှင့်လုပ်ဆောင်နေကြသည်ကို တွေ့ရပါသည်။ ဖော်ပြပါရွေးထုတ်တင်ပြထားသည့် ဇာတ်ကောင်များသည် ၂၀၂၄ -၂၀၂၅ ခုနှစ်များအတွင်း ထူးခြားသော အရွေ့အပြောင်းများရှိခဲ့သည့် ဇာတ်ကောင်များဖြစ်ပါသည်။