4 ဇွန် 2026 /

See today's Peace Related News

Homeအင်တာဗျူး“ကျနော့်အနေနဲ့ကတော့ တော်လှန်ရေး မြန်မြန်ပြီးဆုံးချင်တယ်။ ပြီးဆုံးချင်တယ်ဆိုတာက 
ပြည်သူလူထုထိခိုက်မှု ပိုများလာတယ်။ မဆိုင်တဲ့ပစ်မှတ်တွေ စစ်ရေးပစ်မှတ်တွေ ပိုများလာတယ်။ ဒါတွေမရှိဖို့ဆိုရင် စိတ်ထင်ရာဆိုင်းရိုင်းနေတဲ့ စစ်ဘီလူးတွေကို...

“ကျနော့်အနေနဲ့ကတော့ တော်လှန်ရေး မြန်မြန်ပြီးဆုံးချင်တယ်။ ပြီးဆုံးချင်တယ်ဆိုတာက 
ပြည်သူလူထုထိခိုက်မှု ပိုများလာတယ်။ မဆိုင်တဲ့ပစ်မှတ်တွေ စစ်ရေးပစ်မှတ်တွေ ပိုများလာတယ်။ ဒါတွေမရှိဖို့ဆိုရင် စိတ်ထင်ရာဆိုင်းရိုင်းနေတဲ့ စစ်ဘီလူးတွေကို ကျနော်တို့ပူးပေါင်းဆုံးမမှရမယ်။ ဒါကြောင့် တော်လှန်ရေးထဲ များများဝင်ကြပါ။ တော်လှန်ရေးနဲ့ များများလက်တွဲကြပါလို့ တိုက်တွန်းလိုပါတယ်” ဘက်ပြောင်းခိုလှုံလာသူ ဗိုလ်ကြီးမျိုးဆွေဦး (ခ) စောမိုးဇက်

KNU​ တပ်မဟာ (၄) သို့​ ဘက်ပြောင်းခိုလှုံလာသူ သုခစခန်းမှူး ဗိုလ်ကြီး​ မျိုးဆွေဦး ​(ခ) စောမိုးဇက်နှင့် တွေ့ဆုံမေးမြန်းခြင်း။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA​ ပူးပေါင်းတပ်က​ ပြီးခဲ့သည့်​ဇူလိုင်လ ​(၇) ရက်နေ့တွင်​ ထိုင်း-မြန်မာနယ်စပ်​ တပ်မဟာ (၄) နယ်မြေ​ ထီးခီးဒေသရှိ စစ်ကောင်စီ​တပ်၏ ခလရ-၂၈၂​လက်အောက်ခံ သုခစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ စခန်းတာဝန်ခံဖြစ်သူ စခန်းမှူး ဗိုလ်ကြီးမျိုးဆွေဦး (ခ) စောမိုးဇက်မှာ သုခစခန်းမကျခင် ဇူလိုင်လ(၁) ရက်နေ့ကတည်းက​ KNU​ တပ်မဟာ (၄) ထံ​ ဘက်ပြောင်းခိုလှုံလာပြီး ၎င်းအား KNU​ က​ ဂုဏ်ပြုကြိုဆိုခဲ့သည်။

ဗိုလ်ကြီးစောမိုးဇက်နှင့်တွေ့ဆုံ၍ ဘက်ပြောင်းခိုလှုံမှုအကြောင်းအရင်းအပါအဝင် စစ်တပ်ထဲရှိစဥ်က တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများနှင့်​ စစ်ကောင်စီတပ်​အပေါ်​ အမြင်သဘောထားတို့ကို ကေအိုင်စီ​က​ မေးမြန်းထားပါသည်။

မေး။ ။ ပထမဦးဆုံး​ နာမည်ရယ်၊ တပ်ထဲမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်း၊ ရာထူးတာဝန်ကို မိတ်ဆက်ပေးပါဦး။

ဖြေ။ ။ ကျနော်ကတော့ ပြန်တန်းဝင်အမှတ်​ ကျည်း- ၅၇၉၂၈၊ ဗိုလ်ကြီးမျိုးဆွေဦးလို့ခေါ်ပါတယ်။ ကျနော်တို့ရွာမှာတော့ မျိုးဆွေဦး ခေါ်​ ​ကရင်လို စောမိုးဇက်ပေါ့။ တပ်ထဲမှာတော့ မျိုးဆွေဦး လို့ပဲသိပါတယ်။ တာဝန်ထမ်းဆောင်တဲ့ခုနှစ်ကတော့၂၀၀၀ ခုနှစ်​ ၁၀​လပိုင်း ၂၈​ရက်နေ့ကနေ အခုနောက်ဆုံးကျနော်တာဝန်ထမ်းဆောင်ခဲ့တဲ့ ၁​ရက်၇ လ​ သုခစခန်းအထိဆိုရင်​ ၂၅​ နှစ်ဝန်းကျင်လောက်ရှိပါတယ်။

မေး။ ။ အရင်က​ ဘယ်တပ်ရင်း၊ တပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်ဖြစ်လဲ၊ နောက်ပိုင်းမှာ​ရော​ ဘာတွေဆင့်ကဲတာဝန်ထမ်းဆောင်ခဲ့သေးလဲ။

