30 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“အမျိုးသမီးရဲဘော်တွေက ဒီမှာ ပထမဆုံးအနေနဲ့ စခန်းသိမ်းဝင်တိုက်တယ်ဆိုပေမယ့် တခြား ပြောက်ကျားတိုက်ပွဲတွေမှာလည်း အမျိုးသမီးတွေ ဝင်တိုက်တာတွေလည်းရှိတယ်။ ဒီတိုက်ပွဲကတော့ ပိုကြီးတယ်ပေါ့နော်။ အမျိုးသမီးတွေပါဝင်တဲ့ အရေအတွက်လည်း...

“အမျိုးသမီးရဲဘော်တွေက ဒီမှာ ပထမဆုံးအနေနဲ့ စခန်းသိမ်းဝင်တိုက်တယ်ဆိုပေမယ့် တခြား ပြောက်ကျားတိုက်ပွဲတွေမှာလည်း အမျိုးသမီးတွေ ဝင်တိုက်တာတွေလည်းရှိတယ်။ ဒီတိုက်ပွဲကတော့ ပိုကြီးတယ်ပေါ့နော်။ အမျိုးသမီးတွေပါဝင်တဲ့ အရေအတွက်လည်း ပိုများတယ်။ ပထမတိုက်ပွဲတွေမှာလည်း အမျိုးသမီးတွေက ဆေးတပ်တွေ၊ ဒဏ်ရာရတဲ့ရဲဘော်တွေကို တက်ဆွဲတဲ့ တကယ့်ရှေ့တန်းနေရတာတွေမှာသွားပြီး တိုက်ပွဲဝင်တဲ့ အမျိုးသမီးတွေ အများကြီးရှိတယ်” ရဲဘော်နီနီကျော် – အထွေထွေအတွင်းရေးမှူး / ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)

ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ခက်ခက်ခဲခဲတိုက်ယူခဲ့ရသည့် အခြေအနေများနှင့်ပတ်သက်ပြီး PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်အား ဆက်သွယ်မေးမြန်းချက်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ဦးဆောင်ကာ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ယခု ဇွန်လ ၁၉ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

စခန်းသိမ်းတိုက်ပွဲသည် ၁၈ ရက် ကြာမြင့်ခဲ့ပြီး၊ တိုက်ပွဲအတွင်း စစ်ကောင်စီလေယာဉ်တစင်းကိုလည်း ပစ်ချနိုင်ခဲ့သောကြောင့် လေယာဉ်ပျက်ကျပျက်စီးမှုနှင့်အတူ လေယာဉ်မောင်း (ပိုင်းလော့) လည်း သေဆုံးခဲ့သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း အမျိုးသမီးရဲဘော်များပါဝင်မှုရှိခဲ့သလို ကန့်ဒေါင့်စခန်းသည် ပုလဲမြို့နယ်အတွင်း စစ်ကောင်စီ၏ ဒုတိယအကြီးဆုံးတပ်စခန်းဖြစ်တာကြောင့် ခက်ခက်ခဲခဲတိုက်ယူခဲ့ရသည့် အခြေအနေများနှင့်ပတ်သက်ပြီး PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ PLA အနေနဲ့ ကန့်ဒေါင့်ရဲစခန်း သိမ်းယူနိုင်ခဲ့တဲ့အခြေအနေကို အရင်ဆုံးပြောပြပါဦး။

ဖြေ။ ။ ကန့်ဒေါင့်ရဲစခန်းကို ဇွန်လ ၁၉ရက် မနက်ပိုင်းမှာ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်ပေါ့နော်။ တိုက်ပွဲက ဇွန်လ ၂ ရက်နေ့ မနက်၅နာရီကျော်က စတင်ခဲ့တယ်။ တိုက်ပွဲစတဲ့နေ့ကတော့ လေယာဉ်တွေ ဗုံးမကြဲဘူး။ နောက်တရက် ၃ ရက်နေ့ ကနေစပြီးတော့ စခန်းကိုအောင်မြင်စွာ သိမ်းပိုက်နိုင်တဲ့နေ့လည်း တနေ့လုံး သူတို့ဗုံးတွေကြဲတယ်။ ဂျက်ဖိုက်တာတွေနဲ ကြဲတယ်၊ Y-12 တွေ ပါရောမော်တာတွေရောပေါ့နော်။ ရွာတွေပေါ်လည်း ကြဲတာရှိတယ်။ ရဲဘော်တွေရှိနိုင်တဲ့ဆိုတဲ့နေရာတွေကို ကြဲတာအများကြီးပဲ။ ဗုံးကြဲတဲ့ အရေအတွက်ကတော့ လေယာဉ်နဲ့ကြဲတဲ့အရေအတွက် နှစ်ရာကျော်တယ်။ စာရင်းအတိအကျ မတွက်ရ သေးဘူး။ ဗုံးအလုံးရေပေါင်းက တစ်ထောင်ကျော်နေပြီ။

