ဖမ်းဆီးခံထားရသည့် ချင်းလူငယ်များ၏လက်ရှိအခြေအနေ၊ ULA/AA ၏ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက် (NDEP) အပေါ် ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ (CPSC) ၏ သဘောထားနှင့်ပတ်သက်ပြီး CPSC ၏ ဗဟိုအလုပ်အမှုဆောင် ဆလိုင်းခိုင်လ်ရိုနှင့် ဆက်သွယ်မေးမြန်းချက်။
အာရက္ခတပ်တော် ULA/AA က ဖမ်းဆီးထားသည့် ချင်းလူငယ်အယောက် ၆၀ ကျော်ကို ပြန်လွှတ်ပေးရန် ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ (CPSC) က မေလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ် တောင်းဆိုတိုက်တွန်းလိုက်သည်။
အာရက္ခတပ်တော် ULA/AA က ဖမ်းထားသော ချင်းလူငယ်များသည် မိသားစုစားဝတ်နေရေးအတွက် ပြည်မထွက် အလုပ်လုပ်ကိုင်ရန်နှင် ပညာသင်ကြားရန်သွားကြမည့် အသက်မပြည့်သေးသော ကျောင်းသူ/ကျောင်းသားများလည်း ပါဝင်သည်ဟု CPSC က ပြောဆိုသည်။
ဖမ်းဆီးခံထားရသည့် ချင်းလူငယ်များ၏ လက်ရှိအခြေအနေ၊ ULA/AA ၏ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက် (NDEP) အပေါ် ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ (CPSC) ၏ သဘောထားနှင့်ပတ်သက်ပြီး CPSC ၏ ဗဟိုအလုပ်အမှုဆောင် ဆလိုင်းခိုင်လ်ရို (Salai Kyro) ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ CPSC ရဲ့ မေလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်မှာ အဓိကကတော့ အာရက္ခတပ်တော် (AA) က ဖမ်းသွားတဲ့ ချင်းလူငယ်တွေကို ပြန်လွှတ်ပေးဖို့ဆိုတော့ သူတို့ရဲ့လက်ရှိအခြေအနေ ဘယ်လိုကြားထားပါလဲ။
ဖြေ။ ။ ကျနော်တို့ထုတ်ပြန်ချက်ကတော့ အဖမ်းခံရတဲ့လူတွေ အခုဘယ်မှာရှိနေလဲဆိုတော့ တချို့ကြတော့ အရင်တုန်းက ၂၀၂၄ တုန်းက အဖမ်းခံရတဲ့သူတွေဆိုတော့ အာရက္ခတပ်တော်ထဲမှာ တာဝန်ထမ်းဆောင်နေကြပြီ ဆိုတဲ့သတင်း အတိအကျရထားတယ်။
နောက်တခုက ၂၀၂၅ ဧပြီ၊ မေမှာ အဖမ်းခံရတဲ့ ရန်ကုန်ဘက်ကို ကျောင်းသွားတက်မယ့် ကလေးတွေကြတော့ တချို့ခန္ဓာကိုယ်ဖွံ့ဖြိုးတဲ့သူတွေကြတော့ အသက်မပြည့်သေးပေမဲ့ AA ရဲ့ စစ်သင်တန်းကျောင်းပို့ခံရတယ်လို့ ကျနော်တို့ကြားရတယ်။ တချို့ လူကောင်အရမ်းသေးလွန်းတဲ့သူတွေကတော့ ပြန်လွှတ်ပေးတယ်လို့ ကြားရပါတယ်။
မေး။ ။ အဲ့ဒီကလေးတွေက ရခိုင်ပြည်ဘယ်ဒေသထဲက ချင်းတိုင်းရင်းသားတွေပါလဲရှင့်။
