30 ဇွန် 2025 /

See today's Peace Related News

Homeသတင်းမရာပြည်သူ၊ အမျိုးသား/အမျိုးသမီးအားလုံး စစ်မှုထမ်းရမည်ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ကြေညာ

မရာပြည်သူ၊ အမျိုးသား/အမျိုးသမီးအားလုံး စစ်မှုထမ်းရမည်ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ကြေညာ

ချင်းပြည်နယ်၊ မရာနယ်မြေဒေသတွင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းရှိ မရာပြည်သူ အမျိုးသား၊ အမျိုးသမီး အားလုံး စစ်မှုထမ်းရမည်ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ – MTC က အတည်ပြုကြေညာလိုက်သည်။

မရာပြည်သူလူထုတိုင်း အသက် ၄၅ နှစ်အောက် ချွင်းချက်မှလွဲ၍ မည်သည့်ပုဂ္ဂိုလ်ဖြစ်စေ စစ်မှုထမ်းရမည့်အဆိုကို မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၏ တတိယအကြိမ် မရာပြည်သူ့ညီလာခံသက်တမ်း၊ ပထမအကြိမ် ပုံမှန်ဗဟို ကောင်စီအစည်းအဝေးက အတည်ပြုဆုံးဖြတ်ခဲ့သည်ဟု ဇွန်လ ၅ ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

MTC/ MDF ပြောရေးဆိုခွင့်ရှိသူ Ronah က “အသက် ၄၅ နှစ်အောက် စစ်မှုထမ်းဖို့က အခု စကစ (စစ်ကောင်စီ) လည်း အင်အားတည်ဆောက်နေတယ်ဆိုတော့ ကိုယ့်ဒေသကို လုံးလုံးစိတ်ချလို့ရပြီဆိုတာ မဟုတ်သေးတော့ ပြည်သူ့အားနဲ့ အမြဲအဆင်သင့်ပြင်ဆင်ထားဖို့ လိုပါတယ်။ ကိုယ့်ကျေးရွာ၊ တိုက်နယ်၊ နယ်မြေလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားတဲ့သဘောပါ” ဟု ပြောသည်။

ဆက်လက်ပြီး Ronah က “ချွင်းချက်ဆိုတာက ကျန်းမာရေး၊ ဘာသာရေးအရ စစ်မှုထမ်းလို့ မရတဲ့အနေထားမှာ ရှိတဲ့သူတွေ ပါပါမယ်။ အမျိုးသမီးတွေလည်း ပါပါတယ်၊ ဒါပေမယ့် အိမ်ထောင်နဲ့ကလေးနဲ့ဆို ချွင်းချက်ပေါ့၊ အသက် ၁၈ နှစ်အထက်ကနေ စပါမယ်” ဟု ပြောသည်။

မရာပြည်သူတိုင်း စစ်မှုထမ်းရမည့် အမိန့်ညွှန်ကြားချက် အာဏာသက်ရောက်မှုသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ကတည်းက စတင်အကြုံးဝင်သည်ဟု သိရသည်။

ဗဟိုကောင်စီအစည်းအဝေးတွင် မရာနယ်မြေအားလုံးကို အမြန်ဆုံးထိန်းချုပ်နိုင်ရေးအပါအဝင် ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ အထွေထွေအုပ်ချုပ်ရေးနှင့်ဆိုင်သော အဆိုပေါင်း ၂၀ ကိုလည်း ဆွေးနွေးပြီး ဆုံးဖြတ်နိုင်ခဲ့သည်ဟု သိရသည်။

“ကျနော်တို့ရည်မှန်းချက်က ကျနော်တို့နယ်မြေကို စစ်အာဏာရှင်စနစ်နဲ့ ဘယ်အာဏာရှင်စနစ်မဆို တိုက်ထုတ်ပြီးတော့ မရာနယ်မြေကို မရာပြည်သူက အုပ်ချုပ်ဖို့ဖြစ်တဲ့အတွက်၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နိုင်ဖို့ မရာနယ်မြေအားလုံးကို ထိန်းချုပ်ဖို့လိုပါတယ်” ဟု Ronah က ပြောသည်။

