28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းNLD အစိုးရလက်ထက် လက်နက်အသစ်တပ်ဆင်မှု ပြောဆိုချက်အပေါ် KNU တုံ့ပြန်

NLD အစိုးရလက်ထက် လက်နက်အသစ်တပ်ဆင်မှု ပြောဆိုချက်အပေါ် KNU တုံ့ပြန်

အရပ်သားအစိုးရ NLD လက်ထက်က KNU – ကရင်အမျိုးသားအစည်းအရုံးမှ လက်နက်အသစ်တပ်ဆင်သည့်ကိစ္စနှင့် လက်ရှိ ပဋိပက္ခဆက်နွယ်နေသည့် ပြောဆိုချက်အပေါ် KNU ပြောခွင့်ရပဒိုစောတောနီးက တုံ့ပြန်ပြောဆိုသည်။

စစ်ကောင်စီက ၃ ရက်တာ ကျင်းပပြုလုပ်နေသည့် ငြိမ်းချမ်းရေးဖိုရမ်တွင် တက်ရောက်လာသူ Myanmar Narrative အဖွဲ့မှ ဦးညိုအုန်းမြင့်က လက်ရှိပဋိပက္ခများနှင့်စပ်လျဥ်း၍ NCA ရေးထိုးပြီး ၂၀၁၈ ခုနှစ်တွင် တိုင်းရင်းသားများ အထူးသဖြင့် KNU ၏ လက်နက်တပ်ဆင်မှု ပြုလုပ်ခဲ့သည့်အခင်းအကျင်းကို ပြန်ကြည့်ရန်လိုကြောင်း ပြောဆိုသွားခြင်းဖြစ်သည်။

KNU ပြောခွင့်ရ ပဒိုစောတောနီးက “၂၀၁၈ မှာ တခုတည်းသောတပ်မတော်ဆိုပြီး တပ်ချုပ်ဘက်က မရမက လုပ်လာတာရှိတယ်။ အဲဒါက ငြိမ်းချမ်းရေးဖြစ်စဥ်အပေါ် လမ်းချော်သွားတာ။ ဒါကြောင့် ကျနော်တို့ ၂ နှစ်ကြာတဲ့အထိ လမ်းမှန်ပြန်ရောက်အောင် ဆွေးနွေးကြတယ်။ အဲဒါကို ထည့်မပြောဘဲနဲ့ မဟုတ်မဟတ်တွေ လျှောက်ပြောတယ်။ အဓိကပြောချင်တာကတော့ ငြိမ်းချမ်းရေးဖြစ်စဥ်တခုလုံး ပျက်ဆီးသွားတာ စစ်တပ်က လောဘဇောတိုက်ပြီး အာဏာသိမ်းလိုက်တာကြောင့်ပဲ” ဟု တုံ့ပြန်ပြောသည်။

NCA ကာလ၊ ၂၀၁၈ ခုနှစ် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံပြီးနောက်ပိုင်း ဆွေးနွေးချက်များအနက် လုံခြုံရေးကဏ္ဍအောက်ရှိ စစ်ကောင်စီဘက်ကတောင်းဆိုသည့် တခုတည်းသော တပ်မတော်ထားရှိရေးအချက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရအဖွဲ့များ နှစ်ဖက်အငြင်းပွားစရာ ရှိခဲ့ဖူးသည်။

KNU ဘက်ကလည်း ထိုအချက်အပေါ်အရင်းခံပြီး ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင်အစည်းအဝေးများ တက်ရောက်မှုကို ယာယီရပ်ဆိုင်းကာ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများသာ ပြုလုပ်မည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် နိုဝင်ဘာလက တရားဝင်ထုတ်ပြန်ခဲ့သည်။

ထို့နောက် KNU နှင့် အစိုးရအဖွဲ့တို့ အလွတ်သဘောဆွေးနွေးမှု ၈ ကြိမ်အပြီး ဆွေးနွေးမှု ပြေလည်ခဲ့သော်လည်း စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းလိုက်သည်။

ယင်းနောက် NCA ပျက်ပြယ်ကြောင်း ချင်းအမျိုးသားတပ်ဦး – CNF၊ ကျောင်းသားတပ်မတော် – ABSDF တို့နှင့် KNU က ပူးပေါင်း၍ ၂၀၂၃ ခုနှစ်အတွင်း တရားဝင် စာထုတ်ပြန်ခဲ့သည်။

ပဒိုစောတောနီးက “ပြဿနာတွေ ပိုဆိုးလာတာ ဒီလိုလုပ်တဲ့လူတွေရဲ့တာဝန်၊ ငြိမ်းချမ်းရေးဖြစ်စဥ်ကို အရင်းခံပြဿနာက စရှင်းရမှာ။ အဓိက စစ်တပ်က နိုင်ငံရေးကနေ စွန့်ခွာရမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ဆွဲရမယ်၊ ကျူးလွန်သူတွေ တာဝန်ခံရမယ်။ အဲဒီလိုမှမလုပ်ရင် ဘာမှကို ရှင်းလို့မရဘူးလို့ပဲ ပြောချင်တယ်ဗျာ” ဟု ဆက်ပြောဆိုသည်။

လက်ရှိ၌ စစ်ကောင်စီ၏ အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့ဘက်က ဦးဆောင်ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဖိုရမ် – ၂၀၂၅ ကို KNU အပါအဝင် အတိုက်အခံအဖွဲ့များ တက်ရောက်ခြင်းမရှိသော်လည်း စစ်ကောင်စီနှင့် ဆက်ဆံရေးရှိနေသည့် ကရင်ငြိမ်းချမ်းရေးကောင်စီ – PC အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ တက်ရောက်လျက်ရှိနေသည်။

ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြုလုပ်သွားမည့် ငြိမ်းချမ်းရေးဖိုရမ်တွင် လာမည့်ဒီဇင်ဘာတွင် စတင်မည့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေးကိစ္စ၊ ရွေးကောက်ပွဲအလွန် ကိစ္စများကိုလည်း အဓိကထား ဆွေးနွေးသွားကြမည်ဟု စစ်ကောင်စီတပ်ထိန်းချုပ်သည့်မီဒီယာများမှ သိရသည်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇွန်လ ၂၅ ရက်နေ့က ငြိမ်းချမ်းရေးဖိုရမ် အဖွင့်အမှာစကား ပြောရာတွင် ၎င်းတို့ကိုဆန့်ကျင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို ရွေးကောက်ပွဲ နည်းလမ်းမှတဆင့် လက်နက်စွန့်၊ ငြိမ်းချမ်းရေးစကားပြောရန် ဖိတ်ခေါ်ခဲ့သေးသည်။

KIC ပေးပို့သည်။