ထားဝယ်ခရိုင်အတွင်း ပညာရေးအခြေအနေ၊ ရပ်ရွာလူထုအခြေပြု အခမဲ့ပညာရေးကျောင်းဖော်ဆောင်မှုနှင့် ပတ်သက်ပြီး Democracy Movement Strike Committee-Dawei (DDMSC) လူထုစည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီ၏ လူထုစည်းရုံးရေးတာဝန်ခံ ကိုမင်းဇော်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် လူထုလှုပ်ရှားမှုမှပေါက်ဖွားလာသော Democracy Movement Strike Committee-Dawei (DDMSC) သည် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း လူထုဦးဆောင်သော သပိတ် လှုပ်ရှားမှုများကို လက်ရှိအချိန်အထိ ဦးဆောင်ပြုလုပ်လျက်ရှိသည်။
DDMSC အောက်တွင် ဖွဲ့စည်းထားသည့် ပညာရေးဆပ်ကော်မတီကနေ ထားဝယ်ခရိုင်အတွင်း ရပ်ရွာလူထု အခြေပြုကျောင်းများ ဖြစ်ပေါ်လာစေရန်နှင့် အခမဲ့ပညာရေးစနစ် ဖြစ်ထွန်းလာစေရန် ဝိုင်းဝန်းပံ့ပိုးမှုအားဖြင့် ဖော်ဆောင်လုပ်ကိုင်လျက်ရှိသည်။
ထားဝယ်ခရိုင်အတွင်း ပညာရေးအခြေအနေ၊ ရပ်ရွာလူထုအခြေပြု အခမဲ့ပညာရေးကျောင်းဖော်ဆောင်မှု၊ ကျောင်းများလည်ပတ်ပုံနှင့် ပတ်သက်ပြီး DDMSC လူထုစည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီ၏ လူထုစည်းရုံးရေး တာဝန်ခံ ကိုမင်းဇော်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အရင်ဆုံး DDMSC အနေနဲ့ ပညာရေးအပိုင်းမှာ ဘာတွေဆောင်ရွက်နေပါလဲ၊ ရပ်ရွာလူထုအခြေပြု ကျောင်းပညာရေးကို ဘယ်လိုစလုပ်ဖြစ်ခဲ့တာလဲ။ ပြောပြပေးပါဦး။
ဖြေ။ ။ DDMSC ရဲ့ပညာရေးဆပ်ကော်မတီကတော့ မနှစ်ကမှကျနော်တို့စဖွဲ့ဖြစ်တယ်။ ဖွဲ့ဖြစ်ရတဲ့အကြောင်း ရင်းကလည်း ကျနော်တို့ဘက်မှာ အခြေခံပညာသင်ကလေးတွေ တော်တော်များများက ပညာသင်ခွင့်ဆုံးရှုံးနေရ တဲ့အခြေအနေတွေ တွေ့ရတယ်။ ဒါကလည်း မြို့နယ်တော်တော်များများမှာ စစ်ကောင်စီက ကျောင်းမဖွင့်တော့ တာတွေရှိတယ်။ တချို့ကျောင်းသားတွေကြတော့ စစ်ကောင်စီ ထိန်းချုပ်မှုအားကောင်းတဲ့မြို့နေရာတွေမှာ သွားပြီး ပညာသင်နေရတဲ့ အခြေအနေမျိုးလည်းရှိတယ်။ ဒါကလည်း ခက်ခက်ခဲခဲသွားသင်ယူရတဲ့ဟာပေါ့။ တချို့ မိဘတွေဆို မြို့ပေါ်အထိပြောင်းပြီး ပညာသင်ခိုင်းတာရှိသလို တချို့ကလည်း ရွာတွေဘက်ကနေကားငှားပြီး