27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းကရင်အမျိုးသမီးများ ဦးဆောင်မှုကဏ္ဍများတွင် ပါဝင်မှုရာခိုင်နှုန်း နည်းပါးနေသေး

ကရင်အမျိုးသမီးများ ဦးဆောင်မှုကဏ္ဍများတွင် ပါဝင်မှုရာခိုင်နှုန်း နည်းပါးနေသေး

နိုင်ငံရေးတွင်သာမက အခြားဦးဆောင်မှုနေရာများတွင် ကရင်အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်းနည်းပါးနေဆဲ ဖြစ်ကြောင်း ကော်သူးလေ (ကရင်) အမျိုးသမီးများ နှီးနှောဖလှယ်ပွဲတက်ရောက်လာကြသည့် အမျိုးသမီးများက ပြောဆိုသည်။

နိုင်ငံရေးဦးဆောင်မှုတွင်သာမက ကဏ္ဍအသီးသီးတွင် အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်း ပြည့်မီနိုင်ရန် အခက်အခဲများနှင့် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်ဟုဆိုသည်။

ကော်သူးလေ အမျိုးသမီးများနှီးနှောဖလှယ်ပွဲကို ကော်သူးလေနယ်စပ်တနေရာတွင် မေလ ၂၇ ရက်နေ့မှ ၂၉ ရက် နေ့အထိ သုံးရက်တာကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကော်သူးလေအမျိုးသမီးနှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ နော်ထူးထူးက “အမှန်ဆို ဒီ ၃၀ ရာခိုင်နှုန်း Quota ကိုတောင်းဆိုခဲ့တာ ကရင်အမျိုးသမီးတွေပါ။ KNU ရဲ့ ကွန်ဂရက်မှာတော့ သဘောတူထားတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ အမျိုးသမီးတွေအုပ်ချုပ်ရေးဘက်ပိုင်းမှာရော၊ ကာကွယ်ရေးဘက်ပိုင်းမှာရော၊ တခြားကဏ္ဍဘက်ပိုင်းမှာရောပါဝင်ဖို့ ဒီ ၃၀ ရာခိုင်နှုန်းပြည့်ဖို့ဆိုတာ အခက်အခဲတွေ အများကြီးရှိသေးတယ်။ မပြည့်သေးတဲ့အတွက် ဒီနှီးနှောဖလှယ်ပွဲမှာ ညီလာခံကိုယ်စားလှယ်ကနေ ၃၀ ရာခိုင်နှုန်းကိုရဖို့အတွက် ဆက်ပြီးတော့တိုက်တွန်းနေတာပါ” ဟု ပြောသည်။

နှီးနှောဖလှယ်ပွဲတွင် ကရင်အမျိုးသားအစည်းအရုံး KNU ၏ လာမည့် ၁၈ ကြိမ်မြောက်ညီလာခံ (ကွန်ဂရက်) တွင် ဌာနဆိုင်ရာများ၊ ခရိုင်၊ စစ်ဘက်နှင့် အရပ်ဘက်အသီးသီးမှ အမျိုးသမီးညီလာခံကိုယ်စားလှယ် ၃၀% အနည်းဆုံးပါဝင်ရန်တိုက်တွန်းတောင်းဆိုသည့် သဘောတူညီချက်တရပ်လည်း ချမှတ်ခဲ့သည်ဟု နော်ထူးထူးက ပြောသည်။

အမျိုးသမီးများအုပ်ချုပ်ရေးနှင့် အခြားကဏ္ဍများတွင် ပါဝင်လာနိုင်ရေးအတွက် စိန်ခေါ်မှုများစွာရှိနေပြီး အသိပညာပိုင်းနှင့် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများရှိနေသေးသည်ဟု ပြောသည်။

နော်ထူးထူးက “အဟန့်အတားစိန်ခေါ်မှုကတော့ ဒေသအလိုက်၊ နယ်မြေအလိုက် မတူညီဘူး။ တချို့အမျိုးသမီးတွေက အုပ်ချုပ်ရေးကဏ္ဍမှာပါဝင်ဖို့ အဆင်သင့်ဖြစ်နေပေမယ့် တချို့က Ready မဖြစ်သေးဘူး။ Gender နဲ့ ပတ်သက်တဲ့မူဝါဒကို အပြီးသတ်ရေးဆွဲဖို့ လိုအပ်သလို၊ တဖက်ကလည်း အမျိုးသမီးတွေကလည်း အဆင်သင့်ဖြစ်နေဖို့ အများကြီးလိုအပ်နေသေးတယ်” ဟု ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့်လည်း ဂျဲန်ဒါဆိုင်ရာ မူဝါဒမူဘောင်ရေးဆွဲပြဌာန်းပြီး အုပ်ချုပ်ရေး အဆင့်ဆင့်တွင် လက်တွေ့အကောင်အထည်ဖော်သွားရန်လည်း နှီးနှောဖလှယ်ပွဲက တိုက်တွန်းထားသည်။

နော်ထူးထူးက “ကျမတို့ အမျိုးသမီးအသံက နေရာတိုင်းမှာ ပါဝင်ဖို့လိုအပ်တယ်။ တိုက်ပွဲတွေပြီးမှ၊ တော်လှန်ရေး ကာလပြီးမှ ဒါတွေစလုပ်မယ်ဆိုရင် အရမ်းနောက်ကျသွားမယ်လို့ ကျမထင်တယ်။ ဒါကြောင့်မို့ အမျိုးသမီးတွေရဲ့ တန်းတူရေး၊ အုပ်ချုပ်ရေးနယ်ပယ်မှာ ပိုပြီးတော့မှပါဝင်လာနိုင်ဖို့ ကျမတို့အမျိုးသမီးတွေ ကြိုးစားရမယ်၊ စိတ်လည်းဝင်စားဖို့ သင့်တယ်။ ဒီအရွေ့တခုကိုတွန်းဖို့အတွက် အမျိုးသမီးတွေရဲ့အသံတွေက အရမ်းအရေးကြီးပါတယ်” ဟု ပြောသည်။

ကော်သူးလေ အမျိုးသမီးနှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသော ကိုယ်စားလှယ်များအနေဖြင့် ကော်သူးလေ လူမှုဝန်းကျင်အတွင်းရှိ အမျိုးသမီးများ၏ အခွင့်အရေး၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုနှင့် ဘေးကင်းလုံခြုံမှုကိုမြှင့်တင်ရန် စည်းလုံးညီညွတ်စွာ ကတိကဝတ်ပြုခဲ့ကြသည်ဟု နှီးနှောပွဲနှင့်ပတ်သက်သည့် ကရင်အမျိုးသမီးအစည်းအရုံး KWO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော်သူးလေအမျိုးသမီးများ နှီးနှောဖလှယ်ပွဲသို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ တာဝန်ရှိသူများ၊ တသီးပုဂ္ဂလပညာရှင်များ၊ နေရာဒေသအသီးသီးရှိ ကရင်အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ဦးဆောင်နေသည့် ခေါင်းဆောင်များအပါအဝင် ကိုယ်စားလှယ်စုစုပေါင်း အယောက် ၁၄၀ ကျော် တက်ရောက်ခဲ့ကြသည်။

NMG ပေးပို့သည်။