27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းသံတောင်ကြီး၊ ရွှေညောင်ပင်-နန်းချိန်ခွင် ရွာချင်းဆက်လမ်းတွင် မိုင်းပေါက်ကွဲပြီး အမျိုးသားတစ်ဦး ဒဏ်ရာရ

သံတောင်ကြီး၊ ရွှေညောင်ပင်-နန်းချိန်ခွင် ရွာချင်းဆက်လမ်းတွင် မိုင်းပေါက်ကွဲပြီး အမျိုးသားတစ်ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ရွှေညောင်ပင် – နန်းချိန်ခွင် ရွာချင်းဆက်လမ်းတွင် စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိပြီး လမ်းသွားလမ်းလာအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သံတောင်ကြီးဒေသခံတို့က ပြောသည်။

ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်က ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသား ၃ ဦးသည် အဆိုပါရွာချင်းဆက်လမ်းသို့ ဖြတ်သန်းလာစဥ် စစ်ကောင်စီထောင်ထားသည့် မိုင်းထိမိပေါက်ကွဲခဲ့တာကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရသွားပြီး ဒေသတာဝန်ရှိသူတို့က ဆေးကုသရန် ပို့ဆောင်ခဲ့ရသည်ဟု ဆိုသည်။

“လမ်းပိတ်ထားပြီးတော့ ပိတ်ထားတဲ့လမ်းမှာ မိုင်းထောင်ထားတာ စစ်သားတွေက။ လမ်းပေါ်မှာ သစ်ပင်လှဲထားတယ်ကွယ်။ သစ်ပင်လှဲထားတဲ့နေရာမှာ မိုင်းမြှုပ်ထားတာ။ အဲဒီသစ်ပင်ကို သွားရွှေ့ရင်းဖြစ်တာလို့ ကြားတယ်။ ဒဏ်ရာရသွားတဲ့တစ်ယောက်ကိုတော့ သူ့သူငယ်ချင်းကပဲ ရွာဘက်ကို ပြန်သယ်သွားပေးတယ်” ဟု သံတောင်ကြီးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါလမ်းမှာ ယခင်ကတည်းက အသွားအလာရှိကြပြီး တောက်လျှောက်သွားလျှင် သံတောင်-တောင်ငူ လမ်းမကြီးပေါ်သို့ ပေါက်ရောက်သည်။

ယခင်က ရွှေညောင်ပင်နှင့် နန်းချိန်ခွင်ရွာနားတွင် စနေကုန်းအမည်ရ စစ်ကောင်စီတပ်စခန်းတစ်ခုရှိသော်လည်း ယခုမူ တပ်စွဲထားသည့်တပ်ဖွဲ့ဝင်များမရှိဟု ဒေသနေထိုင်သူများ၏ ပြောပြချက်အရ သိရသည်။

သို့သော် မနီးမဝေးတွင် တောပြာကြီးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းနှင့် ၁၆ မိုင် တပ်စခန်းအသေးနှစ်ခုရှိပြီး အဆိုပါမိုင်းများကိုလည်း ၎င်းတို့ထောင်ထားခြင်းဖြစ်နိုင်သည်ဟု သံတောင်ကြီးနယ်ခံအချို့က သုံးသပ်ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၂) နယ်မြေအတွင်းရှိသည့် သံတောင်ကြီးမြို့နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကလည်း အရပ်သားထိခိုက်မှုများနိုင်သည့် လေကြောင်းပစ်ခတ်မှုများကို ကျေးရွာများအပေါ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း သံတောင်ကြီးမြောက်ပိုင်း ယာဒိုကျေးရွာဘက်တွင် စစ်ကောင်စီတပ်က လေကြောင်းနှင့်ပစ်ခတ်ခဲ့သဖြင့် ဒေသခံများ နေရပ်စွန့်ခွာ တိမ်းရှောင်နေချိန်အတွင်း လာရောက်တပ်စွဲသည့် စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းများကို အိမ်နေရာနှင့်လမ်းများပါမချန် မိုင်းထောင်ထားခဲ့ဖူးသည်။

ထိုမိုင်းများကြောင့် တော်လှန်ရေးတပ်ဖွဲ့များအပါအဝင် အရပ်သားဒေသခံအချို့လည်း မိုင်းနင်းမိပြီး အသက်သေဆုံးနိုင်သော ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း မြောက်ပိုင်းအခြေချနေသော ဒေသခံနှင့် တော်လှန်ရေးတပ် အသိုင်းအဝိုင်းက ပြောဆိုသည်။

KIC ပေးပို့သည်။