နေ့ချင်းပြန်ပညာသွားသင်ရတဲ့ ကျောင်းသားတွေရှိတယ်။ အဲဒီလိုမတက်နိုင်တဲ့ကလေးတွေကြတော့ NUG က လုပ်နေတဲ့ ပညာရေးဝန်ဆောင်မှုမှာ တက်နေတဲ့ကလေးတွေလည်းရှိပါတယ်။ NUG ကျောင်းတွေက ကျောင်းလခ ပေးရတာရှိတယ်။ အများကြီးတော့ မဟုတ်ပါဘူး။ ၁ သောင်း ၁ သောင်းခွဲ ပေးရတဲ့ကျောင်းတွေလည်း ရှိတယ်လို့ သိရတယ်။ ဆိုတော့ ကျနော်တို့ဘက်မှာ အခြေအနေအရ တချို့ကျောင်းသားမိဘတွေက ကျောင်းမထားနိုင်တာမျိုးပေါ့။
ဥပမာ – ကလေး ၃ ယောက်လောက်ရှိလို့ ကျောင်းထားရမယ်ဆိုရင် တစ်လကို ၃ သောင်းလောက်ပေးရမှာမျိုး ပေါ့။ အဲဒီထဲမှာ ပိုပြီးခက်ခဲတဲ့ ကလေးတွေကြတော့ မိသားစုစားဝတ်နေရေးအတွက် နိုင်တဲ့အလုပ်ကို ဝင်လုပ် နေရတာတွေရှိတယ်။ အဲဒီလိုကလေးတွေဆိုရင် မိသားစုအတွက် ဝင်ငွေဆုံးရှုံးသွားမယ်ဆိုတဲ့ အခြေအနေဖြစ်တာ ပေါ့။ ဒီလိုခက်ခဲနေတာ အများကြီးရှိတယ်။ ကျနော်တို့ရည်ရွယ်ချက်ကလည်း အဲဒီလိုပညာရေးအတွက် လက်လှမ်း မမှီတဲ့ ကလေးတွေကို ပညာသင်ပေးလို့ရအောင်ဆိုပြီးတော့ လုပ်ငန်းဆပ်ကော်မတီဖွဲ့ပြီး လုပ်ဖြစ်တာပါ။ နောက်တခုက ကျနော်တို့ကျောင်းတွေဟာ ရပ်ရွာလူထုအခြေပြုကျောင်းတွေဖြစ်တယ်။ သဘောကတော့ ကျနော်တို့ပညာရေးဆပ်ကော်မတီက လိုအပ်တဲ့ပံ့ပိုးကူညီမှုတွေလုပ်ပေးတယ်။ ဒါပေမဲ့ ကျနော်တို့စဥ်းစားချက်က လူတစ်ယောက်အဖွဲ့တစ်ခုက ဒီနေ့ရှိပေမယ့် မနက်ဖြန်ရှိချင်မှရှိတော့မှာ။ အဲဒီတော့ ရပ်ရွာကကလေးတွေနဲ့ အဲဒီ ရပ်ရွာပညာရေးက စွဲစွဲမြဲမြဲဖြစ်နေဖို့လိုတယ်။ ဒီအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ လွတ်လွတ်လပ်လပ် အခမဲ့ ပညာသင်လို့ရတဲ့ ပညာရေးစနစ်ကို ဖန်တီးဖို့လိုတယ်။ ဒါကြောင့်ပဲ ရပ်ရွာလူထုအခြေပြု အခမဲ့ပညာရေးဆိုပြီး ကျနော်တို့ အကောင်အထည်ဖော်နေတာဖြစ်တယ်။
မေး။ ။ ဒီကျောင်းတွေမှာ ဘယ်လိုပံ့ပိုးမှုနဲ့သွားနေပါလဲ။ ကျောင်းတွေလည်ပတ်ဖို့ ဆရာ၊ ဆရာမ လိုအပ်ချက်ကိုရော ဘယ်လိုဖြည့်ဆည်းထားပါလဲ။
