လိုင်စင်မဲ့ယာဉ်များအား တင်းတင်းကြပ်ကြပ်ဖမ်းဆီးစစ်ဆေးနေမှုကြောင့် အရေးပေါ်လူနာပို့ဆောင်ရာတွင် ထိုလိုင်စင်မဲ့ယာဉ်များအား အများစုအသုံးပြုနေရသည့် လူမှုကယ်ဆယ်ရေးလုပ်ငန်းများ အခက်အခဲကြုံနေသည့် အခြေအနေနှင့်ပတ်သက်ပြီး ဘားအံမြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် စစ်ကောင်စီအဖွဲက လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီအရေးယူသိမ်းဆည်းနေခြင်းကြောင့် အဆိုပါယာဉ်များကို အများစုအသုံးပြုနေရသော လူမှုကယ်ဆယ်ရေးအဖွဲ့များမှာ လုပ်ငန်းများ ရပ်နားထားရပြီး လူနာပို့ဆောင်ရေးကိစ္စအတွက် နည်းပေါင်းစုံဖြေရှင်းနေရကြောင်း ၎င်းတို့ကပြောဆိုသည်။
လိုင်စင်မဲ့ယာဉ်များအား ဖမ်းဆီးအရေးယူရန် ပြီးခဲ့သည့်မေလ ၂၀ ရက်က နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့ပြီးနောက် ကရင်နှင့် မွန်ပြည်နယ်တို့တွင် လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှု အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တို့က ပြောသည်။
ထိုသို့ဖမ်းဆီးသိမ်းဆည်းမှုကြောင့် အရေးပေါ်လူနာများသယ်ယူပို့ဆောင်ပေးရာတွင် လိုင်စင်ရှိ လူနာတင်ယာဉ်ကို အလှည့်ကျ အသုံးပြုနေရသည့်အပြင် စစ်ဆေးမှုများသည့် လမ်းပိုင်းတချို့တစ်ဝက်တွင် change down ပြုလုပ်ပြီး လူနာပို့ဆောင်နေရသဖြင့် လမ်းခရီးနှောင့်နှေးမှုရှိပြီး လူနာအသက်အန္တရာယ်ကို စိုးရိမ်နေရဟု ဆိုသည်။
ဇွန်လ ၁ ရက်နေ့မှစပြီး ဘားအံမြို့တွင် လိုင်စင်မဲ့ယာဉ်များအား စစ်ဆေးဖမ်းဆီးအရေးယူမှု ပိုမိုတင်းကြပ်လာတာကြောင့် ယခင်ထက် လူမှုကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် ကြုံနေကြရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး ဘားအံမြို့မှ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ လိုင်စင်မဲ့ယာဉ်တွေ တင်းတင်းကြပ်ကြပ်လိုက်လံဖမ်းဆီးစစ်ဆေးနေချိန်မှာ လူမှုကယ်ဆယ်ရေး အဖွဲ့တွေ လက်ရှိကြုံတွေ့နေရတဲ့အခြေအနေကို ပြောပြပေးပါရှင့်။
ဖြေ။ ။ ဟုတ်ကဲ့၊ လက်ရှိကတော့ သူတို့စီမံချက်အရ ပုံမှန်စစ်ဆေးနေပါတယ်ခင်ဗျာ။ ကျနော်တို့မှာဆိုရင် လိုင်စင်မရှိတဲ့ အသင်းတွေများတယ်။ ကျနော်တို့ဘားအံမြို့နယ် ကရင်ပြည်နယ်ထဲမှာဆိုရင် စုစုပေါင်း အသင်းပေါင်း ရာချီရှိပါတယ်။ ရာချီရှိတဲ့အနေအထားမျိုးမှာ တစ်သင်းကို ကားတစ်စီးနှုန်းနဲ့ဆိုရင် အသင်းရာနှင့်ချီ ရပ်နားထားရတဲ့ အနေအထားမျိုးမှာပါဗျ။