ဖြေ။ ။ ကျနော်​ ခလရ-၁၃၅​ ဖားဆောင်းပေါ့ ပြီးခဲ့တဲ့​လက ကျသွားတဲ့ တပ်ရင်းတွေပေါ့။ ၁၃၄၊ ၁၃၅​ ဖားဆောင်းမှာ​ တပ်သားအဆင့်ကနေ တပ်ကြပ်ကြီးစာရေးအဖြစ် ၃​ နှစ်​၊ ပြီးတော့​ စစ်ဗျူဟာအခြေချဘောလခဲမှာ ၂၀၀၉ ခုနှစ်အထိ ၇​နှစ်​။ ၂၀၀၉ ခုနှစ်မှာ​ သင်တန်းသွားရောက်ဖြေဆိုခဲ့တာ အောင်မြင်ပြီးတော့​ ၂၀၁၀ မှာ ဒု​တိယဗိုလ်အဖြစ်နဲ့ ခမရ-၂၂​ အောက်​ မုဒုံ၊ ကမာဝက်ပေါ့ အဲဒီမှာ ၆​ နှစ်​ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီကနေ ဖယ်ခုံ ခမရ-​၃၃၆​ မှာ​၂၀၁၇ ကနေ​၂၀၂၂ အထိ​တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဖယ်ခုံကနေ ကျနော်ဒီဘက် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် အမှတ်​၂၈၂ ခြေလျင်တပ်ရင်းကိုတော့ ကျနော်​ ၂၀၂၃​ ၁​ လပိုင်းမှာရောက်ရှိခဲ့ပါတယ်။ လမ်းခရီးလုံခြုံမှု၊ အဲဒီတုန်းက ကျနော်တို့လားရှိုးမှာ တိုက်ပွဲဖြစ်တော့ ချက်ချင်း ဒီဘက်မပြောင်းနိုင်ဘူး။ ဒီတပ်ကတော့ နောက်ဆုံးပေါ့။

မေး။ ။ တော်လှန်ရေးတပ်တွေဘက်ကို အခု​ ဘက်ပြောင်းခိုလှုံလာတဲ့အကြောင်းအရင်းကို ပြောပေးပါ။

ဖြေ။ ။ အဓိကတော့ ရပ်တည်မှုပေါ့။ ရပ်တည်မှုဆိုတာ အခုရပ်တည်နေတဲ့ကျနော့်ရဲ့အဖွဲ့အစည်းပေါ့၊ ကျနော်​၂၅​နှစ်တာလုံးတာဝန်ထမ်းဆောင်လာတဲ့အဖွဲ့အစည်းက နည်းလမ်းမှန်လား။ ပြည်သူလူထုကြိုက်နှစ်သက်လား။ ဒီလိုပြောမယ်ဆိုရင်လည်း ဘာလို့​ ကျနော်က​၂၀၂၁​ ခုနှစ်ကတည်းက​ နည်းလမ်း​မမှန်တာသိရဲ့သားနဲ့မဝင်ခဲ့လဲလို့ မေးစရာရှိတယ်။ ကျနော့်မှာလည်း ချက်ချင်းဝင်ဖို့မလွယ်တာ အခက်အခဲလေးတွေရှိတယ်။ တချို့နေရာတွေမှာလည်း သွားလို့မလွယ်တာတွေ။ ဒီလိုပဲ​ တပ်ထဲမှာလည်း ကျနော့်လိုပဲသွားချင်တဲ့သူတွေ အများကြီးပါ။ ​မနေချင်ကြဘူး။ သူတို့အတွက်ပဲကြည့်ပြီး ရေးဆွဲခဲ့တဲ့စည်းမျဥ်း၊ သူတို့အတွက်ပဲ ကွပ်ကဲခဲ့တာ။ ပြည်သူ့အပေါ်ငဲ့ညှာမှုမရှိဘူး။ ကိုယ့်စစ်သားအချင်းချင်းတောင်မှ အဆင့်အတန်းခွဲခြားပြီးနေတာ။ ရပိုင်ခွင့်​ လူ့အခွင့်အရေးဘာမှမရှိဘူး။ အခု​ သုခစခန်းမှာဆိုရင် စစ်သည်တွေကိုကျနော်ခေါ်ပါသေးတယ်။ သူတို့က​ စိတ်ဝင်စားမှုမရှိဘူး။ သူတို့စစ်သက်ကြီးနေပြီး၊ သူတို့ ဂရက်ကျူတီရဖို့မျှော်ကိုးနေသေးတယ်။ အလွန်ဆုံးရမှ သိန်း၁၅၀​ပေါ့ဗျာ။ ပင်စင်ဆိုလည်း အနည်းဆုံး​၂သိန်းကျော်ပဲရမှာ၊ ဒါကိုသူတို့မစွန့်လွှတ်နိုင်ဘူး။ အသက်ကြည့်ရင်လည်း ၅၇ နှစ်လောက်ရှိပြီပေါ့ သူတို့အသက်ကြီးနေပြီ။ ကျနော်ခေါ်တယ် ဒီရောက်ရင်ပြည်သူကစောင့်ရှောက်ထားမှာ။ လူသားချင်းစာနာတဲ့အနေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စောင့်ရှောက်ထားမှာ၊ မသတ်ဘူး။ အဲ့လိုခေါ်လည်းမလိုက်တာကို ကျနော်လည်းမတက်နိုင်တော့​ ထားခဲ့တယ်။ အဲဒီစခန်းမှာ​ ကျနော်တာဝန်ထမ်းဆောင်ရင်း ဒီက​ KNLA​ တပ်ရင်း​၁၀​ တပ်ရင်းမှူးနဲ့နဂိုကတည်းက ခင်တယ်။ ခင်တော့ စခန်းကတိုက်တော့မယ်။ ကျနော့်ကိုထွက်လိုက်တော့ပေါ့။ ဒီစခန်းမှာနေရင်တော့ အသက်အန္တရာယ်စိုးရိမ်ရမယ်​ သူပြောတာရှိတယ်။ ကျနော့်ရဲ့ပင်ကိုယ်စိတ်အရလည်း အဲ့ဒီမှာတာဝန်ထမ်းဆောင် လေလေ ပြည်သူမုန်းတာပဲခံရမယ်။ မေတ္တာပို့တာခံရမယ်။ ဒီဘက်ပြောင်းခိုလှုံတာကလည်း ပြည်သူလူထုအတွက် အကောင်းဆုံး၊ ပြည်သူကယုံကြည်စိတ်ချရတဲ့သူ ဖြစ်ချင်တယ်။ လမ်းသွားရင်တောင်သူတို့လှည့်မကြည့်ချင်တဲ့ဘဝမျိုးက လွတ်မြောက်ချင်တယ်။ အဓိကတော့ ဒါပါပဲ။