ဖြေ။ ။ ဒီနှစ်ဖွင့်တဲ့ကျောင်းတွေဆိုရင် ကျနော်တို့ပညာရေးဆပ်ကော်မတီက ၁၀၀ ရာခိုင်နှုန်းပြည့် ပံ့ပိုးပေး ရတာရှိသလို၊ တချို့ကျောင်းတွေကြတော့ ဆရာ၊ ဆရာမ ထောက်ပံ့ကြေးအထိ ဥပမာ ဆရာ၊ဆရာမ ၆ ယောက် ရှိတယ်ဆိုရင် ၃ ယောက်လောက်ကို ရွာကနေ ပညာရေးပရောဂျက်ထူထောင်ပြီး ထောက်ပံ့ကြေးပေးတာတွေ ရှိတယ်။ အချို့ကျောင်းပစ္စည်းပိုင်းအတွက်လည်း ရွာကနေ နိုင်သလောက်ပါဝင်ပေးတာ ရှိတယ်။ ကျနော်တို့ ဆိုလိုတာက ရပ်ရွာအခြေပြု အခမဲ့ပညာရေးကျောင်းဖြစ်ဖို့ ရည်ရွယ်တာပါ။ လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ် အဖွဲ့ကိုပဲဖြစ်ဖြစ် အခြေခံပြီး သွားနေမယ်ဆိုရင် ရေရှည်မှာ အဆင်ပြေချင်မှပြေမယ်လေ။ အဲဒါကြောင့် ထားပါတော့ လူငယ် အမျိုးသား၊ အမျိုးသမီးထဲက ပညာတတ်လူငယ်တွေရှိတယ်။
ဆရာ၊ ဆရာမ မရှိရင်တောင် ကျနော်တို့က သူတို့ကို ဆရာဖြစ်သင်တန်းတွေပေးပြီး ဝင်လုပ်ခိုင်းတာတွေရှိတယ်။ အဲဒီလိုနဲ့ ပညာသင်ဖို့ ဆရာ၊ ဆရာမ ရှာဖွေဖို့ဆိုရင် ဒီလိုလူငယ်တွေကို ဦးစားပေးပြီးခေါ်ယူပါတယ်။ ကျောင်းသူ ကျောင်းသားတွေရဲ့ ကျောင်းလခ၊ စာရွက်စာတမ်းတွေကအစ အခမဲ့ဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်ဆောင် နေတာပါ။ ကျနော်တို့ရည်ရွယ်ချက်က ဒီရွာကကလေးတွေရဲ့ ပညာရေးဆက်သွားနိုင်အောင် ဒီရပ်ရွာမှာ ပညာရေး Budget ထူထောင်ပြီး ရပ်ရွာမှာရှိတဲ့ လူငယ်ဆရာ၊ ဆရာမတွေနဲ့ ကျောင်းကောင်စီဖွဲ့ပြီး လုပ်နေတာဖြစ်တယ်။ ကျနော်တို့ဆပ်ကော်မတီကတော့ အဲဒီမှာ ဝင်ပါတာမရှိဘူးဆိုပေမဲ့ ကျနော်တို့အဖွဲ့ကလူငယ်တွေက ကောင်စီက အလုပ်တွေကို နိုင်သလောက်ဝင်ကူပေးနေတာတော့ ရှိပါတယ်။
မေး။ ။ လက်ရှိ ဘယ်မြို့နယ်၊ ဘယ်နေရာတွေမှာ ပညာရေးပိုင်းကိုလုပ်နေပါလဲ။ ရှိနေတဲ့ ကျောင်းသားဦးရေနဲ့ ဘယ်လိုပညာသင်စနစ်ကိုသုံးပြီး ဘယ်အတန်းအထိ စာသင်ပေးနေလဲဆိုတာပြောပြပေးပါဦး။
ဖြေ။ ။ လုံခြုံရေးအတွက် ပြောမရတဲ့အပိုင်းတွေရှိတော့ ထားဝယ်ခရိုင်ထဲက လေးမြို့နယ်မှာ ကျနော်တို့ ကျောင်းတွေရှိတယ်။ ခုနကပြောသလို ရာခိုင်နှုန်းပြည့်ထောက်ပံ့နေရတဲ့ ကျောင်းတွေရှိသလို အပြည့် ထောက်ပံ့ စရာမလိုဘဲ ရပ်ရွာအခြေပြုပြီး လည်ပတ်နေနိုင်တဲ့ကျောင်းတွေလည်း ရှိနေပြီ။ အဲဒီထဲမှာ ကျနော်တို့နဲ့ တိုက်ရိုက် ချိတ်ဆက်လည်ပတ်နေတဲ့ကျောင်း ၁၀ ကျောင်း ဝန်းကျင်တော့ရှိပြီ။ ရွာက ကိုယ်ထူကိုယ်ထကျောင်းတွေဆိုရင် လည်း ကျနော်တို့ဘက်က ဆရာဖြစ်သင်တန်းနဲ့ ချိတ်ဆက်ပေးတာမျိုးတွေလုပ်တယ်။ ပညာရေးဆပ်ကော်မတီနဲ့ လည်ပတ်နေတဲ့ကျောင်းက ဆရာ၊ဆရာမတွေကို သင်တန်းပေးတဲ့အခါ အဲဒီကိုယ်ထူကိုယ်ထကျောင်းက ဆရာ၊ ဆရာမတွေကိုပါခေါ်ပြီး သင်တန်းပေးတာတို့ ကျနော်တို့လုပ်တာပေါ့။
