27 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ကျွန်တော်တို့ဘက်ကလည်း အရမ်းထိန်းချုပ်တာမျိုးမဟုတ်ဘဲ ကျောင်းကော်မတီတွေ၊ ဒေသခံတွေ လိုလားတဲ့ ကျောင်းကို ဖွင့်လှစ်ထားခိုင်းပါတယ်။ ကလေးတွေရဲ့ ပညာရေးနဲ့သက်ဆိုင်တာဖြစ်တဲ့အတွက် ပြည်သူလူထု မကြိုက်တဲ့ မလိုလားတဲ့အရာတွေကိုတော့...

“ကျွန်တော်တို့ဘက်ကလည်း အရမ်းထိန်းချုပ်တာမျိုးမဟုတ်ဘဲ ကျောင်းကော်မတီတွေ၊ ဒေသခံတွေ လိုလားတဲ့ ကျောင်းကို ဖွင့်လှစ်ထားခိုင်းပါတယ်။ ကလေးတွေရဲ့ ပညာရေးနဲ့သက်ဆိုင်တာဖြစ်တဲ့အတွက် ပြည်သူလူထု မကြိုက်တဲ့ မလိုလားတဲ့အရာတွေကိုတော့ လိုက်မလုပ်ပါဘူး။ ဒေသခံတွေလိုလားတယ်ဆိုရင်တော့ ကျွန်တော်တို့ KIO က ကျောင်းဖွင့်ပေးတယ်” KIO ပညာရေးဌာန ဒု-တာဝန်ခံ ဆရာကြီးမလန်ဘရန်တောင်

KIO/KIA အစိုးရ ထိန်းချုပ်နယ်မြေဒေသအတွင်း ပညာသင်ကြားပေးမှု အခြေအနေများနှင့်ပတ်သက်ပြီး KIO ပညာရေးဌာန ဒု-တာဝန်ခံ ဆရာကြီးမလန်ဘရန်တောင် (Malang Brang Tawng) နှင့် ဆက်သွယ်မေးမြန်းချက်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်ရရှိသည့် နယ်မြေဒေသများလာသည်နှင့်အတူ ယင်းနယ်မြေဒေသတွင်း KIO/KIA အစိုးရ၏ အုပ်ချုပ်ရေးသာမက ပညာရေးကဏ္ဍတွင်လည်း စာသင်ကျောင်းများအား ပိုမိုတိုးချဲ့ဖွင့်လှစ်လာနိုင်ပြီဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်တွင် KIO အစိုးရအုပ်ချုပ်မှုအောက်တွင် အထက်တန်းကျောင်း ၂၅ ကျောင်း၊ အလယ်တန်းကျောင်း ၄၅ ကျောင်း၊ မူလတန်းကျောင်း ၁၇၁ ကျောင်း ဖွင့်လှစ်ခဲ့သည့်အပြင် တပ်တိုးဖွင့်လှစ်သည့် ကျောင်းများအပါ ကျောင်းပေါင်း ၄၄၄ ကျောင်းအထိ ရှိလာခဲ့ပြီဖြစ်သည်။

ယခု ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်တွင် စာသင်ကျောင်း ဘယ်လောက်အထိ ထပ်တိုးဖွင့်လှစ်နိုင်ပါပြီလဲ။ KIO အစိုးရ လက်အောက် ပညာရေးဌာနက ဘယ်လိုသင်ကြားမှုပုံစံများနှင့် သင်ကြားပေးနေလဲ ဆိုသည်နှင့်ပတ်သက်ပြီး KIO ပညာရေးဌာန ဒု-တာဝန်ခံ ဆရာကြီးမလန်ဘရန်တောင် (Malang Brang Tawng) ကို ဆက်သွယ်မေးမြန်းထားပါသည်။

ပုံစာ – KIO/KIA ရုံးချုပ်တည်ရှိရာ လိုင်ဇာမြို့ရှိ အထက်တန်းကျောင်းအား ၂၀၂၂ ခုနှစ်အတွင်း၌ တွေ့ရစဉ်။