ပုံမှန်တစ်ရက်ကို သုံးစီးတက်လာနိုင်တဲ့အနေအထားမျိုးမှာ တစ်စီးမှ မတက်နိုင်ဘဲ ရပ်နားထားတော့ နီးစပ်ရာ ကားနဲ့ပဲ ကျနော်တို့ လာသမျှအသင်း ရှိသမျှရွာကလူတွေကို ပတ်ပြီးတော့ ကြိုနေရတဲ့ အနေအထားမျိုး ရှိတဲ့အခါ နည်းနည်းတော့ကြန့်ကြာမှု ရှိတယ်ဗျ။
မေး။ ။ ဒီအခြေအနေအပေါ် ဘယ်လိုဖြတ်ကျော်နေပါလဲ။
ဖြေ။ ။ လူနာတွေကို အချိန်နဲ့တပြေးညီ ကူညီနိုင်ဖို့ ကျနော်တို့မှာ without ယာဉ်တွေပဲ ရှိပါတယ်။ လိုင်စင်ပါ လူနာတင်ယာဉ်မရှိတဲ့အတွက်ကြောင့်မို့လို့ လူနာတွေအတွက် အခက်အခဲဖြစ်ရတယ်။ ရှိတဲ့ယာဉ်နဲ့ ကျနော်တို့ လစ်ဟင်းမှု မလျော့နည်းအောင် အတတ်နိုင်ဆုံး ရသမျှကျနော်တို့ လိုင်စင်ကားလေးတွေနဲ့ပေါ့နော်၊ လိုင်စင်ကား ရှိတဲ့အသင်းတွေနဲ့ မရတော့တဲ့အခါ ကျနော်တို့နီးစပ်ရာဆရာတော်တွေရဲ့ လိုင်စင်တွေနဲ့သော်လည်းကောင်း၊ အရပ်ဖက်ကကားတွေ၊ အိမ်စီးကားတွေနဲ့လည်း စသဖြင့် ဆေးရုံရောက်အောင်ပို့ ပေးနေပါတယ်ဗျ။
ကျနော်တို့ အဖမ်းအဆီးမရှိတဲ့နေရာလောက်အထိ၊ သူတို့ရွာကနေ တက်လာလို့ရတဲ့နေရာလောက်အထိ သွားကြို ပြီးတော့ သူတို့သွားချင်တဲ့ ဘားအံအရေးပေါ်ဆေးရုံအချို့ Accident တို့ အရေးပေါ်တို့ဆိုရင် အရေးပေါ်ဆေးရုံကို change down (ကားတဆင့်ပြောင်းပေးပြီး) လုပ်ပြီးတော့ သွားရောက်ကူညီပေးနေပါတယ်။
မေး။ ။ အရေးပေါ်လူနာတွေအတွက် တဆင့်ပြီးတဆင့် ပို့ဆောင်နေရတဲ့အနေအထားဆိုတော့ ဘယ်လို အခက်ခဲမျိုးတွေ ရှိနေပါလဲ။
ဖြေ။ ။ လက်ရှိမှာတော့ လူနာတွေက လမ်းကြောင်းမှာလာတဲ့ဟာတွေကို ကျနော်တို့ change ပေးဖို့ ချိတ်ထားတဲ့ကား ရှိတယ်ဆိုရင် နည်းနည်းအဆင်ပြေတယ်။ မချိတ်ရသေးဘူးဆိုရင်တော့ ဆိုင်းငံ့ရတာပေါ့။ ဒီရက်ပိုင်းအတွင်းမှာတော့ လူနာကိုတော့ အတတ်နိုင်ဆုံးနည်းနဲ့ ရသလောက်တော့ ဆောင်ရွက်ပေးနေပါတယ်။ လူနာတွေကတော့ သက်တောင့်သက်သာ မဖြစ်ပါဘူးဗျ။
ဘာလို့လဲဆို သက်တောင့်သက်သာဖြစ်ရတဲ့ လူနာတင်ယာဉ် မဟုတ်ပါဘူးခင်ဗျ။ အခုလက်ရှိနောက်ဆုံး လူနာတင်ယာဉ်မဟုတ်တဲ့ Vigo တွေ ကားအမြင့်တွေ လိုင်စင်ရှိတဲ့ကား ဘယ်လိုကားမဆိုပေါ့နော် ရှိတဲ့ကားနဲ့ တင်ရတယ်။ ကျနော်တို့ဆို အရင်တုန်း အရင်ခေတ်ကလိုမျိုး လာတဲ့ကားနဲ့ တင်လာရတဲ့သဘောမျိုးပေါ့နော်။
မေး။ ။ ဘားအံမှာဖမ်းဆီးခံထားရတဲ့ လူနာတင်ယာဉ်တွေလည်းရှိတယ်လို့ကြားရတော့ ဘယ်လိုညှိနှိုင်း လုပ်ဆောင်ကြရပါလဲ။
