ဟုမ္မလင်း၊ ရွှေပြည်မြင့်ကျေးရွာ ရပ်မိ/ရပ်ဖတစ်ဦးကို KIA ဖမ်းဆီးထားမှု ပြန်လွှတ်ပေးရန် PCG ထံ တင်ပြထား

By MPM 30 မေ, 2025 👁

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ရွှေတွင်းကျေးရွာအုပ်စု ရွှေပြည်မြင့်ကျေးရွာက ရပ်မိ/ရပ်ဖဖြစ်သူတစ်ဦးကို KIA တပ်ဖွဲ့က မေလ ၁၂ ရက်နေ့ကတည်းက ဖမ်းဆီးသွားခဲ့ပြီးနောက် နှစ်ပတ်ကျော်ကြာသည်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးဖြင့် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) ထံ တင်ပြတောင်းဆိုထားကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် ရွှေပြည်မြင့်ကျေးရွာ ရပ်မိ/ရပ်ဖဖြစ်သူ ဦးအောင်စိန်၏ နေအိမ်အတွင်းသို့ သေနတ်ကိုယ်စီကိုင်ဆောင်ထားသူ ၄ ဦးက ဝင်ရောက်ကာ ဖမ်းဆီးသွားခဲ့ပြီး တဖက်ကမ်းရှိ ဆယ်ဇင်းကျေးရွာဘက်ကို ခေါ်ဆောင်သွားသည်ဟု ၎င်း၏မိသားစုဝင်တို့ ပြောဆိုမှုအရသိရသည်။

“ ဖမ်းဆီးသွားခဲ့တာ အခုဆိုနှစ်ပတ်ကျော်နေပြီ သတင်းတွေက ဘာမှမရသေးဘူး။ ရှမ်းရေးရာအဖွဲ့ကိုတော့ အကူအညီတောင်းထားတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ဦးအောင်စိန်သည် အသက် ၆၈ နှစ်အရွယ်ရှိပြီး လူကြီးရောဂါခံစားနေရသဖြင့် အသက်အန္တရာယ်ကိုလည်း စိုးရိမ်နေရသည်ဟု ၎င်း၏မိသားစုဝင်က ဆက်ပြောသည်။

ဦးအောင်စိန်၏မိသားစုက ၎င်းပြန်လည်လွှတ်မြောက်လာရေးအတွက် ကချင်ပြည်နယ်အခြေစိုက် မြန်မာပြည် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (SEA) ထံကို အကူအညီတောင်းခံခဲ့ကြပြီး ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကလည်း ညှိနှိုင်းပေးမှုတို့ရှိနေကြောင်း သိရသည်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) ထံ ဦးအောင်စိန် ဖမ်းဆီးခံထားရာကနေ ပြန်လည်လွှတ်ပေးရန် မေလ ၂၇ ရက်နေ့တွင် တင်ပြခဲ့ကြောင်း ၎င်းအဖွဲ့ထံမှ သိရသည်။

ရွှေပြည်မြင့်ကျေးရွာသည် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့က ယခု ၂၀၂၅ ခုနှစ်အတွင်း ထိန်းချုပ်ထားနိုင်ခဲ့သည့် ဟုမ္မလင်းဒေသရှိ ကျေးရွာတစ်ရွာလည်း ဖြစ်သည်။

ရှမ်းနီအသံ ပေးပို့သည်။