မေး။ ။ ပထမဆုံးအနေနဲ့ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်မှာ စာသင်ကျောင်းတွေဘယ်လောက်ထိ ပြန်လည် တိုးချဲ့ဖွင့်လှစ်ထားနိုင်ပြီလဲ သိချင်ပါတယ်။

ဖြေ။ ။ အထက်တန်းကျောင်းအနေနဲ့ကတော့ KIO ထိန်းချုပ်ရာ အရှေ့မြောက်ဒေသ (ချီဖွေ၊ ပန်ဝါ) ဒေသမှာ အထက်တန်းကျောင်း ၂ ကျောင်း၊ အနောက်တောင်ဒေသဘက် (တာမခံ၊ ဆယ်ဇင်း) ၂ ကျောင်း၊ တပ်မဟာ – ၉ (ဖားကန့်ဒေသ) ၁ ကျောင်း၊ တပ်မဟာ – ၁၁ ( မန်းဝင်းကြီးဒေသ) မှာ ၅ ကျောင်း၊ KIO ဗဟိုဌာနချုပ်ဒေသ တဝိုက် ၃ ကျောင်းအထိ အသစ်ပြန်လည်ဖွင့်လှစ်ထားတယ်။

အလယ်တန်းကျောင်းကတော့ အရှေ့မြောက်ဒေသ (ချီဖွေ ၊ ပန်ဝါ) ဒေသမှာ ၇ ကျောင်း၊ တပ်မဟာ – ၉ (ဖားကန့်ဒေသ) ၃ ကျောင်း၊ တပ်မဟာ – ၁၁ (မန်းဝင်းကြီးဒေသ) ဘက်မှာတော့ ၁၅ ကျောင်း၊ ဗဟိုဌာနချုပ်ဒေသ တဝိုက် ၈ ကျောင်း၊ တပ်မဟာ – ၁ မြောက်ပိုင်းဒေသ ( ဆွမ်ပရာဘွမ်) ဘက်မှာတော့ ၂ ကျောင်းထိ တိုးချဲ့ ဖွင့်လှစ် ထားပါတယ်။ မူလတန်းကျောင်းတော့ အရမ်းများတော့ အတိအကျမသိဘူး။ ၆၀ ဝန်းကျင်လောက်တော့ ရှိမယ် ထင်တယ်။

မေး။ ။ ဒီနှစ်ကျောင်းတက်မယ့်သူတွေအနေနဲ့ရော ကျောင်းအပ်ခတွေသွင်းရလားဗျ။ အဲဒါနဲ့ ပက်သက်ပြီး တော့ရော ဘယ်လိုညွှန်ကြားထားပါလဲ။

ဖြေ။ ။ ကျောင်းအပ်ခဆိုတာက ကျွန်တော်တို့အနေနဲ့ ကျောင်းခန်းမှာလိုအပ်တဲ့ဟာသုံးဖို့အတွက် လုံလုံ လောက်လောက်တော့ မပေးနိုင်ဘူး။ ဒါကြောင့် ကျောင်းတိုင်းမှာ ကျောင်းကော်မတီဆိုတာ ရှိတယ်။ အဲဒီကျောင်း ကော်မတီကနေပြီးတော့ ကျောင်းသားတစ်ဦးကိုတော့ ဘယ်လောက်လေးတော့ ထည့်ဝင်ခိုင်းရအောင်ဆိုပြီး ဆုံးဖြတ်တာမျိုးတော့ ရှိပါတယ်။ လုံးဝပိုက်ဆံမကောက်ဘဲ ကျောင်းတက်နိုင်အောင် အရမ်းတော့ကြိုးစားကြည့် ပေမယ့် မဖြစ်နိုင်ဘူး။