မေး။ ။ အာဏာသိမ်း​ ၄​ နှစ်ကျော်​မှ​ ဘက်ပြောင်းလာရတဲ့အပေါ် ဗိုလ်ကြီးတွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ပြောနိုင်သလောက် ပြောပေးပါလား။

ဖြေ။ ။ ၂၀၂၁​ မှာ​ ကျနော်က​ ကချင်နဲ့ရှမ်းမြောက်ဘက်မှာ တာဝန်ထမ်းဆောင်နေရတယ်။ ဒီဘက်ကိုပြန်ပြောင်းတာက ၂၀၂၃​လောက်မှ​ ပြန်ရောက်တယ်။ ရှမ်းမြောက်ဘက်ရောက်တဲ့အချိန်မှာ ကျနော်တို့​ တော်လှန်ရေးအဖွဲ့တွေရှိပါတယ်​။ TNLA တို့​ SSPP/SSA တို့လည်းရှိတယ်။ ဒါပေမဲ့​ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ့်လူမျိုးဆီပဲ​ ကိုယ်တာဝန်ထမ်းဆောင်ချင်တယ်။ ကိုယ့် KNU​ ထဲပဲ​ ကိုယ်ပြန်ချင်တာလည်း ပါတာပေါ့။ အခု​ ဒီကို ၂၀၂၃​ လောက်ရောက်ပေမယ့် နောက်တန်းတာဝန်ထမ်းဆောင်နေရတဲ့အချိန်မှာ ထွက်ဖို့က တအားလွယ်ကူတယ်။ လွယ်တယ်ဆိုပေမယ့် တတ်နိုင်တဲ့ဘက်ကနေ ဒီဘက်ကိုမရောက်သေးပေမယ့် ဒီဘက်ကအဖွဲ့အစည်းတွေကို ကျနော်ကူညီခဲ့တာ အများကြီးရှိပါတယ်။ လူကတော့ အခုမှရောက်ခဲ့တာပေါ့။

မေး။ ။ ကိုယ်ရပ်တည်ခဲ့တဲ့အဖွဲ့က ရပ်တည်ချက်မမှန်ဘူးလို့ ပြောသွားတာလည်းရှိတော့ ဘယ်တုန်းကတည်းကစပြီး ​ရပ်တည်ချက်မမှန်ဘူးဆိုတာ​ သိခဲ့လဲ။ စစ်တပ်ရဲ့လက်ရှိလုပ်ရပ်တွေအပေါ်မှာရော ဗိုလ်ကြီးအနေနဲ့ ဘယ်လိုရှုမြင်လဲ။ ပြောပြပေးပါဦး။

ဖြေ။ ။ အာဏာသိမ်း​တဲ့​၂၀၂၁​ မှာတော့​ ကျနော့်စိတ်ထဲ စပြီးပြောင်းလဲမှုမဖြစ်သေးဘူး။ ဒါအမှန်အတိုင်းပြောတာနော်။ သူတို့မှန်လား တော်လှန်ရေးအဖွဲ့ပဲမှားနေလို့လား။ ကျနော်တို့ကို​ ရိုက်သွင်းထားတာတွေရှိိတယ်။ အားလုံးကိုပုံစံလောင်းထားတာတွေ ရှိတယ်​ ခေါက်ရိုးကျိုးနေတာပေါ့နော်။ ဒီဘက်ကို ရောက်ပြီးနောက်မှာ တော်လှန်ရေးအင်အားကောင်းလာတယ်။ စစ်ကောင်စီ​ဘက်က​တပ်သားတွေကြည့်ရင်လည်း လုပ်ချင်ကိုင်ချင်စိတ်မရှိဘူး။ ပြည်သူကိုကြည့်တော့လည်း ကိုယ်စားစရာမရှိရင်တောင်နေ တော်လှန်ရေးအတွက် တက်စွမ်းသရွေ့ကူတာတွေကို တွေ့လာတယ်။ ကိုယ့်ဘဝနဲ့ကိုယ်ပြန်ကြည့်တော့လည်း ငါ​ဒီထဲမှာ ၂၅​ နှစ်လောက်နေလာတဲ့အချိန်မှာ ဘာဖြစ်နေပြီလဲ။ ငါတို့အဖွဲ့ကိုရော ပြည်သူကအမြင်ကြည်လား။ အရှေ့မှာတော့ ဟုတ်ကဲ့​ဗိုလ်ကြီး​ဘာညာ ပြောကြမှာပေါ့၊ ရင်ထဲမှာတော့ ပါမှာမဟုတ်ဘူး။ ကျနော်တို့​တော်လှန်ရေးရဲဘော်တွေဆီကို သွားတဲ့အချိန်မှာ အချိန်မရွေး ပျူငှာတယ်။ အချိန်မရွေး ဖော်ဖော်ရွေရွေရှိတယ်ဆိုတာ ကျနော်ဒီဘက်ကိုပြောင်းပြီး ၂၀၂၃​ လောက်မှာ​ ပိုသိလာတာ။

