27 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“အကြမ်းဖက်စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေချိန်ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ပြည်သူတွေ ဒီတော်လှန်ရေးမှာ နိုင်ရာဝန်ကိုထမ်းပြီး တော်လှန်ဖို့လိုတယ်။ ဒီတော်လှန်ရေး အင်အားစုနဲ့ ကျနော်တို့ပြည်သူတွေ ဒီအားတွေစုမိသွားပီဆိုရင်...

“အကြမ်းဖက်စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေချိန်ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ပြည်သူတွေ ဒီတော်လှန်ရေးမှာ နိုင်ရာဝန်ကိုထမ်းပြီး တော်လှန်ဖို့လိုတယ်။ ဒီတော်လှန်ရေး အင်အားစုနဲ့ ကျနော်တို့ပြည်သူတွေ ဒီအားတွေစုမိသွားပီဆိုရင် အောင်ပွဲက အမြန်ဆုံးရရှိလိမ့်မယ်လို့ ယုံကြည်တယ်” မိုင်းနိုင်ဂေါင်ဇာရ် / TPCC အတွင်းရေးမှူး

တအာင်းပြည်ကောင်စီ TLC အဖြစ်ပြောင်းလဲဖွဲ့စည်းရာတွင် ပါဝင်သည့်အဖွဲ့အစည်းများ၊ လုပ်ငန်းတာဝန်များနှင့် တော်လှန်ရေးကာလ ပြည်သူ့အစိုးရ ဆက်လက်ဖွဲ့စည်းမည့် အခြေအနေများနှင့်ပတ်သက်ပြီး TPCC အတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဇာရ်နှင့် ဆက်သွယ်မေးမြန်းချက်။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် မဟာမိတ်များဦးဆောင်ပြီး စစ်ကောင်စီအား ဖယ်ရှားရှင်းလင်းနိုင်ခဲ့သည့် နယ်မြေများကိုအခြေခံပြီး တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ကို သင့်လျော်သည့် ပြည်သူလူထုကိုယ်စားလှယ်များဖြင့် ၂၀၂၅ ခုနှစ်အတွင်း ဖွဲ့စည်းနိုင်ရန် အမြန်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ (TPCC) က ကြေညာလိုက်သည်။

ဇွန်လ ၁ ရက်နေ့ မှ ၃ ရက်နေ့အထိ ကျင်းပခဲ့သည့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ (TPCC) ၏ နိုင်ငံရေးထိပ်သီးအစည်းအဝေးတွင် တအာင်းပြည်ကောင်စီ (Ta’ang Land Council – TLC) ကို တော်လှန်ရေးကာလတွင် အမြင့်ဆုံး နိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဇွန်လ ၉ ရက်တွင် TPCC က ထုတ်ပြန်ခဲ့သည်။

၂၀၂၁ မတ်လ ၂၄ ရက်တွင် ဖွဲ့စည်းခဲ့သည့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC တွင် တအာင်းအမျိုးသားပါတီ- TNP ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် တအာင်း(ပလောင်) အရပ်ဘက်အစုအဖွဲ့များပါဝင်ထားပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အဓိကမဏ္ဍိုင် (၃) ခု ကို ထိန်းကျောင်းရန် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အသစ်ပြောင်းလဲဖွဲ့စည်းလိုက်သည့် တအာင်းပြည်ကောင်စီတွင် TNLA ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းက ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားပြီး တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC မှ လွေးမိုးခမ်းက ဒု-ဥက္ကဋ္ဌ (၁)၊ တအာင်းအမျိုးသားပါတီ TNP မှ တားအေးမောင်က ဒု-ဥက္ကဋ္ဌ (၂)၊ အဖွဲ့ဝင် (၄) ဦး၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး တစ်ဦးစီ၊ စုစုပေါင်း (၉) ဦးဖြင့် ဖွဲ့စည်းထားပြီး ထိုထဲတွင် အမျိုးသမီး (၄) ဦး ပါဝင်သည်။