ဒီတိုက်ပွဲအတွင်းမှာ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၅ မှာ ရန်သူ့ရဲ့ဂျက်ဖိုက်တာတစင်းကို ကျမတို့ PLA ကပစ်ချနိုင်ခဲ့တယ်။ အဲ့ဒါကတော့ ကျမတို့ PLA အခု နွေဦးတော်လှန်ရေးမှာ အသစ်တဖန်မွေးဖွားလာပြီး လေးနှစ်ကျော်ကာလအတွင်းမှာ သမိုင်းဝင်အောင်မြင်မှုပါ။ နောက်ပြီး ဒီကန်ဒေါင့်ရဲစခန်းကို တိုက်တယ် ဆိုတာကလည်း ကျမတို့ဒီစစ်ဦးစီးနဲ့ အားလုံးမဟာမိတ်တွေ ပေါင်းစပ်ပြီးတော့ အောင်အောင်မြင်မြင် ဗျူဟာမြောက်စခန်းကြီးတခုကို တိုက်နိုင်ခဲ့တဲ့အတွက်ကြောင့် သမိုင်းဝင်အောင်မြင်မှုတခုဖြစ်တာကြောင့် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ရဲဘော်တွေကို ဒီနေရာကနေအလေးပြုပါတယ်။ ဝိုင်းဝန်းပေးတဲ့ မဟာမိတ် တွေကိုလည်း ကျေးဇူးတင်ပါတယ်။ မဟာမိတ်တွေလည်း တက်ညီလက်ညီနဲ့ ရွပ်ရွပ်ချွံချွံကျောချင်းကပ်၊ ရင်ချင်းအပ်ပြီးတော့ တိုက်ပွဲဝင်ပေးတဲ့ မဟာမိတ်တဦးချင်းကို လည်း ကျေးဇူးအများကြီးတင်ပါတယ်။

မေး။ ။ ကန့်ဒေါင့်ရဲစခန်းကိုသိမ်းယူဖို့ PLA အနေနဲ့ စစ်ရေးဗျူဟာဘာကြောင့် ချမှတ်ခဲ့တာပါလဲ။

ဖြေ။ ။ ကန့်ဒေါင့်ရဲစခန်းက တကယ်ဗျူဟာမြောက်အရေးကြီးတဲ့ရဲစခန်းတခုဖြစ်တယ်။ ရဲစခန်းဆိုပေမယ့် စစ်တပ်ကသိမ်းပိုက်ပြီးတော့ စစ်အခြေခံစခန်းတခုလုပ်ထားတယ်ပေါ့နော်။ ကတုပ်တွေ၊ မိုင်းကွင်းအထပ်ထပ် နဲ့ သူတို့တွေ အခိုင်အမာကတုပ်လုပ်ပြီးတော့ အဲ့ဒီက တော်လှန်ရေးနယ်မြေထဲကအဖွဲ့တွေကို သူတို့က အဲ့နေရာကနေ ထိန်းချုပ်ထားတယ်။ အဲ့ဒီကန့်ဒေါင့်နဲ့ ဖိုခနောင့်ဆိုင်နေရာမှာ ပျူစောထီး အာကောင်းတဲ့ ရွာနှစ်ရွာရှိတယ်။ တခုက အင်မထီး (အင်ပင်ထီးလို့လည်း ခေါ်တယ်)၊ တခုက ဇီးဖြူကုန်း။ ဇီးဖြူကုန်းကျ နည်းနည်းဝေးတယ်၊ ၈ ကီလိုမီတာကျော်လောက်ဝေးတယ်။ ကန်ဒေါင့်က နေပြီးတော့ ဒီအင်ပင်ထီးကကြ တော့ ၅.၂ ကီလိုမီတာဝေးတယ် ကန်ဒေါင့်နဲ့။ အဲ့တော့ အဓိက ရန်သူက ဒီအင်ပင်ထီးရွာထဲကို Mi-17နဲ့ ခဲယမ်း လက်နက်တွေလိုရင် ပို့ပေးတယ်။ အဲ့ကနေ စစ်ကြောင်းထိုးတယ်။ ပျူတွေနဲ့ စစ်ကောင်စီကလူတွေပေါင်းပြီး တော့ ကုန်းကြောင်းစစ်ကြောင်းထိုးပြီးတော့ ကန်ဒေါင့်ထဲကိုဝင်လာပြီး ကန့်ဒေါင့်ရဲစခန်းကိုအားဖြည့်ပေါ့နော်။ အားဖြည့်ပြီးတော့ ကျမတို့ရဲဘော်တွေကိုတိုက်ဖို့ သူတို့အကြိမ်ကြိမ် ကြိုးစားတယ်။

ဒါပေမယ့် PLA ရဲဘော်တွေနဲ့ မဟာမိတ်တွေက ကြားကနေဖြတ်တိုက်တဲ့အခါမှာ သူတို့တပ်တွေလန့်ပြီးတော့ တပ်တွေ ပျက်ပြီးတော့ သူတို့အင်ပင်ထီးရွာထဲကို ပြန်ဝင်ပြေးရတာရှိတယ်။ အဲ့အချိန်မှာ သူတို့က တောက်လျောက် တရစပ်ဗုံးတွေကြဲတယ်။ သူတို့လူတွေ ရှေ့တက်လို့ရအောင် ဒါပေမယ့် ကျမတို့ရဲဘော်တွေ ကြံ့ကြံ့ခံတဲ့စိတ်ဓါတ်နဲ့ တိုက်ပွဲဝင်ခဲ့တာတွေကြောင့် သူတို့တွေ ရှေ့ကိုတိုးလို့မရဘူး။ တချို့တွေကြတော့လည်း အလစ်အငိုက်ဝင်ပြီးတော့ စခန်းထဲဝင်တိုက်တာတွေလည်း ရှိတယ်။ ဒါကြောင့် တိုက်ပွဲက နည်းနည်းကြာသွား တာ။ ကန်ဒေါင့်ရဲခစန်းထဲကိုလည်း သူတို့လက်နက်ခဲယမ်းတွေ လာချတာရှိတယ်။ ဒါပေမယ့် သူတို့နဲ့တိုက်ပွဲ ဝင်နေတဲ့ရဲဘော်တွေက လက်တကမ်းလောက်ပဲရှိတော့ သူတို့အထုပ်တွေချသွားတယ်၊ ချသွားတော့ ကျမတို့ ရဲဘော်တွေက ပစ်ခတ်တယ်။ အဲ့ဒါကြောင့် သူတို့တွေဒဏ်ရာအကြီးအကျယ်ရတာတွေ ကျတာတွေ ဖြစ်တယ် ပေါ့နော။ ကန့်ဒေါင့်ရဲစခန်းကိုတိုက်တာ ဒါဆိုရင် ၃ ကြိမ်မြောက်လို့ပြောရမယ်။