မေး။ ။ ဗိုလ်ကြီးအနေနဲ့မြင်ချင်တဲ့ မြန်မာစစ်တပ်ရဲ့ရပ်တည်ချက်နဲ့ လုပ်ဆောင်ချက်က ဘယ်လိုမျိုးဖြစ်မလဲ။

ဖြေ။ ။ မြန်မာစစ်တပ်ဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ရပ်တည်ပြီးတော့ တိုင်းရင်းသားပေါင်းစုံရဲ့အကျိုးကို ဆောင်ရွက်​နေ​ စောင့်ရှောက်နေတဲ့ တပ်မတော်ဖြစ်ရမယ်။ သူများနိုင်ငံတွေကြည့်လိုက်ရင် နယ်စပ်မှာစစ်သားရှိတယ် နိုင်ငံတော်အလံရှိတယ်။ ကျနော်တို့နိုင်ငံမှာကြည့်ရင် EAO အလံတွေရှိတယ်၊ တော်လှန်ရေးတပ်ဖွဲ့အလံတွေရှိတယ်။ ဒါသည် နှစ်​၆၀ ကျော်​ နှစ်​၇၀ ကျော်လောက်ရှိနေပြီ။ နိုင်ငံမတိုးတက်တာကိုသူတို့ပြောလိုက်မယ်ဆိုရင် ဒီအဖွဲ့အစည်းတွေရှိလို့။ ထိုးချကြတာပေါ့။ ဒီအဖွဲ့တွေကလည်း အလဟသ အားအားယားယား အသက်အသေခံပြီး လစာနဲ့ရပ်တည်နေတာမဟုတ်ဘူး။ ကိုယ့်ဟာကိုယ်လုပ် ကိုယ်ဟာကိုယ်စားပြီး တော်လှန်နေတာ။ ဒါက​လုံးဝခိုင်မြဲတဲ့ သံဓိဌာန်စိတ်ဓာတ်ဖြစ်တယ်။ ကျနော်တို့ဖြစ်သင့်တာက မြန်မာနိုင်ငံရဲ့စစ်တပ်ဖြစ်မယ်ဆိုရင် မြန်မာနိုင်ငံကတိုင်းရင်းသားအားလုံးနဲ့ သဟဇာတဖြစ်ပြီး သူတို့ကြိုက်နှစ်သက်တဲ့တပ်မတော်ဖြစ်ရမယ် သူတို့ထောက်ခံရမယ် အဲဒီလိုသွားသင့်တာပေါ့။ ကျနော်တို့ကြုံတွေ့နေရတာပဲ တပ်သားသစ်တွေစုရတာ။ ရာထူးမတိုးခင်ဘယ်နှယောက် ရာထူးတိုးပြီးဘယ်နှယောက် အဲ့လိုစုနေရတယ်။ စုတဲ့သူတွေကလည်း ဝင်ချင်တဲ့သူမှမဟုတ်တာ။ ပိုက်ဆံပေးပြီး ဝယ်တာတွေရှိတယ်။ လမ်းဘေးမှာ သူခိုးဂျပိုး ရူးနေတဲ့သူတောင်ပါတယ်။ အဲ့လိုမျိုးဟာနဲ့အဖွဲ့အစည်းထားမယ်ဆိုရင် ဒီတပ်မတော်က ဘယ်လိုလုပ်​ Image​ ကောင်းမှာလဲ။ ဒီတပ်မတော်က ဓားပြတိုက်လာတယ်၊ သူခိုးခိုးလာတယ်၊ ဟိုအိမ်တက်တယ် သူများသားသမီးကို စော်ကားတာတွေဖြစ်လာတယ်။ အဲဒီတော့​ဘယ်သူမှလက်ခံမှာ မဟုတ်ဘူး။

မေး။ ။ စစ်ကောင်စီတပ်သား​တွေက​ ခုနောက်ပိုင်းမှာ စစ်တိုက်တာတစ်ခုတည်းမဟုတ်ဘဲ ပြည်သူတွေကို​ ဦးတည်တိုက်ခိုက်မှုတွေလုပ်လာတော့ ဗိုလ်ကြီးတာဝန်ထမ်းဆောင်တဲ့ကာလမှာရော ရဲဘော်ရဲဘက်တွေက ဒီလိုလုပ်တာတွေ မြင်တွေ့ခဲ့ရလား​။ ဘယ်လိုရှိခဲ့လဲ။