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC မှ တအာင်းပြည်ကောင်စီ TLC အဖြစ် ပြောင်းလဲဖွဲ့စည်းရာတွင် ပါဝင်သည့် အဖွဲ့အစည်းများ၊ လုပ်ငန်းတာဝန်များနှင့် တော်လှန်ရေးကာလပြည်သူ့အစိုးရ ဆက်လက်ဖွဲ့စည်းမည့် အခြေအနေများနှင့်ပတ်သက်ပြီး TPCC အတွင်းရေးမှူးဖြစ်သူ မိုင်းနိုင်ဂေါင်ဇာရ်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ အခု ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ တအာင်းပြည်ကောင်စီ TLC ဆိုတာ ဘယ်လိုအဖွဲ့အစည်းမျိုးဖြစ်ပါလဲ။ ဘယ်အဖွဲ့အစည်းတွေ ဘယ်သူတွေကဦးဆောင်ပါဝင်ပြီး ဖွဲ့စည်းထားတာပါလဲ။

ဖြေ ။ ။ နိုင်ငံရေးအရ အမြင့်ဆုံးအာဏာပိုင်အစုအဖွဲ့ဖြစ်တယ်။ ဒါ့အပြင် မဏ္ဍိုင်ကြီး (၃) ရပ်ကို ထိန်းကျောင်းကွပ်ကဲဦးဆောင်ဖို့ စုဖွဲ့ထားတဲ့ကောင်စီဖြစ်တယ်။ အစုအဖွဲ့ (၃) ခုဖြစ်တဲ့ တအာင်းအမျိုးသားပါတီ TNP ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် တအာင်းအရပ်ဖက်အင်အားစုများ ကိုယ်စားလှယ်တွေပါဝင်တဲ့ ခေါင်းဆောင်တွေနဲ့စုဖွဲ့ထားတာ ဖြစ်ပါတယ်။

မေး ။ ။ တအာင်းပြည်ကောင်စီ TLC ဟာ တော်လှန်ရေးကာလမှာ အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ် ဆောင်ရွက်မယ်ဆိုတော့ ဘယ်လိုလုပ်ငန်းတာဝန်တွေ ခွဲခြားထားပါလဲ။

ဖြေ ။ ။ အဓိက ကတော့ ဒီတော်လှန်ရေးကာလအစိုးရကို ဦးဆောင်ဖွဲ့စည်းနိုင်ရေး၊ မဏ္ဍိုင်ကြီး (၃) ရပ်ကို ထိန်းကျောင်းကွပ်ကဲ ကြပ်မတ်ဖို့နဲ့ တအာင်းတွေရဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ဦးဆောင်ဖို့ တာဝန်ပေးထားတာ ဖြစ်ပါတယ်။

မေး ။ ။ TLC ကနေ အဓိကမဏ္ဍိုင်ကြီး ၃ ခုကို ထိန်းကျောင်းဖို့ ပြောင်းလဲဖွဲ့စည်းလိုက်တာဆိုတော့ နောက်ပိုင်းမှာ ဘယ်လိုဌာနတွေ ထပ်မံတိုးချဲ့ဖွဲ့စည်းသွားဖို့ ရှိပါလဲ။

ဖြေ ။ ။ ဘယ်လိုဌာနတွေ ထပ်ပြီးဖွဲ့စည်းသွားမလဲဆိုတာကတော့ လောလောဆယ်မှာ ပြောဖို့ခက်ခဲနေပါ သေးတယ်။ အားလုံးက TLC ရဲ့ ဦးဆောင်မှုနဲ့အတူပဲ ဆက်လက်ပြင်ဆင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တော်လှန်ရေးကာလအစိုးရတရပ်မှာ ရှိသင့်ရှိထိုက် လိုအပ်တဲ့ဌာနတွေစုံအောင်တော့ ပြင်ဆင်စုဖွဲ့သွားဖို့ ရှိတယ်လို့ အကြမ်းဖျင်းပြောလို့ရပါတယ်။