ကျွန်တော်တို့ရုံးက ပိုက်ဆံက လုံလောက်စွာ မထုတ်ပေးနိုင်တဲ့အတွက် ကျောင်းလည်ပတ်နိုင်ဖို့ အတွက်တော့ ကျောင်းသားတွေဆီက နည်းနည်းပါးပါးတော့ ကောက်ဖို့လုပ်ထားပါတယ်။ ကျောင်းစာအုပ်တွေလည်း တချို့ အလကားပေးလို့ရတဲ့ဟာတွေရှိသလို အလကားပေးလို့မရတဲ့ စာအုပ်တွေကိုတော့ ပရင့်ပြန်ရိုက်ရတဲ့အတွက် ပရင့်ရိုက်ကြေး ကောက်တာတွေရှိပါတယ်။

မေး။ ။ ဒီနှစ်စာသင်နှစ်မှာက ဘယ်လိုသင်ရိုးတွေကိုအသုံးပြုပြီး သင်ကြားပေးနေပါလဲ။

ဖြေ။ ။ သင်ရိုးနဲ့ပက်သက်ပြီး ပြောရမယ်ဆိုရင် KG ကနေ Grade 9 အထိတော့ အရင်က သင်ရိုးအဟောင်းကိုပဲ ပြန်သုံးသင်ခိုင်းထားတယ်။ ၁၁ တန်းရဲ့ သင်ရိုးကိုကတော့ ကျွန်တောတို့ KED က ဆရာတွေ၊ မိုင်ဂျာယန်ကောလိပ် က အားလုံးစုပေါင်းပြီး ပညာရပ်တွေစုပြီး ဝိုင်းဆွဲထားပါတယ်။ ပြီးတော့ အဲဒီသင်ရိုးတွေက ၁၁ တန်းနဲ့ ၁၂ အတွက် ရည်ရွယ်တာဖြစ်ပါတယ်။

မေး။ ။ လက်ရှိအချိန်ထိ ကျန်တဲ့အတန်းတွေ၊ သင်ရိုးအသစ်တွေကို မသင်ကြားနိုင်သေးတာက ဘယ်လိုအခက်အခဲတွေ ရှိနေလို့ပါလဲ။

ဖြေ။ ။ အဆင်သင့် မဖြစ်သေးလို့ပေါ့။ အခုချိန်ထိလည်း Grade – 6 အထိပဲ သင်ရိုးက ဆွဲပြီးသေးတယ်။ ဒီသင်ရိုးအသစ်တောင်မှ ဒီနှစ်၂၀၂၅ – ၂၀၂၆ စာသင်နှစ် ကျောင်းပိတ်တဲ့အချိန်မှာမှ သင်တန်းစပေးဖြစ်မှာပါ။ ကျွန်တော်တို့အနေနဲ့ တခါတည်းပြောင်းဖို့ ခက်သေးတဲ့အတွက် အရင်ကသင်ရိုးအဟောင်းကိုပဲ သုံးနေသေးတာဖြစ်ပါတယ်။

ဆယ်တန်းကနေစပြီးတော့ သင်ရိုးသစ်တွေနဲ့ အပြောင်းအလဲတွေလုပ်နေပါပြီ။ ၁၁ တန်းထိ နောက်နှစ်ကတော့ ၁၂ တန်းကိုပြန်လုပ်မယ်။ နောက်နှစ်ကနေစပြီးတော့ KG Grade 1 တွေကိုလည်း သင်ရိုး အသစ် စသုံးတော့မှာ ဖြစ်ပါတယ်။

မေး။ ။ ကျောင်းဝတ်စုံရော ဘယ်လိုပုံစံမျိုးဝတ်ဆင်ဖို့ စည်းကမ်းချမှတ်ထားပါလဲ။

ဖြေ။ ။ ကျောင်းဝတ်စုံကိုတော့ ကျွန်တော်တို့က ကချင်ခခူးလုံချည်နဲ့ အင်္ကျီဖြူဆိုပြီး သတ်မှတ်ထားတာပေါ့။ အသစ်ပြန်တိုးချဲဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာလည်း အဲလိုပဲဝတ်ဆင်ဖို့ ညွှန်ကြားထားပေမယ့်လည်း ကျောင်းနဲ့ အဆင်ပြေပြီး တူညီစွာဖြစ်စေဖို့ ကျောင်းကော်မတီတွေကဆုံးဖြတ်ပြီး သင့်တော်တဲ့ဝတ်စုံတွေ ပြန်ဝတ်တာ တွေလည်းရှိပါတယ်။ ကျွန်တော်တို့ရဲ့ ခခူးလုံချည်နဲ့ အင်္ကျီဖြူကိုပဲ ဝတ်ရမယ်လို့တော့ အတင်းတော့ မလုပ်ခိုင်း ဘူးပေါ့။