ကျောင်းသားဦးရေကတော့ တစ်ကျောင်းနဲ့ တစ်ကျောင်း မတူဘူး။ အားလုံးပေါင်းလိုက်ရင်တော့ မြို့နယ်လေးခုမှာ ကျောင်းသူကျောင်းသားဦးရေ ထောင်ဂဏန်းလောက် ရှိနိုင်ပါတယ်။ ကျောင်းအများစုကတော့ KG ကနေ Grade 5 အထိ၊ နောက်ပြီး KG ကနေ Grade 7 အထိ သင်တာလည်းရှိပါတယ်။ ပညာသင်စနစ်ကတော့ စနစ်သစ်ပညာရေး Curriculum ပေါ့ဗျာ။ Curriculum ကိုသုံးတယ်။ Course တွေ ထပ်ထည့်တာတော့ ရှိတာပေါ့။ ပတ်ဝန်းကျင်နဲ့ ပတ်သက်တာမျိုးပေါ့။ Curriculum ထဲမှာ ပုံသေကားချပ်သင်တာမဟုတ်ဘဲ learning base education ကို သုံးတယ်။ ကလေးတွေ တွေးခေါ်နိုင်အောင် စနစ်ဟောင်းက အိမ်စာတွေအများကြီးပေးဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ အထူးသဖြင့် ကလေးတွေ ရဲ့အတွေးအခေါ် မြင့်မားအောင် ကူညီပေးနိုင်တဲ့ ROCP (အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာသင်တန်း) နည်းနာမျိုးပေါ့။
မေး။ ။ ဒီနေရာမှာရော အခက်အခဲတွေက ဘာတွေရှိပါလဲ။
ဖြေ။ ။ ကျနော်တို့မှာအခက်အခဲတခုက တချို့ကလေးတွေက ကျောင်းလခပေးစရာမလိုတောင် မိသားစု စီးပွားရေးအခက်အခဲကြောင့် အလုပ်ဝင်လုပ်နေရတာရှိတယ်။ အဲဒီတော့ ကျနော်တို့က သူတို့ပညာသင်နိုင်အောင် သူတို့မိသားစု စားဝတ်နေရေးအတွက် အားလုံးမထောက်ပံ့နိုင်တောင်မှ သူတို့လိုအပ်တဲ့အခြေခံစားသောက်ကုန် တွေကို ပံ့ပိုးပေးရတာရှိတယ်။
နောက်တခုက ကျနော်တို့ကလေးတွေကို ROCP နည်းနာတွေသင်ကြားပေးဖို့ဆိုတဲ့ နေရာမှာ အဆောက်အဦး အခက်အခဲရှိတယ်။ ပတ်ဝန်းကျင်ကောင်းကောင်း ရှိဖို့လိုတယ်။ နောက်ပြီး ကျနော်တို့က ရေရှည်တည်တံ့တဲ့ ပညာသင်စနစ်ကို သွားတဲ့အခါမှာ ဒေသက ဆရာ၊ ဆရာမတွေကို ရှာဖွေရတယ်။ ဒီလိုရှာဖွေတဲ့ နေရာမှာ စေတနာ့ ဝန်ထမ်းတွေ ရပ်ရွာမှာရှိတဲ့ပညာတတ်တွေကို ရှာဖွေရာမှာ အခက်အခဲလည်းရှိတယ်။ သူတို့ကို ထောက်ပံ့ပေးဖို့ ငွေကြေးပိုင်းပေါ့။
မေး။ ။ ခရိုင်ထဲမှာရှိပြီးသား ပညာရေးအဖွဲ့တွေနဲ့ရော ချိတ်ဆက်လုပ်ဆောင်ဖို့ရှိပါလား။
