1 ဇူလိုင် 2025 /

See today's Peace Related News

Homeအင်တာဗျူး“အထူးသဖြင့် စကစရဲ့အသက်ရှုပေါက် တပေါက်ဖြစ်တဲ့ ၂၀၂၅ ရွေးကောက်ပွဲကို မကျင်းပနိုင်အောင် မအောင်မြင်အောင် ပျက်ပြားသွားအောင် တိုက်ဖျက်ဖို့အထူးလိုအပ်တယ်။ လာမယ့် ဒီဇင်ဘာလရွေးကောက်ပွဲ မရောက်ခင်နဲ့...

“အထူးသဖြင့် စကစရဲ့အသက်ရှုပေါက် တပေါက်ဖြစ်တဲ့ ၂၀၂၅ ရွေးကောက်ပွဲကို မကျင်းပနိုင်အောင် မအောင်မြင်အောင် ပျက်ပြားသွားအောင် တိုက်ဖျက်ဖို့အထူးလိုအပ်တယ်။ လာမယ့် ဒီဇင်ဘာလရွေးကောက်ပွဲ မရောက်ခင်နဲ့ ရွေးကောက်ပွဲကာလမှာ မွန်ပြည်သူပြည်သားများအနေနဲ့ မိမိတို့ရဲ့အသက်အန္တရာယ် လုံခြုံရေး အတွက် သတိဝိရိယရှိရှိသွားလာနေထိုင် ရှောင်ကြည်ကြဖို့ အထူးမေတ္တာရပ်ခံချင်ပါတယ်” ဒေါက်တာသီရိမွန်ချမ်း/ မွန်ပြည်ကာကွယ်ရေးတပ်-MSDF

ရွေးကောက်ပွဲမတိုင်မီ မွန်ပြည်နယ်တဝှမ်း စစ်ရေးလှုပ်ရှားမှုအခြေအနေများအပေါ် မွန်ပြည်ကာကွယ်ရေးတပ် MSDF နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီ ဥက္ကဌဒေါက်တာသီရိမွန်ချမ်းနှင့် ဆက်သွယ်မေးမြန်းချက်။

မွန်ပြည်နယ်တွင် စစ်ရေးလှုပ်ရှားမှု တိုးမြှင့်လုပ်ဆောင်နိုင်ရန် မွန်လက်နက်ကိုင် ၄ ဖွဲ့ပေါင်းစုပြီး ရာမညစစ်ကြောင်းကို ဖွဲ့စည်းလိုက်ကြောင်း ဇန်နဝါရီ ၁၉ ရက်တွင် ကြေညာခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်တွင် မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF နှင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA-AD တို့ လွတ်မြောက်နယ်မြေတစ်ခုတွင် အစည်းအဝေးပြုလုပ်ပြီး ရာမညစစ်ကြောင်းကို ဖွဲ့စည်းခဲ့ကြသည်။

လက်ရှိ၌ စစ်ဆင်ရေးနှင့် စစ်ရေးလှုပ်ရှားမှု ကြီးကြီးမားမားမရှိသေးသည့် မွန်ပြည်နယ်တခွင်က စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှု အခြေအနေတွေ ဘယ်လိုရှိနေပါသလဲ။ တပ်အင်အားပြုန်းတီးမှုကို ဖြည့်တင်းဖို့ စစ်မှုထမ်းခေါ်ယူမှု တိုးမြှင့်လုပ်ဆောင်လာတဲ့အခြေအနေကလည်း ဘယ်လိုရှိနေပါလဲ။

ယင်းအပြင် လာမည့် ဒီဇင်ဘာရွေးကောက်ပွဲ မဖြစ်မြောက်စေရေး ရာမညစစ်ကြောင်းဘက်က ပြင်ဆင်မှုအခြေအနေနှင့် ပြည်သူများသတိထားရမည့် အခြေအနေများနှင့် ပတ်သက်ပြီး မွန်ပြည်ကာကွယ်ရေးတပ် MSDF နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီဥက္ကဌ ဒေါက်တာသီရိမွန်ချမ်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လက်ရှိ မွန်ပြည်နယ်မှာ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးအကြောင်းပြချက်နဲ့ ဘယ်လိုမျိုး စစ်ရေးလှုပ်ရှားမှုတွေ လုပ်လာနေတာရှိပါလဲ။