ကျမတို့ စစ်ဦးစီးနဲ့တိုက်တာကတော့ ဒါ ပထမဆုံးအကြိမ်ပေါ့။ အရင်နှစ်ကြိမ်လောက်တုန်းကလည်း ဒေသခံတပ်ရင်းတပ်ဖွဲ့တွေ ဝိုင်းပြီးတော့ စခန်းကိုတိုက်ခဲ့သေးတယ်။ အကြောင်းအမျိုးမျိုးနဲ့ ဒီစခန်းကို မသိမ်းပိုက်နိုင်ကြဘူးပေါ့နော်။ ပြန်ဆုတ်ခဲ့ရတာမျိုးပေါ့။ အဲ့ဒီနေရာက ပြောမယ်ဆို ပုလဲနဲ့လည်း တော်တော်နီးတယ်။ ပုလဲ-ဂန့်ဂေါ သွားတဲ့လမ်းပေါ်မှာရှိတယ်။ အဲ့လမ်းကလည်း အိန္ဒိယဘက်ထိဆက်သွားတဲ့ အာရှလမ်းမကြီးပေါ်မှာလည်းရှိတယ်။ နောက်ပြီးတော့ ကန်ဒေါင့်ရဲ့ အနောက်မြောက်ဘက်မှာလည်း ကပစတခု ရှိတယ်။ နောက် အနောက်တောင်မှာလည်း ကပစ တခုရှိသေး တယ်။ နောက်တခုက ပုလဲကနေ ဆက်သွားရင်လည်း မုံရွာတို့၊ ပခုက္ကူတို့ ဆက်သွားတဲ့လမ်းဖြစ်နေတယ်၊ အဲ့နားမှာ။ အဲ့ မုံရွာ နမခကလည်း တိုက်ရိုက်ကွပ်ကဲပြီးတိုက်နေတာ ဒီစခန်းသိမ်းတိုက်ပွဲမှာ သူတို့စခန်း မကျသွားဖို့ကို။ နောက် ဂန့်ဂေါကနေ လည်း ချင်းပြည်ဘက်ကို သွားလို့ရတယ်။ ချင်းပြည်ကနေ ရခိုင်ဘက်ကို ဆက်သွားလို့ရတယ်။ နောက် ဒီဘက် ကလည်း မကွေးနဲ့လည်းနီးတယ်၊ ကပ်နေတယ်။ အဲ့တော့ဒေသတွေက တကယ်ဆိုဆက်စပ်နေတဲ့နေရာ အဓိကလမ်းမကြီးလိုဖြစ်နေတဲ့အတွက် ဒီနေရာ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် တကယ်ကို သွားရေး လာရေးခက်ခဲတယ်။

သူတို့က လမ်းဆုံလမ်းခွမှာ နေပြီးတော့ ဒုက္ခတွေပေးနေတာကြောင့် ဒီစခန်းကို မရရအောင်တိုက်ဖို့က အရမ်းအရေးကြီးတယ်။ ဒီစခန်းက ကျမတို့ PLA ရဲဘော်တွေအတွက်ရော မဟာမိတ်တွေအတွက်ရော ဆူးတချောင်းပေါ့နော။ ဒီဆူးကြီးတချောင်း ကို နူတ်ပစ်လိုက်နိုင်မယ်ဆိုရင် ကျမတို့မဟာမိတ်ရဲဘော်တွေ သွားရေးလာရေး သယ်ယူပို့ဆောင်ရေး လွယ်ကူ သွားမယ်။ ဒါကြောင့် ကျမတို့ PLA က ရဲဘော်တွေက ဦးဆောင်ပြီး တိုက်ပွဲဝင်နေတာ။ အဲ့ဒီမှာ မဟာမိတ်တွေ ကလည်း ကျမတို့ကိုယုံယုံကြည်ကြည်နဲ့ လက်တွဲ ပြီးတော့ ရွပ်ရွပ်ချွံချွံတိုက်ခိုက်တဲ့အတွက်ကြောင့် ကန်ဒေါင့် ရဲစခန်းက အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်၊ ၁၉ ရက်နေ့ မနက် ၆ နာရီ ၄၀ မှာ။ တိုက်ခိုက်သိမ်းပိုက်ပြီး နောက်ပိုင်းမှာ ရဲစခန်းထဲကို သူတို့ဗုံးတွေလာကြဲတာ တွေရှိတယ်။ ၁၉ ရက်နေ့မှာလည်း မနက်ကနေ ညနေစောင်းအထိကို တောက်လျောက်ကြဲတယ်။ နောက် ၂၀၊ ၂၀ ရက်မှာ အဲ့နှစ်ရက်လောက်မကြဲဘဲနဲ့ အခုဗုံးတွေ ပြန်ကြဲနေတယ်။ နှစ်ရက် သုံးရက်လောက်ရှိပြီ။ Y-12 တွေ ဂျက်ဖိုက်တာတွေနဲ့။ အင်မထီးဘက်ကလည်း စစ်ကောင်စီနဲ့ ပျူစောထီးစစ်ကြောင်းတွေက ကန်ဒေါင့် ဘက်ကို ပြန်ထွက်လာချင်တဲ့ပုံစံတွေ ရှိနေတယ်။ အဲ့ဒါကို ကျမတို့ ရဲဘော်တွေက ဖြတ်တိုက်တဲ့အတွက် တိုက်ပွဲလေးတွေတော့ ဖြစ်တာတွေရှိတယ်။