မေး။ ။ KIO ပညာရေးဌာနဘက်က လက်လှမ်းမမှီတဲ့နေရာဒေသတွေမှာ NUG ပညာရေးဌာနတွေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုရှိပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ KIO နဲ့ KED ကနေပြီးတော့ပဲ ကျောင်းအားလုံးကို ဖွင့်လှစ်နိုင်ဖို့မနိုင်ဘူး။ အခုတောင် ကျောင်းတွေက ၆၀၀ ကျော်နေပြီ။ KIO အစိုးရကနေပြီးတော့လည်း အဆင်သင့်မဖြစ်သေးတဲ့အတွက် NUG က မြို့နယ်ဘုတ်အဖွဲ့တွေကို သူတို့ရဲ့သင်ရိုးအတိုင်း ကျောင်းတွေဖွင့်လှစ်ပြီး သင်ခိုင်းထားပါတယ်။

သင်ထားခိုင်းတယ်ဆိုပေမယ့်လည်း သူတို့နဲ့တိုင်ပင်ဆွေးနွေးရမယ့်ဟာတွေလည်း ရှိပါသေးတယ်။ ကျွန်တော်တို့ ဘက်ကလည်း အရမ်းထိန်းချုပ်တာမျိုးမဟုတ်ဘဲ ကျောင်းကော်မတီတွေ ဒေသခံတွေလိုလားတဲ့ကျောင်းကို ဖွင့်လှစ်ထားခိုင်းပါတယ်။ ကလေးတွေရဲ့ ပညာရေးနဲ့သက်ဆိုင်တာဖြစ်တဲ့အတွက် ပြည်သူလူထုမကြိုက်တဲ့ မလိုလားတဲ့ အရာတွေကိုတော့ လိုက်မလုပ်ပါဘူး။

ဒေသခံတွေ လိုလားတယ်ဆိုရင်တော့ ကျွန်တော်တို့ KIO က ကျောင်းဖွင့်ပေးတယ်။ ပြည်သူ့ပညာရေးကျောင်းတွေ ဘက်ကတော့ ကျောင်းဆရာ/ဆရာမ နဲ့ ကျောင်းသား/ကျောင်းသူ ဘယ်လောက်ထိရှိလာတယ် ဆိုတာကိုတော့ တင်ပြတယ်။ ကျွန်တော်တို့ဘက်ကလည်း အဓိကတော့ ကျောင်းသားတွေ ကျောင်းမတက်နိုင်တာမျိုးတွေ မဖြစ်အောင် ကြိုးစားပေးကြပါလို့ပဲ ပြောကြားထားပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ မေးချင်တာကတော့ KIO ရဲ့ အနာဂတ် ပညာရေးပေါ်လစီက ဘာတွေဖြစ်မလဲ။

ဖြေ။ ။ KIO ရဲ့ ရည်မှန်းထားတဲ့အရာကတော့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စကစကျောင်းတွေအားလုံးက KIO ကျောင်းဖြစ်ရမယ်လို့ စီမံချက်ချထားတာပေါ့။ ကျွန်တော်တို့ဘက်ကလည်း အဲဒီနေရာအထိ မရောက်နိုင်သေးတဲ့ အပြင် သင်ရိုးတွေလည်း အဆင်သင့်မဖြစ်သေးတဲ့အတွက် ဒီ ၁ နှစ်၂ နှစ် အတွင်းတော့ အလျော့အတင်းလုပ်ထားပါတယ်။

KNG ပေးပို့သည်။