ဖြေ။ ။ လက်ရှိ မွန်ပြည်နယ်မှာ စစ်ကောင်စီက သိသာတဲ့စစ်ရေးလှုပ်ရှားမှုတွေလုပ်လာတာ သိပ်မရှိသေးဘူး။ ဒါကလည်း မွန်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ TNLA နဲ့ မဟာမိတ် အင်အားစုတွေ တိုက်ခိုက်မှုကို ရင်ဆိုင်နေရလို့ မွန်ပြည်နယ်မှာ သိသာမြင်သာတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို မလုပ်သေးတာလည်း ဖြစ်နိုင်တယ်။

မေး။ ။ အထူးသဖြင့် ရာမညစစ်ကြောင်း လှုပ်ရှားတဲ့ဒေသတွေမှာရော စစ်ကောင်စီတပ်စခန်းတွေ အခြေချတာ ဘန်ကာတွေတည်ဆောက်တာတွေရော ဘယ်လိုမျိုးတိုးမြှင့်လုပ်ဆောင်လာနေပါလဲ။

ဖြေ။ ။ ရာမညစစ်ကြောင်းလှုပ်ရှားတဲ့ ဒေသတွေနဲ့ မွန်ပြည်နယ်တစ်ဝန်းမှာရှိတဲ့ စကစတပ်စခန်းတွေမှာ မိမိတို့ တိုက်ခိုက်လာရင်ကာကွယ်ဖို့ သာမန်လက်နက်ကြီးတွေ ဒရုန်းတွေ မဖောက်ခွဲနိုင်တဲ့ ဘန်ကာတွေ အခိုင်အမာ တည်ဆောက်လာခဲ့တယ်။ မိမိတို့ဘက်က ဒရုန်းတွေနဲ့ တိုက်ခိုက်လာရင်လည်း ကာကွယ်ဖို့ ဂျန်ပါတွေကိုလည်း တရုတ်၊ ရုရှားဆီကနေရလာတဲ့ နည်းပညာတွေနဲ့ အဆင့်မြှင့် သုံးစွဲလာခဲ့တဲ့အတွက် မိမိတို့ဘက်ကလည်း လက်ရှိ ရှိနှင့်ပြီးသား ဒရုန်းတွေနဲ့တိုက်ဖို့ အခက်အခဲဖြစ်စေခဲ့တယ်။

မေး။ ။ စစ်ကောင်စီဘက်က တပ်အင်အားဖြည့်တင်းမှုကရော ဘယ်လိုအခြေအနေမျိုးရှိပါလဲ။ အထူးသဖြင့် စစ်မှုထမ်းစုဆောင်းမှုတွေပေါ့။

ဖြေ။ ။ စစ်ကောင်စီဘက်က တစ်နိုင်ငံလုံးအနှံ့ ပြုန်းတီးသွားတဲ့ တပ်အင်အားကို ဖြည့်တင်းဖို့ မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေကိုသုံးစွဲပြီး စစ်မှုတန်းသင်တန်း လေးကြိမ်အထိ ဖွင့်လှစ်နိုင်ခဲ့တယ်။ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၅ အတွက်လည်း ဖွင့်လှစ်ဖို့ တပ်သားသစ်တွေ စုဆောင်းနေတယ်လို့ သတင်းရခဲ့တယ်။ တခြားဒေသ တွေထက်စာရင် မိမိတို့မွန်ပြည်နယ်မှာ စစ်ရေးကြီးကြီးမားမား မလုပ်နိုင်သေးတာကို အခွင့်ကောင်းယူပြီး စုဆောင်းဖွင့်လှစ်လာနိုင်ခဲ့တာပါ။

မေး။ ။ ရာမညစစ်ကြောင်းအပါအဝင် တော်လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့တွေဘက်က ဘယ်လိုမျိုး ပြင်ဆင်ထားပါလဲ။