ပုံစာ – ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲဝင်ရဲဘော်များနှင့် PLA က ပစ်ချခဲ့သည့် စစ်ကောင်စီလေယာဉ်။

မေး။ ။ တိုက်ပွဲ ၁၈ ရက်အတွင်းမှာ စစ်ကောင်စီရဲ့လေယာဉ်တစင်းကိုလည်း PLA က ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားတာလည်း တွေ့ရတယ်။ ဒါပေမယ့် တဖက်မှာလည်း ပုလဲပကဖအဖွဲ့တွေကလည်း သူတို့ဘက်က ပစ်ချတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်းရှိနေတော့ ဒီဖြစ်စဉ်အပေါ်မှာ ရှင်းပြပေးပါဦး။

ဖြေ။ ။ တိုက်ပွဲက ဇွန် ၂ ရက်မှာစတာ။ ဒီဂျက်ဖိုက်တာကိုပစ်ချနိုင်တာက ဇွန် ၁၀ ရက်မှာ။ ဆိုတော့ ၈ ရက် အတွင်းမှာ PLA က ပစ်ချနိုင်ခဲ့တာပေါ့နော်။ ဒါပေမယ့် တဖက်မှာလည်း တခြားအဖွဲ့အစည်းတွေက သူတို့ ပစ်ချတယ်ဆိုပြီး ပြောတာတွေကိုတွေ့တယ်ပေ့ါနော်။ ဒါပေမယ့် ကျမတို့ပစ်ချတာကတော့ မှန်ကန်တယ် ပေါ့နော်။ ဒါက ကျမတို့က တာဝန်ခံတယ်၊ တာဝန်ယူပြီး ပြောလို့ရတယ်။ အဲ့ဒါတွေကို မျက်မြင်သက်သေရှိတဲ့ မဟာမိတ်အဖွဲ့အစည်းတွေလည်းရှိတယ် ဒါကျမတို့တစ်ဦးထဲ ပြောတာမဟုတ်ဘူး။ ဒီအချိန်မှာ ကျမတို့က အကျယ်တဝင့်မရှင်းပြချင်တဲ့အတွက်ကြောင့် မရှင်းတော့တာ။ ဒီတော်လှန်ရေးအဖွဲ့ချင်းအတူတူ စကားများ ရန်ဖြစ်လို့ကလည်း မသင့်တော်ဘူး။ အဲ့တော့ သူတို့ပြောချင်လည်း ပြောနေကြပါစေပေါ့။ ကျမတို့ကတော့ ကျမတို့ပစ်ချခဲ့တာ မှန်ကန်တယ်။ ဘာနဲ့ပစ်ချလဲဆိုတာကိုတော့ အတိကအကျ ထုတ်ပြန်လို့မရသေးဘူး။ လုံခြုံရေးအခြေအနေအရ ပြောလို့မရဘူး။

ဘာလို့ဆို ကျမတို့ရဲဘော်တွေက ဒီ ၁၀၂၇ စစ်ဆင်ရေးပထမလှိုင်း၊ ဒုတိယလှိုင်းမှာ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေဖြစ်တယ်။ ဒီရရှိလာတဲ့ရဲဘော်တွေကလည်း ဒီရဲဘော်တွေ အသက်သွေးချွေးနဲ့ရင်းပြီး ရလာတဲ့ လက်နက်တွေ၊ ရန်သူ့လက်နက် ကိုယ့်လက်နက်လုပ်ပြီးတော့ တိုက်ပွဲဝင်လာကြတာ။ သူတို့တွေက မဟုတ်မမှန်မပြောဘူးဆိုတာ ကျမတို့ရဲဘော်တွေကို ကျမတို့ယုံကြည်တယ်။ ဒါကြောင့် ဒါကကျမတို့ ရဲဘော်တွေပဲ ပစ်ချခဲ့တယ်ဆိုတာကို ကျမကပြောချင်ပါတယ်။ ဒီလေယာဉ်ပစ်ချတဲ့ကိစ္စမှာ ရန်သူဘက်က (စကစ) တော့ ပျက်ကျတယ်လို့ ပြောတာပေါ့နော်။ အဲ့ဒါကို သံယောင်လိုက်ပြီး ပြောသူတွေလည်းရှိတယ်။ တချို့က သူတို့ပစ်ပါတယ်ဆိုပြီး ပြောသူတွေလည်းရှိတယ်။ ဒါက ဒေသတွင်းပြည်သူတွေကလည်း သိပါတယ်။ ဘယ်အဖွဲ့အစည်းက ဘယ်လောက်ရိုးသားမှုရှိလဲ၊ ဘယ်အဖွဲ့အစည်းက ဘယ်လောက်လုပ်ရည်ကိုင်ရည်ရှိလဲ၊ ဘယ်အဖွဲ့အစည်းက ဘယ်လောက်ပေးဆပ်စွန့်လွတ်နိုင်တာရှိလဲဆိုတာ အဲ့ဒီအပေါ်မှာ သူတို့ဆုံးဖြတ်ပါလိမ့် မယ်။ ဘယ်အဖွဲ့ပြောတာက ယုံကြည်ရတယ်၊ မှန်ကန်တယ်ဆိုတာ ဘယ်သူပြောတာက လွဲချော်မှုတွေ ရှိနေတယ်ဆိုတာကို အများကဆုံးဖြတ်ပေးပါလိမ့်မယ်။