ဖြေ။ ။ ကျနော်​တပ်ခွဲမှူးအနေနဲ့​ တာဝန်ထမ်းဆောင်ခဲ့ရတုန်းကတော့ ဒါမျိုးတွေမရှိဘူး။ ဒီဘက်နည်းနည်း ပွင့်လင်းမြင်သာတဲ့ဘက်ကပြောရင် ကျနော်​ဒုတိယဗိုလ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၀၉ ကမာဝက်မှာလည်း တပ်ရင်းမှူးကဖြောင့်မတ်တယ်။ အဲ့လို​ ဖြောင့်မတ်တဲ့သူတွေကတော့ ပြုတ်တာများတာပေါ့။ အဲဒီခေတ်မှာ ၂၀၁၄ ကျနော်​ ဗိုလ်ကြီးဖြစ်တဲ့အထိ​ တာဝန်ထမ်းဆောင်တဲ့အချိန် မာနယ်ပလော၊ မဲသဝေါ၊ နော်တယာသွားတယ်။ အဲ့လိုသွားတဲ့အချိန် အဲဒါမျိုးတွေမရှိကြဘူး။ အဲ့ခေတ်က လူကြီးတွေ​က​ သမာသမတ်ကျတယ်။ မကြိုက်ဘူး။ ကျနော့်ကိုပေးလာတဲ့တပ်စုကိုဆိုရင်လည်း ကျနော်က စားစရာရှိရင်ခူးစား ပြီးရင်သူများပန်းကန်ခွက်တွေ စနစ်တကျပြန်ထား၊ ယူမသွားနဲ့။ ဒီလိုနေခဲ့တယ်။ ကျနော်ကိုယ်တိုင်လည်း ဒီနေ့ဒီအချိန်ထိ သူများပစ္စည်းမယူခဲ့ဘူး။

နောက်တော့​ ၂၀၁၆ ကနေ​ ၂၀၂၂ အထိ​ ရှမ်းတောင်ပေါ့၊ ဖယ်ခုံဘက်ပြောင်းတဲ့အချိန် တိုက်ပွဲတွေစဖြစ်တယ်။ မိုးဗြဲမှာတိုက်ပွဲဖြစ်တော့လည်း ကျနော်ပါတယ်။ ကျနော်ကတော့ ချက်ကျောင်းဘက်မှာတာဝန်ထမ်းဆောင်ရပြီး ဟိုဘက်သံလမ်းဘက်မှာလည်း တခြားဗိုလ်မှူးတစ်ယောက်က​ တာဝန်ထမ်းဆောင်ရတယ်။ နှစ်ဖက်ခွဲတဲ့အချိန်မှာ ကျနော့်ဘက်က မလာဘူး။ ရန်သူကသူ့ဘာသာလှည့်စားသွားလားမသိဘူး။ ဖြစ်တော့​ဟိုဘက်မှာသွားဖြစ်တယ်။ ကျနော်က​ တိုက်ပွဲနဲ့ဝေးနေတာ အဲဒီအချိန်မှာ အကျအဆုံးလည်းရှိတယ်။ ကျနော်တို့တပ်စုနေရာလောက်ပဲ ကျန်တော့ စစ်ကူတွေလာကြတယ်။ ၆၆ ပေါ့​ သူတို့လာပြီဆိုတာနဲ့ သူတို့က​ကားတွေလည်းပါတယ်။ စီးပွားဖြစ်ပေါ့ ဆိုင်ကယ်တွေကို ကားတွေဖင်ထိုး အစီးလိုက်တင်၊ မဟုတ်ဘူးငြင်းလို့မရဘူးနော် ငြင်းရင်လိမ်တာပဲ။ သူများဟာအကုန်ယူတာပေါ့။ ကျနော့်အသိမိတ်ဆွေရဲ့ပစ္စည်းတွေပါ ပါတယ်​ ​ယူတာ။ ဒီဘက်ပိုင်းရောက်တော့ ကုန်ပြီလေ ယူစရာမရှိတော့ဘူး။ ခိုးတာများတော့​ကုန်ပြီ။

ပြီးတော့​ ကျနော်တို့နှစ်ခုရှိတယ်ဗျ၊ နိုင်ငံစစ်မက်ဖြစ်ပွားနေတဲ့အချိန်မှာ ယူကြတာ တစ်မျိုး။ ကျနော်တို့လတ်တလောသုံးဖို့အတွက် အားလုံးပစ်ကြခတ်ကြ​ ပျက်စီးနေတဲ့အချိန်မှာ ကိုယ်သုံးလို့ရတာလေးတွေ ယူလို့ရတယ်။ ဒါက​ကျနော်ပြောတာပါ။ သူ့စည်းမျဥ်းထဲမှာတော့ မပါပါဘူး။ ပြီးရင်​ဟိုဘက်အဖွဲ့ဖြစ်ဖြစ် ဒီဘက်အဖွဲ့ဖြစ်ဖြစ် သုံးကြတယ်။ နယ်မြေရှင်းပြီဆိုတာနဲ့ လူပြေးတယ်၊ ပြေးတာနဲ့အကုန်ယူတာပဲ။ ဒါကတော့​သူခိုးအကြီးစားလို့ပြောရမလား၊ ဓားပြတိုက်တယ်ပြောရမလား အဲ့ပုံစံသက်ရောက်တာပေါ့။ အဲဒါတော့​ ရှိပါတယ်။