ဖြေ။ ။ ရာမညစစ်ကြောင်းအပါအဝင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွေဘက်က စစ်ရေးလှုပ်ရှားမှု အားနည်းနေသေးတဲ့ မွန်ပြည်နယ်မှာ တခြားစစ်ဒေသတွေနဲ့ ချိန်ကိုက်ညီညီ စစ်ရေးအရှိန်မြှင့်သွားဖို့ ရည်မှန်းချက် ချထားတာ ဖြစ်ပါတယ်။ ရာမညပူးတွဲစစ်ကြောင်း ဖွဲ့စည်းရခြင်း အဓိကအကြောင်းကလည်း မွန်ပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးအနှံ့ စစ်ဒေသအသီးသီးမှာ ချိန်ကိုက်ညီညီ ဗျူဟာမြောက်စစ်ဆင်ရေးတွေ တချိန်တည်း ပြုလုပ်နိုင်ဖို့အတွက် စစ်ရေးအရှိန်အားနည်းနေသေးတဲ့ မွန်ပြည်နယ်မှာ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်အဟုန် ဖြစ်သွားဖို့ လိုလိမ့်မယ်။

မေး။ ။ လာမယ့်ဒီဇင်ဘာမှာ စစ်ကောင်စီကရွေးကောက်ပွဲလုပ်မယ်ဆိုပြီး ကြေညာထားတော့ ဒီကြားကာလမှာ နှစ်ဘက်ထိတွေ့တိုက်ပွဲ အထူးသဖြင့် စစ်ကောင်စီတပ်ဘက်က ထိုးစစ်အသွင်ပြောင်းလာနိုင်မယ့် အခြေအနေ ရှိလာနိုင်မလား၊ ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ လာမယ့် ဒီဇင်ဘာမှာ စကစကရွေးကောက်ပွဲတွေ ပြုလုပ်ဖို့ ကြေညာထားတဲ့အတိုင်း မွန်ပြည်နယ်မှာ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ မဲရုံလုံခြုံရေးတို့ အီလက်ထရောနစ်မဲပေးစက်တွေ ရွေ့ပြောင်းသယ်ဆောင်မှု လုံခြုံရေးအတွက် ရွေးကောက်ပွဲ မပြုလုပ်ခင် နယ်မြေလုံခြုံရေးအတွက် စစ်ရေးအရ စကစဘက်မှ နယ်မြေ ရှင်းလင်းမှုတွေ ထိုးစစ်တွေ တိုးချဲ့ပြုလုပ်လာလိမ့်မယ်။

မိမိတို့ဘက်ကလည်း ရွေးကောက်ပွဲ မဖြစ်မြောက်အောင် ရွေးကောက်ပွဲပျက်ပြားသွားအောင် လိုအပ်ပါက ပြည်သူလူထုရဲ့အသက်အိုးအိမ်ကို မထိခိုက်နိုင်တဲ့ စစ်ရေးအရပါ တိုက်ခိုက်မယ်လို့ အတိအလင်း ပြောထားတဲ့အတွက် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုတွေ ပိုရှိလာမှာပါ။

မေး။ ။ ဒီအခြေအနေတွေမှာ ဒေသတွင်းနေအရပ်သားပြည်သူတွေကို ဘာများသတိပေးချင်တာရှိပါလဲ။

ဖြေ။ ။ မွန်ပြည်သူတွေ ပြည်သားများနဲ့ ဒေသခံများကို တိုက်တွန်းပြောဆိုချင်တာက စကစကို အပြုတ် တိုက်နိုင်ရေး စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်အမျိုးမျိုး အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် တစ်နိုင်ငံလုံးအနှံ့ စစ်ဆင်ရေးတွေ အရှိန်မြှင့်ပြုလုပ်လာခဲ့တယ်။ ပြုလုပ်နေကြတယ်။

အထူးသဖြင့် စကစရဲ့ အသက်ရှုပေါက် တပေါက်ဖြစ်တဲ့ ၂၀၂၅ ရွေးကောက်ပွဲကို မကျင်းပနိုင်အောင် မအောင်မြင်အောင် ပျက်ပြားသွားအောင် တိုက်ဖျက်ဖို့ အထူးလိုအပ်တယ်။ လာမယ့် ဒီဇင်ဘာလရွေးကောက်ပွဲ မရောက်ခင်နဲ့ ရွေးကောက်ပွဲကာလမှာ မွန်ပြည်သူပြည်သားများအနေနဲ့ မိမိတို့ရဲ့ အသက်အန္တရာယ် လုံခြုံရေးအတွက် သတိဝိရိယရှိရှိ သွားလာနေထိုင် ရှောင်ကြည်ကြဖို့ အထူးမေတ္တာရပ်ခံချင်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။