မေး။ ။ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း PLA က စစ်ကူတွေမပို့နိုင်အောင် ယင်းမာပင်ပကဖအဖွဲ့က တားဆီးနေတယ်ဆိုပြီး သတင်းတွေလည်း ထွက်လာတာရှိတော့ ဒီဖြစ်စဉ်ကရော တကယ်ဖြစ်ပွားခဲ့တာမျိုး ရှိပါလား၊ နှစ်ဘက်ဘယ်လိုများညှိနှိုင်းမှုတွေ လုပ်ခဲ့ရပါသေးလဲ။

ဖြေ။ ။ ဘယ်အဖွဲ့က တားလဲတော့မသိဘူး။ နည်းနည်းသွားလာရခက်တာတွေ အတားခံရတာတွေတော့ ရှိတယ်။ PLA တခုထဲ တားတာမဟုတ်ပါဘူး၊ ပြည်သူတွေပါပေး မသွားပါဘူး။ ဒီမှာအန္တရာယ်ရှိလို့ပါလို့ ပြောတယ်။ ဒါပေမယ့် တကယ့်တကယ်ကြတော့ PDF အဖွဲ့တွေ ကျန်တဲ့ပကဖအဖွဲ့အစည်းတွေကြတော့ အဲ့ဒီနေရာမှာ လွတ်လွတ်လပ်လပ် သွားလို့လာလို့ရပြီးတော့ PLA က သွားလို့မရတာတွေ၊ တချို့ပြည်သူတွေက သွားလို့မရတာတွေ ဖြစ်ခဲ့တာကတော့ တကယ်အမှန်ပဲပေါ့နော်။ ဘယ်အဖွဲ့ကတားတယ် မတားဘူးဆိုတာက ကျမအတိအကျ မပြောချင်ဘူးပေါ့နော်။ တချို့ဟာတွေက ညီညွတ်ရေးကိုထိခိုက်နိုင်တဲ့အတွက် ထုတ်မပြော ချင်ဘူး။ ဒါပေမယ့် ကျမတို့သက်ဆိုင်ရာအကြီးအကဲတွေကတော့ အခြေအနေက ဒီဘက်မှာဒီလိုဆိုပြီး သတင်းပို့ထားတာရှိတယ်။ ဒီဘက်မှာ ဒီလိုအခက်အခဲဖြစ်နေတယ်ဆိုတာကို MOD က အကြီးအကဲတွေကို ကျမတို့လည်းအချိန်နဲ့တပြေးညီပြောဆိုပြီး တင်ပြထားတာတွေတော့ရှိပါတယ်။ သူတို့လည်း သိပါတယ်။

မေး။ ။ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းမိသူတွေထဲမှာ စစ်ကောင်စီ ပေါ်တာဆွဲဖမ်း၊ စစ်သင်တန်းပေးပြီးရှေ့တန်းလွှတ်ထားတဲ့ ကလေးစစ်သားတွေလည်းပါနေတော့ ဒီပပေါ်မှာ PLA က ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ဟုတ်ကဲ့၊ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲဖမ်းမိသူတွေထဲမှာ စစ်ကောင်စီကပေါ်တာဆွဲဖမ်းဆီးထားတဲ့ သူတွေထဲက ကလေးစစ်သားလေးတယောက်ပါနေတယ်။ ကျန်တာကတော့ အသက်ပြည့်တယ်ပေါ့နော်။ ကျမတော့စိတ်မကောင်းဖြစ်မိတယ်။ သားသမီးချင်းလည်း ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့်သူတို့တွေက လည်း ရန်သူစစ်ကောင်စီကအဓမ္မဖမ်းဆီးပြီးတော့မှ စစ်သားလုပ်လာရတဲ့ကလေးစစ်သားလေးတွေဆိုတော့ ကျမတို့လည်း ကောင်းကောင်းဆေးတွေဘာတွေကုပြီးတော့ စောင့်ရှောက်ထားပါတယ်။ စစ်ကောင်စီက နေရာတကာမှာစစ်ရှုံးနေတော့ လေကြောင်းကနေပဲ မဲသဲပြီးလိုက်တိုက်နေရတော့ ဒီမြေပြင်မှာသူတို့ လုပ်နိုင် တဲ့ဟာဘာမှမရှိဘူး။ သူတို့မှာလည်း စစ်သည်အင်အားတွေအရမ်းလျော့တဲ့အခါကျ တွေ့တဲ့သူအကုန်လုံးကို သူတို့စစ်တပ်ထဲကိုဆွဲသွင်းတာ။ လမ်းဘေးအကင်ရောင်းတဲ့ကလေးလည်းသွင်း၊ မိန်းကလေးတွေ့လည်းသွင်း၊ အသက်ကြီးတဲ့သူလည်းသွင်းဆိုတာ သူတို့စစ်ရှုံးနေတဲ့ဆိုတာဟာရဲ့ ဆိုင်းတွေ၊ ညွှန်းကိန်းတွေ ပြနေတာလို့ နားလည်ရတယ်။