မေး။ ။ အဲ့လိုပုံစံတွေက တပ်ကခွင့်ပြုပေးထားတာလား၊ ဒါမှမဟုတ်​ဘယ်လိုလဲ။

ဖြေ။ ။ နာမည်ထွက်နေတဲ့ရွာပေါ့ ဒီနားမှာတိုက်ပွဲခဏခဏဖြစ်တယ်။ ဒီနားရောက်ရင် မိုင်းဆွဲခံထိတယ် ရဲဘော်ကျတယ်ဆိုတဲ့ရွာမျိုးပေါ့။ အဲ့လိုနေရာရောက်ရင် အထက်ဆိုတာက မြေပြင်​အမိန့်ပေးတဲ့သူပဲပြောရမှာပေါ့။ အထက်ကလူကြီးဆိုတာလည်း အဆင့်ဆင့်လိမ်နေတာ သိချင်မှလည်းသိမှာကိုး။ ဆိုတော့​ မြေပြင်အမိန့်ပေးတဲ့သူက ဟေ့ကောင် မင်းအဲ့ရွာရောက်တာနဲ့ မညှာနဲ့၊ ဒီရွာမှာခဏခဏဖြစ်နေတယ် ဒီရွာမရှိမှအေးမယ်ဆိုပြီးပြောတော့ သေနတ်သံတချက်ဖောက်ပြီီး ရွာထဲရှိတာအကုန်ဖျက်ဆီး၊ ရှိတာအကုန်ယူ ဒီလိုမျိုးကတော့ရှိတယ်ဗျ။

မေး။ ။ ဗိုလ်ကြီးက ကရင်နီဘက်မှာလည်း​ တာဝန်ထမ်းဆောင်ခဲ့တာရှိတော့ ပြီးခဲ့တဲ့​၄နှစ်တာမှာ WLP​ လို့ခေါ်တဲ့အမျိုးသမီးအဖွဲ့ရဲ့စာရင်းအရ အမျိုးသမီးအကြမ်းဖက်ခံရမှုက ကရင်နီမှာအများဆုံး စစ်တပ်ကျုးလွန်ခဲ့တယ်လို့ ဆိုတယ်။ ဗိုလ်ကြီးအနေနဲ့ ဒါတွေမြင်ခဲ့ဖူးပါသလား။ ဒေသခံတိုင်းရင်းသူတွေကို ဗျူဟာအရ အမိန့်ပေးခိုင်းစေတာတွေ လုပ်တာမျိုး တွေ့ရှိခဲ့ရလား။

ဖြေ။ ။ မရှိဘူးဗျ။​ ကိုယ့်သားသမီး ကိုယ့်ညီမဆို ဘယ်လိုလုပ်မလဲ။ မရှိဘူးဆိုတာကလည်း ကျနော်သွားတဲ့အတိုင်းအတာ ကျနော်နေခဲ့တဲ့ဂွင်မှာတော့ မရှိခဲ့ဘူး။ မရှိဘူးဆိုပေမယ့် ကချင်ဘက်ကရွာတစ်ရွာမှာ ကျနော်တာဝန်ထမ်းဆောင်နေတော့ ရဲဘော်နှစ်ယောက်က အသက် ​၆၂ နှစ်အရွယ် အဖွားကြီးတစ်ယောက်ကို ဆေးသွားဝယ်ရင်း​ မုဒိန်းမှုဖြစ်တာ ရှိခဲ့ဖူးတယ်။ ဒါက​၂၀၂၂ က​ဖြစ်မယ်။​ ဒီကောင်တွေလည်း အနှစ်​ ၂၀​ ဆီ ထောင်ကျသွားတယ်။ အဲ့တစ်ခါတော့ တပ်ရင်းမှူးစစ်ကြောင်း က ရဲဘော်နှစ်ယောက် အဲ့လိုလုပ်တာ ကြုံဖူးတယ်။ ကျန်တဲ့​ တပ်မတွေ စကခတွေထဲဝင်လည်း ကြားပါတယ်။ ပြည်သူပြောတာတွေကြားပါတယ်။ မယ်သီလရှင်ကို စာလိုက်ပေးတာတို့ အဲ့လိုမျိုးတွေလည်းကြားဖူးပါတယ်။ မျက်မြင်တော့မတွေ့ဖူးပါဘူး။

မေး။ ။ အခုတော်လှန်ရေးဘက်ကို ဘက်ပြောင်းလာပြီးဆိုတော့ ဗိုလ်ကြီးအနေနဲ့ မိသားစုအတွက် စိုးရိမ်ချက်ဘယ်လိုရှိလဲ။

ဖြေ။ ။ စိုးရိမ်ချက်ကတော့ မရှိဘူး။ ကျနော်က​ ၂၀၀၅ ခုနှစ်လောက်ကအိမ်ထောင်ကျဖူးတယ်။ ၂၀၀၇ မှာအိမ်ထောင်ကွဲတယ် တစ်ယောက်တည်းပဲ ကြိုက်တာလုပ်။

