မုန်းမြို့နယ်တွင် လက်နက်ကြီး ၅၀ ကျော် ပစ်ခတ်ခံရ၊ ဒေသခံ ၁ ဦး သေဆုံးပြီး ၆ ဦး ပြင်းထန်ဒဏ်ရာရ

By MPM 15 ဩဂုတ်, 2025 👁

ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၃) နယ်မြေ/ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ် အတွင်းရှိ ကျေးရွာများသို့ ၆ ရက်အတွင်း စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုများနှင့် ဒရုန်းဖြင့် ဗုံးပစ်ခတ်မှုများအား စုစုပေါင်း ၅၀ ကျော် ခံရပြီး၊ အရပ်သားတစ်ဦး သေဆုံးကာ ၆ ဦး ပြင်းထန်သောဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ (ဗဟို) က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်မှ ၁၀ ရက်အထိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းများ (ခမရ-၄၃၉၊ ခမရ-၃၅၁၊ ခမရ-၅၉၉၊ ခမရ-၃၀၇) မှ မုန်းမြို့နယ်ရှိ အရပ်သားများနေထိုင်ရာ ကျေးရွာ ၂၀ ခန့်သို့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုများနှင့် (၁၂၀ မမ) လက်နက်ကြီး (၅၅) ခန့် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။

၎င်းကြောင့် အရပ်သားအသေဆုံးမှုအပြင် လူနေအိမ် (၃) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူဗဟိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကရင်/ဗမာမျက်ရဲကျေးရွာ၊ ကညင်ဒိုင်းကူး၊ ငါးမြစ်ချင်း၊ ဇဟားကြီးနှင့် မအူပင်ကျေးရွာများတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မအူပင်ကျေးရွာမှ အသက် (၂၀) နှစ်အရွယ် ကိုရဲလင်းသူသည် ဗုံးစထိမှန် သေဆုံးခဲ့ပြီး၊ ဦးအောင်ကိုလင်း၊ ဒေါ်နန်းဘို၊ ဦးအောင်သန်းဇော်နှင့် ကိုဇေယျာမျိုးတို့သည်လည်း လက်နက်ကြီးကျည်စထိမှန်မှုကြောင့် ပြင်းထန်သောဒဏ်ရာများ ခံစားရကြောင်း ကေအဲန်ယူထုတ်ပြန်ချက်အရ သိရသည်။

မုန်းမြို့နယ်မှ ကေအဲန်ယူ၏ ပြောရေးဆိုခွင့်ရှိသူက “လက်ရှိ စစ်တပ်ဘက်က လပတ်ကို သွားတိုက်ခိုက်ပြီးကတည်းက ဒရုန်းတွေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာပဲ။ မုန်းမြို့အရှေ့ဘက်အပြင်၊ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းမှာပါ ပစ်ခတ်တာများလာပြီး ထိခိုက်ဒဏ်ရာ၊ သေဆုံးမှုတွေ ဖြစ်နေတာပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဆောထိမြို့နယ်ရှိ ကျေးရွာများသို့လည်း ဇူလိုင် ၂၈ ရက်နေ့မှ သြဂုတ် ၅ ရက်နေ့အထိ ၉ ရက် အတွင်း အရပ်သားများနေထိုင်ရာကို ပစ်မှတ်ထားကာ လက်နက်ကြီး (၁၉) ခန့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ခလယ်လွယ်ထူခရိုင်မှ ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီက ရည်ရွယ်ချက်ဖြင့် အရပ်သားပြည်သူများကို အဓိကပစ်မှတ်ထား၍ ကျေးရွာများသို့ နေ့ရောညပါ ပစ်ခတ်နေခြင်းကြောင့် ဒေသခံပြည်သူများ စိုးရိမ်ခြောက်ရွံ့စိတ်ဖြင့် နေထိုင်နေရခြင်းနှင့် လုပ်ကိုင်စားသောက်ရန်အတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်းကိုလည်း ကေအဲန်ယူက ပြောကြားထားသည်။

KIC