တဖက်ကလည်း တော်လှန်ရေးအင်အားစုတွေကို သူတို့ တရကြမ်းဖိတိုက်ချင်လို့ အင်အားတွေမရ ရအောင် ဖြည့်ပြီးတော့ ဒီဘက်ကောင်းကင်ကတိုက်၊ မြေပြင်ကတိုက် နည်းမျိုးစုံနဲ့ဒုက္ခပေးဖို့ သူတို့လုပ်နေတာပေါ့နော်။ ဒီစစ်သားလေးကလည်း ကံကောင်းလို့ ကျမတို့တွေနဲ့လာတွေ့လို့ပေါ့နော်။ အသက်ကလည်း ၁၅နှစ်လောက်ပဲ ရှိသေးတယ်။ ဒီဘာမဆိုင်တဲ့ကလေးတွေကို ဒီစစ်တပ်ထဲဆွဲသွင်းပြီး မတရားလုပ်တာတွေက စစ်ကောင်စီ ကအရင်ကလည်းလုပ်တာရှိတယ်။ အခုကတော့ လက်တွေ့ မြင်လိုက်ရတာဖြစ်တယ်။ ဒါမလုပ်သင့်ဘူး။ နောက်ပြီးမဆိုင်တဲ့ ရပ်ကျေးရွာတွေ ပေါ်လည်း ဗုံးမိုးတွေ ရွာတယ်၊ ကြဲတယ်။ ဘာသာရေးအဆောက်အဦး ခရစ်ယာန်ဘုရားကျောင်း ဗုဒ္ဓဘာသာကျောင်း စာသင်ကျောင်းတွေ အဲ့ဒါတွေအကုန်လုံးပေါ်မှာ ဗုံးတွေတရစပ် ကြဲနေတာတွေက အင်မတန်မိုက်ရိုင်း ယုတ်မာတဲ့ အလုပ်တွေ ဖြစ်တယ်။ ဒါမလုပ်သင့်တဲ့ဟာ စစ်သား စစ်သားချင်းတိုက်ပါ မဆိုင်တဲ့ပြည်သူလူထုတိုက်တာ သတ္တိ အရမ်းကောင်းတယ်ဆိုလည်း စစ်သား၊ စစ်သားချင်းတိုက်ပါလို့ စစ်ကောင်စီကိုအဲ့ဒီတခုတော့ပြောချင်တယ်။

ပုံစာ – တိုက်ပွဲအတွင်း တွေ့မြင်ရသည့် PLA အမျိုးသမီးရဲဘော်များ။

မေး။ ။ ဒီတိုက်ပွဲမှာ အမျိုးသမီးရဲဘော်တွေလည်းပါဝင်မှုရှိခဲ့တယ်ဆိုတော့ စခန်းသိမ်းတိုက်ပွဲအတွင်း ဘယ်လိုပုံစံမျိုးနဲ့ ပါဝင်ဆောင်ရွက်မှုတွေရှိခဲ့လဲဆိုတာ ပြောပြပေးပါဦး။

ဖြေ။ ။ ဒီစခန်းသိမ်းတိုက်ပွဲအချိန်မှာ အမျိုးသမီးရဲဘော်တွေလည်း စုစုပေါင်း ၄၀ ကျော်၊ ၅၀ ကျော်လည်း ပါဝင်တယ်ပေါ့နော်။ မဟာမိတ်တပ်တွေထဲမှာလည်း ပါတယ်။ ဒရုန်းတပ်တွေထဲမှာလည်း အမျိုးသမီးတပ်တွေ ပါတယ်။ ကျန်တဲ့ဒီအရှေ့ကိုတက်တိုက်တဲ့ထဲမှာလည်း အမျိုးသမီးရဲဘော်လေးယောက်ပါတယ်။ နောက်မှာ ဆေးတပ်တွေ ဖြတ်တောက်ရေးပိုင်းတွေမှာလည်းပါတော့ အားလုံးပေါင်းလိုက်ရင် အမျိုးသမီးရဲဘော် လေးဆယ်ကျော် ငါးဆယ်လောက်ပါတယ်ပေါ့။ အမျိုးသမီးရဲဘော်တွေက ရှေ့စတိုက်ကတည်းပါတာ နောက်ဆုံးအောင်ပွဲရတဲ့အထိ တိုက်နိုင်တဲ့ရဲဘော်တွေလည်းပါတယ်။ တချို့အမျိုးသမီးရဲဘော်တွေက ကာကင်းအနေနဲ့တိုက်တယ်။ တချို့က ထိုးစစ်တွေထဲမှာပါတယ်။