ဖြေ။ ။ လက်ရှိကတော့ ညှိနှိုင်းဆဲပဲပေါ့။ အဖြေကတော့ တိကျတဲ့အဖြေ ဘာမှမပေးသေးဘူး။ သူတို့က စီမံချက်အရ ဖြစ်တာကြောင့်မို့လို့ ကျနော်တို့မောင်းနှင်ခွင့်အတွက် သေချာတဲ့အဖြေရမလာဘူးခင်ဗျ၊ အဲ့တော့ ညှိနှိုင်းကာလဆဲ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူနာတွေ လုံးဝ မသွားရ မဖြစ်ဖို့ကိုတော့ ကျနော်တို့ ကယ်ဆယ်ရေး အသင်းတွေကနေပြီးတော့ ရတဲ့နည်းလမ်းနဲ့ ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်ခင်ဗျ။
မေး။ ။ လက်ရှိမှာ စစ်ကောင်စီအဖွဲ့တွေက လူနာတင်ယာဉ်ပါမကျန် လိုင်စင်မဲ့ဖမ်းဆီးစစ်ဆေးမှု တင်းကြပ်နေတဲ့အပေါ် ဘာမှတ်ချက်ပေးချင်ပါလဲ။
ဖြေ။ ။ တစ်နိုင်ငံလုံးအတိုင်းအတာမှာ (လူနာတင်ယာဉ်) ၉၉ ရာခိုင်နှုန်းလောက်က Without တွေဖြစ်တယ်။ လူနာတင်ယာဉ်ထဲက သူတို့စီမံချက်အရ စိစစ်ပြီးပြီ။ ကိစ္စပြီးသွားတဲ့အခါကြရင် လူနာတင်ယာဉ်တွေကို တမျိုးတဖုံ ပြန်လည်စီစဉ်ပေးမလားဆိုတဲ့ အချက်တချက်ပေါ့နော်။ နောက်တချက်က လက်ရှိ ရှိနေတဲ့ လူနာတင်ယာဉ်တွေကို ပိုသေချာတဲ့ အထောက်အထားလေးရှိခဲ့ရင် ခွင့်ပြုပေးနိုင်မလားဆိုတဲ့ အချက်လည်းပြောချင်ပါတယ်။
ဒီကားက ကျနော်တို့ဥပဒေအရ မှတ်ပုံတင်ခြင်းဆိုင်ရာအရ ဆောင်ရွက်ထားတာမဟုတ်တဲ့ အတွက်ကြောင့်မို့လို့ သူတို့ လုပ်ငန်းကို ကျနော်တို့အနေနဲ့ ဘယ်လိုမှ မှတ်ချက်မပေးလိုပါဘူး။ အဓိကတော့ကျနော်တို့ လူနာတင် ယာဉ်ကို သေချာတဲ့ ခိုင်လုံတဲ့ အထောက်အထားရှိခဲ့မယ်၊ ဒီအသင်းအဖွဲ့က မှန်ကန်မယ်၊ ဒီအသင်းအဖွဲ့တွေရဲ့ကား ဖြစ်ကြောင်း ထောက်ခံနိုင်မယ်၊ သူတို့ဘက်က ပြန်လည်စိစစ်ပြီးတော့ ထောက်ခံမယ်ဆိုရင် ကျနော်တို့ကို ဆက်လက် အသုံးပြုခွင့်ပေးစေချင်ပါတယ်။ အဲ့ဒါလေးပါပဲ။
မေး။ ။ နောက်ဆုံးဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။
ဖြေ။ ။ ကျနော်တို့အသင်းအဖွဲ့ရဲ့ကားကို သီးသန့်ကြီးအသိပေးခံရတာတွေရှိဖူးတော့ ဆက်မသွားတော့ဘူး။ ထပ်မံဖမ်းဆီးခံရတာမျိုးတော့ မရှိဘူး။ လက်ရှိမြို့ပေါ်မှာတော့ ရတဲ့ကားနဲ့သွားနေတယ်။ လိုင်စင်ကားဖြစ်တဲ့အတွက်ကြောင့်မို့လို့ စစ်ဆေးမေးမြန်းခြင်းမျိုးမရှိဘူး။
အဓိကတော့ ကျနော်တို့အသင်းမှာ လိုင်စင်ကားတွေ လူနာတင်ယာဉ်ပါ လိုင်စင်တွေရှိမယ်ဆိုရင် ကျနော်တို့ ပိုပိုပြီးတော့ ကူညီဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ထောက်ပံ့ပေးနိုင်တဲ့ အလှူရှင်တွေသော်လည်းကောင်း၊ အခြားဒီအသင်းတွေကို ဌားရမ်းအသုံးပြုခွင့်သော်လည်း ကျနော်တို့အသင်းတွေ ရပ်တန့်မသွားဖို့ လူနာတင်ယာဉ်တွေ ထပ်မံဝယ်ပေးသွားဖို့ လိုင်စင်ပါကားတွေကလည်း ဈေးတအားကြီးနေတဲ့အခါကြ အလှူရှင်တွေရှိလာနိုင်ရင် ကျနော်တို့လုပ်ငန်းတွေ ရပ်တန့်မသွားပါဘူး။
IMNA ပေးပို့သည်။