ဖြေ။ ။ ရှိပါတယ်။ တချို့တနင်္သာရီဒေသမှာ ရပ်ရွာအခြေပြုကျောင်းတွေ ရှိပါတယ်။ အဲဒီက ဆရာ၊ဆရာမတွေနဲ့ ကျနော်တို့ချိတ်ဆက်ဖို့ရှိပါတယ်။ နောက်တခုက ကျနော်တို့ပညာရေးဆပ်ကော်မတီမှာ ပညာရေးအသိုင်းအဝိုင်းက ထွက်လာတဲ့လူငယ်တွေရှိတော့ ကောင်စီတွေမှာ အကြံပေးပုံစံမျိုးနဲ့ လုပ်နေတာရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ အကောင်အထည်ဖော်နေတဲ့ ရပ်ရွာလူထုအခြေပြု အခမဲ့ပညာရေးကျောင်းတွေဟာ ကျနော်တို့အဖွဲ့အစည်းတွေက လွှမ်းမိုးချုပ်ကိုင်တာ မဟုတ်ဘူး။ ရပ်ရွာကပဲ အကောင်အထည်ဖော်ပြီးလုပ်နေတာတွေ ဖြစ်တယ်ဗျ။
မေး။ ။ အခုနောက်ပိုင်းမှာ စာသင်ကျောင်းနေရာတိုက်ခိုက်ခံရတာတွေ အဖြစ်များလာတယ်။ ဒီတော့ DDMSC အောက်က ကျောင်းတွေအနေနဲ့ စာသင်ချိန်အသက်အန္တရာယ်ဖြစ်စေမှုက ကာကွယ်နိုင်ဖို့ ဘယ်လိုအစီအမံတွေ လုပ်ဆောင်ထားပါလဲ။
ဖြေ။ ။ ကလေးတွေက ဘာအပြစ်တခုမှ လုပ်ထားတာလည်းမဟုတ်ဘူး။ သူတို့မှာ မွေးကတည်းက ပညာသင် ကြားခွင့်ရှိနေသူတွေ ဖြစ်တယ်။ ကျနော်တို့ ပညာရေးဆပ်ကော်မတီအောက်ကမသွားဘဲ ရပ်ရွာအခြေပြု ပညာရေး အောက်က သွားတယ်ဆိုတာကလည်း တော်လှန်ရေးအရ ဖိအားတစုံတရာ အန္တရာယ်တစုံတရာပိုပြီးတော့ ထိခိုက် စေနိုင်မှာစိုးလို့ ဆိုတဲ့စိတ်နဲ့လုပ်ထားတာ။
ပြောရရင် ဒီကျောင်းတွေဆိုတာ NUG ကျောင်းလည်း မဟုတ်ဘူး။ DDMSC ရဲ့ကျောင်းလည်း မဟုတ်ဘူး။ ရပ်ရွာက ကျောင်းတွေ၊ ဒါတွေအကောင်အထည်ဖော်နိုင်အောင် ကျနော်တို့ က ပံ့ပိုးနေတာပဲရှိတယ်။ ဒါပေမဲ့ ဘယ်လိုကျောင်းတွေဖြစ်ဖြစ် ကျနော်တို့ကလေးတွေမှာ လုံခြုံစွာပညာသင် နေနိုင်တာ မဟုတ်ဘူးဆိုတော့ စစ်ကောင်စီဘက်က လှုပ်ရှားသွားလာနေတာတွေကို ကျနော်တို့ယူပြီးတော့ ကျောင်းတာဝန်ရှိသူတွေကိုပေးပြီး သတိပေးနိုင်တာမျိုးပဲ လောလောဆယ်မှာ လုပ်နိုင်သေးတယ်။
မေး။ ။ ရပ်ရွာအခြေပြုကျောင်းတွေမှာ Down Syndrome (ဖွံ့ဖြိုးမှုနှောင့်နှေးနေခြင်း၊ ဥာဏ်ရည်မသန်စွမ်းမှု) ရှိတဲ့ ကလေးတွေကိုလည်း သင်ကြားပေးနေတယ်လို့သိရတယ်။ အဲဒါလည်း ပြောပြပေးပါဦး။
ဖြေ။ ။ ဥပမာ ရွာတစ်ရွာကို စစ်ရှောင်ရတဲ့ကလေးတွေရှိတယ်ဆိုရင် ကလေးတွေက အစုံပါလာကြတယ်။ ပါလာကြတော့ နည်းနည်းပဲပါလာပါလာ ကျနော်တို့လက်ခံတယ်။ အဲဒီထဲမှာ ဘယ်လိုကလေးပဲပါလာပါစေ ကျနော်တို့လက်ခံတယ်။ ဘယ်လိုကလေးပဲဖြစ်ဖြစ် စာသင်ခန်းထဲ သင်ကြားခွင့်ရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့ ကျနော်တို့ လက်ခံသင်ကြားပေးတာပါ။