ရန်သူ့ဘက်ကလက်နက်ကြီးတွေမှန်ပြီး တချို့ တယောက်နှစ်ယောက်ဒဏ်ရာရသွားတာလည်းရှိတော့ တချို့ဆေးသွားကုရတာလည်းရှိတယ်။ ကျန်တဲ့ ရဲဘော်တွေက ဆက်ပြီးတိုက်ပွဲဝင်တယ်ပေါ့နော်။ နေရာဒေသအသီးသီးမှာ ပုံစံမျိုးစုံနဲ့တိုက်ပွဲဝင်တဲ့ အတွက်ကြောင့် အမျိုးသမီးရဲဘော်တွေကိုလည်း လေးစားပါတယ်။ ဂုဏ်ယူပါတယ်။ အမျိုးသမီးရဲဘော်တွေက ဒီမှာပထမဆုံးအနေနဲ့ စခန်းသိမ်း ဝင်တိုက် တယ်ဆိုပေမယ့် တခြားပြောက်ကျား တိုက်ပွဲတွေမှာလည်း အမျိုးသမီးတွေဝင်တိုက်တာတွေ လည်းရှိတယ်။ ဒီတိုက်ပွဲကတော့ ပိုကြီးတယ်ပေါ့နော်။ အမျိုးသမီးတွေပါဝင်တဲ့ အရေအတွက်လည်း ပိုများတယ်။ ပထမ တိုက်ပွဲတွေမှာလည်း အမျိုးသမီးတွေက ဆေးတပ်တွေ၊ ဒဏ်ရာရတဲ့ရဲဘော်တွေကို တက်ဆွဲတဲ့ တကယ့် ရှေ့တန်းနေရတာတွေမှာသွားပြီး တိုက်ပွဲဝင်တဲ့ အမျိုးသမီးတွေအများကြီးရှိတယ်။

တိုက်ခိုက်ရေးပိုင်းသာ မလုပ်ခိုင်းတာပေါ့နော်၊ အခုတခေါက်မှာတော့ ပိုများတယ်။ ကာကင်းတွေ၊ ရှေ့တန်းထိုးစစ်ဆင်တဲ့နေရာတွေမှာ ပါဝင်တယ်။ အမျိုးသမီးတွေလည်း တကယ် သတ္တိ ရှိတယ်၊ ဂုဏ်ယူဖို့ကောင်းတယ်။ ယောကျာ်းလေးရဲဘော်တွေနဲ့ ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်နို င်တဲ့ အတွက်ကြောင့် ချီးကျူးဂုဏ်ယူမိတယ် သူတို့အတွက်။ အမျိုးသမီးတွေက အရင်ထဲကသူတို့တိုက်ပွဲ ဝင်ချင်တယ်၊ ရှေ့ကို တက်ချင်တယ်လို့ တောင်းဆိုထားတာတွေရှိတယ်။ ကျမတို့မှာလည်း အခြေအနေ အကြောင်း အမျိုးမျိုးကြောင့် အမျိုးသမီးတွေကို တိုက်ပွဲထဲဝင်ခွင့် မပေးခဲ့ရတာတွေရှိတယ်ပေါ့နော်။ ဒီတခေါက်မှာတော့ သူတို့သေချာတိုက်နိုင်ခဲ့တယ်။ တိုက်တဲ့အပေါ်မှာ တချို့ဒဏ်ရာရသွားတာလည်းရှိတယ်။

မေး။ ။ ဒီစခန်းသိမ်းတိုက်ပွဲဟာ PLA ရဲ့ အောင်ပွဲလို့လည်း ပြောလို့ရတယ်ဆိုတော့ ဒီပေါ်မှာ အားရကျေနပ်မှုရှိပါလား။

ဖြေ။ ။ ဒီကန့်ဒေါင့်ရဲစခန်းကို တိုက်တယ်ဆိုတာကလည်း ကျမတို့ဒီစစ်ဦးစီးနဲ့ အားလုံးမဟာမိတ်တွေ ပေါင်းစပ်ပြီးတော့ အောင်အောင်မြင်မြင် ဗျူဟာမြောက်စခန်းကြီးတခုကို တိုက်နိုင်ခဲ့တဲ့အတွက်ကြောင့် သမိုင်းဝင်အောင်မြင်မှုတခုဖြစ်တာကြောင့်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျမတို့ပြောချင်တာက ပြည်သူလူထုကို ကျေးဇူးအများကြီးတင်ပါတယ်။ မဟာမိတ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ကျမတို့အမျိုးသမီးရဲဘော်တွေ အမျိုးသားရဲဘော်တွေရော အားလုံးတယောက်ချင်းစီရဲ့ ပေးဆပ်စွန့်လွှတ်မှု တွေကို အလေးနီပြုပါတယ်။ ကျမတို့ဒီနေရာမှာ စကားပြောခွင့်ရနေတယ်ဆိုတာလည်း ကျမတို့ရဲဘော်တွေ အသက်သွေးချွေးတွေ ပေးဆပ်စွန့်လွှတ်ပြီးတော့ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့တဲ့ အောင်လံတွေကြောင့်သာ ကျမလည်း ဒီလိုစကားပြောခွင့်ရတာပေါ့နော်။ နောက်ထပ်လည်း အောင်ပွဲတွေအများကြီး ဆက်ယူဆောင် ပေးဖို့လည်း သံဓိဌာန်ချထားပါတယ်။ ဗမာတပြည်လုံး ဖိနှိပ်ခံတိုင်းရင်းသားပေါင်းစုံလွတ်မြောက်တဲ့အထိ ကျမတို့ PLA က ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။