မေး ။ ။ “၁၀၂၇ စစ်ဆင်ရေး” အတွင်းမှာ TNLA နဲ့ မဟာမိတ်တွေဦးဆောင်ပြီး စစ်ကောင်စီကို ဖယ်ရှားရှင်းလင်း နိုင်ခဲ့တဲ့နယ်မြေကို အခြေခံပြီး ၂၀၂၅ ထဲမှာ တော်လှန်ရေးကာလပြည်သူ့အစိုးရ ဆက်လက်ဖွဲ့စည်းမယ်ဆိုတော့ အဓိကအားဖြင့် ဘယ်မြို့၊ဘယ်နယ်နိမိတ်တွေ ဖြစ်မလဲ။

ဖြေ ။ ။ အကြမ်းအားဖြင့်ပြောနိုင်တာကတော့ “၁၀၂၇ စစ်ဆင်ရေး” လှိုင်းမှာ PSLF/TNLA က ထိန်းချုပ်ထားတဲ့ မြိုနယ်တွေ ပါပါတယ်ဗျ။

မေး ။ ။ NUG နဲ့ TPCC ကြားမှာ ခိုင်မာတဲ့သဘောတူညီချက်တွေရရှိထားတယ်လို့ ကြားသိထားရသလို အခု TLC ကလည်း မြန်မာပြည်တော်လှန်ရေးအင်အားစုများနဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုထားတဲ့အပေါ်မှာ NUG ကို ညွှန်းဆိုချင်တာလား၊ ဘာကြောင့်ပါလဲ။

ဖြေ ။ ။ ဆရာ/ဆရာမတို့ ဘယ်ကနေကြားသလဲတော့ မသိဘူး၊ ကျနော်တို့တောင် သိချင်တယ်။ ဘယ်လိုခိုင်မာတဲ့ သဘောတူညီချက်လဲဆိုတာကို။ ပြောနိုင်တာကတော့ NUG နဲ့ TPCC ကြားမှာ ဘာမှခိုင်မာတဲ့ သဘောတူညီချက် ချမှတ်တာမရှိသေးပါဘူး။ ဒီတော်လှန်ရေးမှာ ကျနော်တို့ ဘယ်လိုဆက်ပြီး ပူးပေါင်းဆောင်ရွက် သွားမလဲဆိုတာကတော့ TLC ကနေပဲ ဆက်လက်ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

မေး ။ ။ အခြား ဖြည့်စွက်ပြောဆိုချင်တာရှိရင်လည်း ဖြေကြားပေးပါဦးခင်ဗျ။

ဖြေ ။ ။ ဟုတ်ကဲ့ပါဗျ၊ ဒီချိန်က တော်လှန်ရေးရဲ့အမြင့်ဆုံးရေချိန်အမှတ်သို့ ရောက်ရှိနေချိန်ဖြစ်တဲ့အတွက် ကျနော်တို့ရဲ့အဆုံးသတ်တိုက်ပွဲနဲ့ ဒီအကြမ်းဖက်စစ်ကောင်စီ ပြုတ်ကျဖို့အတွက် ကျနော်တို့ တော်လှန်ရေး အင်အားစုတွေ ဟန်ချက်ညီညီ စုပေါင်းအင်အား၊ စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းလုပ်ဆောင်မှုတွေနဲ့အတူ အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။

တဘက်မှာလည်း အကြမ်းဖက်စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေချိန်ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ပြည်သူတွေ ဒီတော်လှန်ရေးမှာ နိုင်ရာဝန်ကိုထမ်းပြီး တော်လှန်ဖို့လိုတယ်။ ဒီတော်လှန်ရေးအင်အားစုနဲ့ ကျနော်တို့ပြည်သူတွေ ဒီအားတွေစုမိသွားပီဆိုရင် အောင်ပွဲကအမြန်ဆုံးရရှိလိမ့်မယ်လို့ ယုံကြည်တယ်။ အခုအချိန်မှာ အခက်အခဲအတားအဆီးတွေ အများကြီးကြုံရပါလိမ့်မယ်။ ဒါကြောင့် သတိဝိရိယရှိရှိနဲ့ သွားဖို့လိုအပ်တယ်လို့ နောက်ဆုံးအနေနဲ့ မေတ္တာရပ်ခံတိုက်တွန်းချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။