မေး။ ။ ထားဝယ်ခရိုင်ထဲက စစ်ရှောင်ပညာရေးအခြေအနေကရော ဘယ်လိုရှိနေပါလဲ။
ဖြေ။ ။ ကျနော်တို့ဆီမှာ စစ်ကောင်စီရဲ့စီမံခန့်ခွဲမှုအောက်မှာ ပညာသင်နေရတဲ့ကလေးတွေရှိသလို NUG ရဲ့ ကြားကာလပညာရေးအောက်မှာ သွားနေတာရှိတယ်။ နောက်တခုက ကျနော်တို့အခုအကောင်အထည်ဖော်နေတဲ့ ရပ်ရွာအခြေပြုကျောင်းတွေမှာ စာသင်ကြားနေတဲ့ကလေးတွေလည်းရှိတယ်။ ဒါတွေက အားလုံး Inclusive ဖြစ်လားဆိုတော့ မဟုတ်နေဘူး။ All Inclusive ဖြစ်တဲ့ အနေအထားကိုသွားဖို့ အခက်အခဲ ရှိနေသေးတယ်။
ဥပမာ – ထားပါတော့၊ ခုနက အခမဲ့ပညာသင်ရေးစနစ်ကို အကောင်အထည်ဖော်ရာမှာတောင် ကျနော်ပြောတဲ့ အခက်အခဲကရှိနေတော့ ကျောင်းနေအရွယ်ကလေးတော်တော်များများ ပညာသင်ကြားရေးက ခက်ခဲနေသေး တယ်။ ကလေးတွေမှာ လူမှုဘဝပုံစံက ဆိုးရွားသွားတဲ့အခါကြတော့ စီးပွားရေးအခက်အခဲဖြစ်လာတဲ့အခါမျိုးမှာ အခြေခံ ပညာအထက်တန်းကျောင်းသား တော်တော်များများ ပြည်ပထွက်ကုန်ကြတယ်။ ကိုဗစ်နဲ့ဆိုရင် အသက် ၁၈ နှစ်ဆိုတာက အခြေခံပညာအထက်တန်းအဆင့် ကျောင်းသားပဲရှိသေးတယ်။ အဲဒီအခါကြတော့ ဒီလိုကလေး တော်တော်များများက ပြည်ပထွက်လုပ်ကိုင်ရတဲ့ဟာမျိုး ဖြစ်သွားတယ်။ ပြောချင်တာက ကလေးတော်တော် များများက ပညာသင်ကြားခွင့် ဆုံးရှုံးနေသေးတယ်လို့ ပြောလို့ရတယ်ဗျ။
မေး။ ။ ပညာရေးအပိုင်းမှာ DDMSC အနေနဲ့ ရှေ့ဆက်ပြီး ဘာတွေဆက်လုပ်ဖို့ရှိပါလဲ။ နောက်ဆုံးအနေနဲ့ ပြောပြပေးပါ။
ဖြေ။ ။ ကျနော်တို့စဥ်းစားချက်က ရွာတိုင်းမှာ ရပ်ရွာအခြေပြုကျောင်းတွေ ပေါ်လာစေချင်တယ်။ ကလေးတွေရဲ့ လုံခြုံရေးအရရော ကလေးတွေပညာသင်ကြားဖို့ရော ဘာကုန်ကျစရိတ်မှ ရှိမနေစေချင်ဘူး။ ကျနော်တို့ကျောင်းသားလှုပ်ရှားမှုတွေကတောင်းဆိုခဲ့ကြတဲ့ အခမဲ့ပညာရေးစနစ်ကို မူလတန်းကနေ အလယ်တန်း အဆင့်ထိ တိုးမြှင့်ဖို့ကို အခုကျနော်တို့ လက်ကိုင်ကျင့်သုံးတာပေါ့။ ကျနော်တို့လည်း ဒီနှစ်မှာ ကျောင်း ၁၀ ဂဏန်း ပဲ ဖွင့်နိုင်တယ်ဆိုပေမယ့် နောင်ကျရင် ရပ်ရွာလူထုနဲ့တိုင်ပင်ပြီး တိုးမြှင့်ဖွင့်သွားဖို့တော့ ရည်ရွယ်ချက်ရှိပါတယ်။
KIC ပေးပို့သည်။