မေး။ ။ PLA က မဟာမိတ်တပ်ဖွဲ့ BPLA ရဲ့ စစ်သင်တန်းဆင်းပွဲမှာ NUG၊ TNLA၊ AA၊ KNDF တို့က တာဝန်ရှိသူတွေနဲ့အတူ ပါဝင်တက်ရောက်တာကိုလည်းတွေ့ရတော့ မဟာမိတ်တွေနဲ့ ပူးပေါင်းဆက်ဆံရေး အခြေအနေတွေရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ BPLA စစ်သင်တန်းဆင်းပွဲကိုဖိတ်ကြားတဲ့အတွက် ကျမတို့သွားတက်ရောက်ခဲ့တယ်။ အမှာစကားတွေလည်း ပြောခွင့်ရခဲ့တယ်။ ကျမတို့က ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းတုန်းက BPLA နဲ့ စစ်မြေပြင်မတူဘဲ တိုက်ခဲ့တယ်။ ဒုတိယလှိုင်းမှာ လားရှိုးကိုတိုက်တဲ့အခါမှာ အတူတွဲတိုက်ရတယ်။ ပထမလှိုင်းမှာတုန်းက KNDF နဲ့လည်း စစ်မြေပြင်မတူဘူး။ ဒါပေမယ့် သိန္ဒီတိုက်ပွဲမှာ ၂၂ ရက်တိုက်တဲ့ အချိန်မှာ နောက်ဆုံး ၃၊ ၄၊ ၅ ရက်မှာ KNDFနဲ့ တွဲတိုက်ရတယ်။ စကဒ ၁၆ ကိုသိမ်းတဲ့အချိန်မှာဆိုတော့ အဲ့ဒီစစ်မြေပြင်မှာ KNDFနဲ့ တခါကြုံခွင့ရတယ်။ ဟိုအရင် သင်တန်းတက်တဲ့အချိန်မှာလည်း သင်တန်းကွင်း တွေထဲမှာ အတူတူပဲတက်ခဲ့ကြတယ်။ BPLA ၊ KNDF တို့နဲ့ အတူတူပဲဆိုတော့ ရဲဘော်ချင်းက နဂိုထဲကရင်းနှီးမှု ရှိတယ်။ တိုက်ပွဲတွေကြုံရင် အပြန်အလှန်ကူညီကြမယ် ဖေးမကြမယ်ဆိုတာလည်း ဒါကပြောထားကြပြီးသား။

၁၀၂၇ ပထမလှိုင်း သိန္ဒီမှာတိုက်တုန်းကလည်း MOD တို့ မန္တလေး PDF အဖွဲ့တွေက ဒရုန်းပိုင်းတွေ တာဝန်ယူ တာရှိတယ်။ နောက် ကျန်းမာရေးပိုင်းနဲ့ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရသူတွေကိုလည်း NUG က တာဝန်ယူ တယ်။ CDM ဆရာဝန်ကြီးတွေ၊ သူနာပြုတွေ ဆေးပိုင်းတာဝန်ရှိသူတွေ အားလုံးပါပဲဝိုင်းပြီး တာဝန်ယူပေး ကြတယ်။ ငွေရေးကြေးရေးပိုင်းဆို ကိုးကန့်ကထုတ်တာပေါ့နော်။ NUG ဘက်က ထုတ်တာလည်းရှိတယ်။ အတတ်ပညာပိုင်းကတော့ NUG ဘက်ကအဓိကပေါ့နော်။ ဒုတိယပိုင်းမှာလည်း တအာင်းကအလှုငွေ ထုတ်ပြီးတော့ သူတို့လုပ်ပေးပါတယ်။ ဒုတိယလှိုင်းမှာ ကျမတို့စစ်ကြောင်းတကြောင်းက လားရှိုးဘက်မှာ ဝင်တိုက်တယ်။ နောက်တကြောင်းက မိုးမိတ်တို့ဘက်မှာတိုက်တာပေါ့။ အကုန်လုံး သူ့ဟာနဲ့သူ တာဝန်ယူပေး ကြပါတယ်၊ ကျန်းမာရေးပိုင်းတွေကလေ။

အဲ့တော့ ဒီမဟာမိတ်တွေက ဒီတိုက်ပွဲတွေမတိုက်ခင်ကတည်းက ကျမတို့ကတွေ့ဖူးဆုံဖူး မိတ်ဆက်ဖူးထားတယ်။ တယောက်သဘောထားလည်း တယောက်သိကြတယ် ဆိုတော့ ဒီဘုံရန်သူကို အားလုံးတွဲတိုက်မှ ရမယ်ဆိုတဲ့အသိ အားလုံးမှာရှိတယ်။ ရှိတဲ့အခါကြတော့ တကယ်ကြုံလာတဲ့အခါမှာလည်း အားလုံးလက်တွဲပြီး တိုက်ကြတယ်။ အခုလည်း တိုက်နေပါတယ်။ အခု ကန့်ဒေါင့်ရဲစခန်းမှာ ABSDF တို့ ဘာတို့နဲ့လည်း တွဲတိုက်တယ်။ တွင်းငယ်ဘက်တို့မှာလည်း တွဲတိုက်တယ်။ BPLA နဲ့ ကျတော့ တွင်းငယ်မှာလည်း ခဏတွဲတိုက်လိုက်သေးတယ်။ အားလုံးကတော့ တကယ့်ညီရင်းအကိုစိတ်ရင်းတွေနဲ့ ဒီဘုံရန်သူပြုတ်ကျအောင် ဘယ်လိုပဲ နိုင်ငံရေးအမြင်တူသည်ဖြစ်စေ မတူသည်ဖြစ်စေ မတူတာတွေနောက်ထားပြီးတော့ တူတာတွေတွဲ လုပ်ကြမယ်၊ မတူတာတွေ ခွဲလုပ်ကြမယ်ဆိုတဲ့စိတ်နဲ့ အလုပ်လုပ်နေကြပါတယ်။ ကျမတို့လည်း အဲ့လိုစိတ်နဲ့ပဲ အလုပ်လုပ်နေပါတယ်။ အဆင်ပြေပါတယ် သူတို့တွေနဲ့ လုပ်ရကိုင်ရတာလဲ။

ရှမ်းနီအသံ ပေးပို့သည်။