မေး။ ။ အခုဘက်ပြောင်းထားပြီးဆိုတော့ ဗိုလ်ကြီးအနေနဲ့ ဘာဆက်လုပ်ဖို့ရည်ရွယ်ထားလဲ။

ဖြေ။ ။ ရှိပါတယ်။ ကျနော်လက်ရှိ ကိုယ့်လူမျိုးထဲမှာပြန်လည်တာဝန်ထမ်းဆောင်မှာပါ။ နိုင်ငံတည်ငြိမ်သွားပြီဆိုရင်လည်း တဖက်တလမ်းက တိိုးတက်ရေးကို ကိုယ့်အဖွဲ့အစည်းနဲ့ပူးပေါင်းဆောင်ရွက်သွားမှာပါ။ သီးခြား​ ဟိုသွားအလုပ်လုပ်မှာတို့ ပြန်ပြီးတော့ NUG​ မှာတာဝန်ထမ်းဆောင်မှာတို့ ရည်ရွယ်ချက်မရှိပါဘူး။ ကျနော့်မှာအိမ်မရှိဘူးလေ။ ဒါကျနော်အိမ်ဖြစ်သွားပြီပေါ့ ဒီအမျိုးထဲမှာပဲပြန်နေတဲ့သဘောပေါ့။

မေး။ ။ ဗိုလ်ကြီးကိုယ်တိုင်လည်း ကရင်လူမျိုးဖြစ်တော့ တပ်ထဲမှာ တိုင်းရင်းသားတွေကို နေရာမပေးတဲ့ပုံစံ ရာထူးအမြင့်မပေးတဲ့အခြေအနေကြုံခဲ့ဖူးလား။

ဖြေ။ ။ နှစ်ခုရှိတယ် ကျနော်တို့တိုင်းရင်းသားတွေက အလုပ်လုပ်တယ်။ အောက်ကျနောက်ကျခံတယ်။ အလုပ်လုပ်ပြီးပင်ပန်းဖို့အတွက်ဆို နေရာပေးတယ်။ နောက်တစ်ခုက အခွင့်အရေးနဲ့နေရာကျရင် နည်းနည်းမေ့နေတာလားတော့မသိဘူး။​ နာမည်ကတိုင်းရင်းသားနာမည်ဆိုတော့ ခေါ်ရခက်လို့ထင်ပါတယ်။

မေး။ ။ ဗိုလ်ကြီးနဲ့သိကျွမ်းခဲ့တဲ့ ရဲဘော်ရဲဘက်တွေကိုရော ဘက်ပြောင်းဖို့ ဘယ်လိုပြောချင်လဲ။

ဖြေ။ ။ ကျနော့်အနေနဲ့ သူတို့ကိုမစည်းရုံးဘူး။ ကောင်းတယ်ဆိုးတယ် မစည်းရုံးဘူး။ နားလည်အောင်ကြိုးစား ဘယ်ဟာမှားတယ်မှန်တယ်။ လက်ရှိက ဘာဖြစ်နေတယ်​ ဒါပဲပြောမယ်။ လိမ်ညာပြီးတော့မစည်းရုံးဘူး။ မင်းတို့အဲဒီစခန်းမှာဘယ်လိုဖြစ်နေတယ်။ ငါ့နောက်ကို​ စခန်းကစွန့်ပြီးမလိုက်ဘူးဆိုရင်လည်း ပြန်ရင်အချုပ်ကျမှာပဲ။ ဒီအချိန်မှာ တော်လှန်ရေးအင်အားက EAO​ တွေအင်အားပေါင်းလိုက်ရင် တစ်ရာနဲ့တစ်စလောက်ကွာသွားပြီ။ ဒါတောင်ကျနော်တို့ကရင်အမျိုးတွေ တနယ်လုံးပေါင်းပြီးလုပ်တာ မဟုတ်သေးဘူး။ ဟိုဘက်မှာဆိုလည်း ဗိုလ်ဒါဘောတို့ လုပ်နေတာကောင်းတယ် လေးစားဖို့ကောင်းတယ်။ တောင်ပိုင်းမှာဆိိုရင်လည်း လုပ်နေကြတာရှိတယ်။ ဒါကိုအင်အားလေး ဆယ်ယောက်လောက်နဲ့ပြော​စကားနားမထောင်ဘူးဆိုရင် သူတို့သဘောနဲ့သူတို့ပဲ။ ကျနော်ကတော့ မညှာဘူး၊ မစည်းရုံးဘူး၊​ မှန်တာပြောပေးမယ်။ လက်ခံမယ်ဆိုရင်တော့ ကြိုဆိုပေးပါမယ်။

မေး။ ။ ဒီတော်လှန်ရေးက စစ်အာဏာရှင်စနစ်ကို အဆုံးသတ်နိုင်ဖို့ရှိလား အောင်မြင်ဖို့ရှိလား။ ဗိုလ်ကြီးရဲ့အမြင်ကို ပြောပြပေးပါ။