တတိယအကြိမ် မရာပြည်သူ့ညီလာခံသက်တမ်း၊ ပထမအကြိမ် ပုံမှန်ဗဟိုကောင်စီအစည်းအဝေးကို မေလ ၃၀ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ MTC/ MDF ၏ ထိန်းချုပ်နယ်မြေတနေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်တွင်း/ပြည်ပမှ ဗဟိုကောင်စီဝင်များ၊ CDM အစုအဖွဲ့များ၊ အမှုဆောင် စီမံအုပ်ချုပ်ရေးကော်မတီဝင်များ၊ ဗဟိုတရားသူကြီးအဖွဲ့ဝင်များ၊ ကာကွယ်ရေးတပ်ဖွဲ့မှ ကိုယ်စားလှယ် ဗဟိုကောင်စီဝင်များ၊ လူမှုအသင်းအဖွဲ့နှင့် လေ့လာစောင့်ကြည့်သူများအပါအဝင် စုစုပေါင်း ၆၅ ဦး တက်ရောက်ပြီး ဗဟိုကောင်စီအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

ဗဟိုကောင်စီအစည်းအဝေးတွင် ဗဟိုကောင်စီဝင်များ ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် စစ်ဦးစီးချုပ်၊ ဒုတိယစစ်ဦးစီးချုပ်၊ တွဲဖက်တရားသူကြီးတို့ကို အတည်ပြုချက်ရယူပြီး ခန့်အပ်နိုင်ခဲ့သည်ဟု သိရသည်။

မရာပဋိညာဉ်အရ ဥပဒေမူကြမ်း ၃ ခု ဆွေးနွေးခဲ့ကြရာ ဘဏ္ဍာရေး အက်ဥပဒေနှင့် အခွန်အက်ဥပဒေတို့ကို ဆွေးနွေးအတည်ပြုနိုင်ခဲ့ပြီး ကျန်နေသော လိုင်လင်းပီမြို့အုပ်ချုပ်ရေး အက်ဥပဒေကို ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုကောင်စီအစည်းအဝေးမှ အလုပ်အမှုဆောင် စီမံအုပ်ချုပ်ကော်မတီထံ အာဏာလွှဲအပ်ခြင်း ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၏ အထွေထွေအတွင်းရေးမှူးနှင့် သက်ဆိုင်ရာဌာန အမှုဆောင် အတွင်းရေးမှူးများက အစီရင်ခံစာများတင်သွင်းခဲ့ပြီး ဗဟိုကောင်စီအစည်းအဝေးတွင် အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့သည်ဟု သိရသည်။

မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့မှ တိုက်ပွဲအတွင်း ရဲရင့်ပြီး အမိန့်နာခံမှုကောင်းမွန်သူ ၃ ဦးနှင့် နိုင်ငံတကာရောက် မရာများမှ တော်လှန်ရေးတွင် တက်ကြွစွာပါဝင်သူ ၃ ဦးတို့ကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်ဟုလည်း သိရသည်။

ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးနှင့် မရာပြည်သူလူထုတရပ်လုံးအတွက် ပြည့်ဝလုံခြုံသော နိုင်ငံရေးစနစ်တစ်ခုရရှိရန် ဆက်လက်ကြိုးစားမည်ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက သဘောတူညီခဲ့သည်ဟု သိရသည်။

မရာဒေသတွင် ICNCC ၊ ချင်းညီနောင်အဖွဲ့ (CB) တို့ဖြင့် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်သည့် Maraland Territorial Council – MTC / MDF နှင့် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရတို့ဖြင့် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်း ဆောင်ရွက်သည့် Interim Maraland Council/ CDF – Mara တို့ရှိကြောင်း သိရသည်။

KMG ပေးပို့သည်။