ဖြေ။ ။ အဆုံးသတ်ကို မြန်မြန်အောင်မြင်ချင်ရင် စည်းလုံးပြီးတော့ အားသွန်ခွန်စိုက်လုပ်ဖို့လိုတယ်။ ယိုင်နဲ့နဲ့အိမ်တစ်လုံးလေးကို ကျနော်တို့က​ သုံးယောက်လောက်နဲ့ဝိုင်းတွန်းနေလို့ အဆင်မပြေဘူး။ ဗိုလ်ချုပ်အောင်ဆန်းခေတ်က ရှိတယ်​ အင်္ဂလိပ်အခက် ဗမာ့အချက်ဆိုတာ။ အခု​ ​နစကလက်ထက်မှာ နစက အိမ်ကယိုင်နေပြီီ။ သူတို့မှာရှိတာဆိုလို့ ပြည်သူ့စစ်လေးတွေပဲရှိတယ်။ အဲ့ပြည်သူ့စစ်တွေရှေ့မှာလည်း ၅​နှစ်ပြည့်ရင် ထွက်ခွင့်ပေးမယ်ဆိုတဲ့ ရဲဘော်တွေရှိသေးတယ်။ ပြည်သူ့စစ်ကိုလည်း နှစ်နှစ်ပြည့်ရင်ထွက်ခွင့်ပေးမယ်။ ယုံနေလိုက်လို့ ကျနော်ပြောမယ်။ ကျနော်တို့​နှစ်ခြောက်ဆယ်ပြည့်တာတောင်မှ ခြောက်ဆယ့်နှစ်နှစ်ဆိုပြီး ထပ်တွက်တာ။ ငါးနှစ်သမားကို ဆယ်နှစ်မဖြစ်ဘူး။ နှစ်နှစ်သမားကို ခဏစောင့်ဦးလို့မပြောဘူးလို့ ခင်ဗျားယုံလား။ တော်လှန်ရေးကကြာလာရင် ထောက်ခံတဲ့ပြည်သူတွေ ပိုခက်ခဲလာတယ်။ မြန်မြန်ပြီးချင်တယ် သူတို့လည်းအခက်အခဲမရှိအောင် ကျနော်တို့​တစ်ဆက်တည်း တက်ညီလက်ညီနဲ့လုပ်မယ်ဆိုရင် ရည်မှန်းချက် မြန်မြန်ပြီးမြောက်မှာပါ။

မေး။ ။ ဗိုလ်ကြီးလည်းမြစ်ဝကျွန်းပေါ်သားပဲဆိုတော့ မြစ်ဝကျွန်းပေါ်က စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ ဒီလိုကာလမျိုးမှာ ဘယ်လိုရပ်တည်သင့်ပြီလဲဆိုတာ ပြောပြပေးပါလား။

ဖြေ။ ။ ကျနော်တို့မြစ်ဝကျွန်းပေါ် သားအများစု စကစ​ထဲမှာရှိကြတယ်။ နှစ်ခုရှိတယ်​ ကျနော်တို့ကျန်တဲ့လူငယ်အများစုက သူတို့အတွက်လွတ်လမ်းလေးတွေ ရှိတယ်။ ကျနော်တို့မြစ်ဝကျွန်းပေါ်မှာကျတော့ လွတ်လမ်းမရှိ သွားစရာမရှိဘူး။ မြေပြင်ကကြည့်ရင်လည်း ဟိုဘက်တက်ရင်မြို့ပဲရှိတယ်။ နယ်စပ်ဘက်ပေါက်တဲ့ ကယား(ကရင်နီ)၊ ရှမ်း၊ ကရင်တို့ ရခိုင်တို့ ချင်းတို့ကြည့်မယ်ဆိုရင် လာခေါ်လည်း တစ်နေရာသွားလို့ရတယ်။ ဒီနေ့ဒီအချိန်မှာ မြန်မာနိုင်ငံအတွက် ကျနော်တို့မြန်မြန်ပြီးအောင် ပူးပေါင်းဆောင်ရွက်ရတော့မယ်။ ဒီတော့​လူငယ်တွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မြန်မြန်ပူးပေါင်းပါ တော်လှန်ရေးတပ်ဖွဲ့ထဲဝင်ပါ။ မိမိတက်စွမ်းသ၍ လုပ်ငန်းတွေလည်းအများကြီးရှိပါတယ်။ စနစ်တကျဖွဲ့စည်းထားတာပါ။ ဟိုမှာဆွဲခန့်ဆိုတာမျိုးနဲ့ ဟိုဟာကိုင်​ ဒီဟာကိုင်မဟုတ်ဘူး။ ယုံကြည်ချက်၊ ခိုင်မာချက်နှင့်အလုပ်လုပ်မယ်ဆိုရင် အောင်မြင်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောချင်တာရှိသေးလား။

ဖြေ။ ။ ကျနော့်အနေနဲ့​ကတော့​ တော်လှန်ရေး မြန်မြန်ပြီးဆုံးချင်တယ်။ ပြီးဆုံးချင်တယ်ဆိုတာက ပြည်သူလူထုထိခိုက်မှု ပိုများလာတယ်။ မဆိုင်တဲ့ပစ်မှတ်တွေ စစ်ရေးပစ်မှတ်တွေပိုများလာတယ်။ ဒါတွေမရှိဖို့ဆိုရင် စိတ်ထင်ရာဆိုင်းရိုင်းနေတဲ့ စစ်ဘီလူးတွေကို ကျနော်တို့ပူးပေါင်းဆုံးမမှရမယ်။ ဒါကြောင့်​တော်လှန်ရေးထဲများများဝင်ကြပါ။ တော်လှန်ရေးနဲ့ များများလက်တွဲကြပါလို့ တိုက်တွန်းလိုပါတယ်။

ကေအိုင်စီ