ဖြေ။ ။ ကျနော်တို့ ရခိုင်ပြည်နယ်မှာကြတော့ အဓိက ချင်းမျိုးနွယ်စု ၅ မျိုးနွယ်စု ရှိတယ်ပေါ့လေ။ ဒီထဲမှာ ကျနော်တို့ရထားတဲ့ သတင်းအချက်အလက်တွေကြတော့ မြေပုံမြို့နယ်နဲ့ မင်းပြားမြို့နယ်က ကလေးတွေရဲ့ သတင်းတွေဖြစ်ပါတယ်။ ဆိုတော့ တခြားနေရာက ချင်းလူမျိုးတွေရဲ့သတင်းတွေကြတော့ လတ်တလောမှာ ကျနော်တို့စုံစမ်းနေဆဲဖြစ်တယ်။ ကျနော်တို့ မကြားသိရသေးဘူး။ ကျနော်တို့ ဒီထက်မကဒီလိုမျိုးကိစ္စတွေ အများကြီးဖြစ်မယ်လို့ ကျနော်ယုံကြည်တယ်။
ဘာလို့ဆို လက်တလောအခြေအနေမှာ ရခိုင်ပြည်က စစ်ဘေးတွေနဲ့မို့လို့ ကျနော်တို့ မြေပြင်နဲ့ဆက်သွယ်ဖို့က အရမ်းခက်ခဲနေတဲ့ အခြေအနေဖြစ်တဲ့အတွက်ကြောင့်မို့လို့ လက်ရှိရထားတဲ့ လူ ၆၃ ယောက်မှာ မြေပုံမြို့နယ်နဲ့ မင်းပြားမြို့နယ်က အဓိကအဖြစ်ပါဝင်တယ်။ တခြား ကျနော်တို့သတင်းမရနိုင်တဲ့ ကျနော်တို့ အဆက်အသွယ် မရနိုင်တဲ့ ချင်းဒေသတွေကလည်း အများကြီးပါမယ်လို့ ကျနော်တို့ယုံကြည်မိတယ်။
မေး။ ။ ဒီလိုဖမ်းဆီးမှုမျိုးတွေကို ချင်းနိုင်ငံရေးဦးဆောင်ကော်မတီအနေနဲ့ အချက်အလက်တွေရတာက ဘယ်နှစ်ခုနှစ်လောက်ကတည်းကလဲ အာဏာသိမ်းပြီးနောက်ပိုင်းလား၊ အာဏာမသိမ်းခင်ကပါလား။
ဖြေ။ ။ ဒီအဖမ်းခံရတဲ့ဟာကကြတော့ ၂၀၂၃ အောက်တိုဘာကနေစတယ်။ ၂၀၂၃ အောက်တိုဘာမှာ မြေပုံမြို့ နယ်ရဲ့ ချင်းရွာတစ်ရွာမှာရှိတဲ့ ဆရာမတစ်ယောက်အဖမ်းခံရတယ်။ နောက်တခါကြတော့ ၂၀၂၄ စက်တင်ဘာမှာ ပြည်မဘက်ကိုသွားမယ်ဆိုတဲ့ စက်လှေတစ်စီးက နောင်တော်ကြီး၊နောင်တော်ငယ်မှာ အာရက္ခတပ်တော်ရဲ့ ဖမ်းဆီးခြင်းကိုခံရတယ်။
၂၀၂၅ မှာကြတော့ ဧပြီ၊ မေ အဲ့ဒီအတွင်းမှာကြတော့ တချို့လူတွေက ရခိုင်ရိုးမကိုကျော်ပြီးတော့ ပြည်မဘက်ကို သွားမယ့်လူတွေ အဖမ်းခံရတယ်။ နောက်တဖွဲ့ကြတော့ ကျောက်ဖြူမြို့နယ်တဖက်ကမ်းမှာရှိတဲ့ သဲချောင်းကူး ဆိပ်ရွာမှာဖမ်းခံရတယ်လို့ ကျနော်တို့မြေပြင်ကအချက်အလက်အရ သိရပါတယ်။ ဖမ်းခံရတဲ့အထဲမှာ အသက် အရွယ်အားဖြင့်ကြတော့ ၁၃ နှစ်ကနေ ၄၅ နှစ်အတွင်း အမျိုးသမီးရော၊ ယောက်ျားလေးရော၊ ကလေးတွေရော ပါဝင်တယ်လို့ ကျနော်တို့ကြားရတယ်။
မေး။ ။ CPSC က ရထားတဲ့အချက်အလက်အရဆိုရင် မင်းပြားတို့၊ မြေပုံတို့ဘက်ကလူတွေများတယ်ပေါ့လေ၊ ဒီနေရာမှာ အာရက္ခတပ်တော် (AA) က ချင်းလူမျိုးတွေကိုပဲဖမ်းတာမျိုးလား ရခိုင်တွေနဲ့ တခြားမျိုးနွယ်စုတွေကို ဖမ်းတာမျိုးရောရှိလား။
ဖြေ။ ။ ကျနော်တို့ အတိအကျတော့မသိဘူးပေါ့နော်။ တစ်ခြားမျိုးနွယ်စုတွေလည်း ဖမ်းခံရတယ်၊မဖမ်းခံရဘူး ဆိုတာတော့ ကျနော်တို့အနေနဲ့ အတိအကျမပြောနိုင်ဘူး။ ဒါပေမဲ့ ဒီအဖမ်းခံရတဲ့လူတွေထဲမှာ အာရက္ခတပ်တော် က ချင်းလူမျိုးတွေကိုပဲ ဦးတည်ပြီးတော့ဖမ်းတယ်လို့လည်း ကျနော်တို့ပြောတာမဟုတ်ဘူးပေါ့လေ။
တခြားလူမျိုးစုတွေလည်း အဖမ်းခံရနိုင်တယ်။ ဘာလို့လဲဆိုတော့ ဒီ ၂၀၂၄ အတွင်းမှာ စက်လှေတစ်စီးမှာဆိုရင် တချို့ရခိုင်ပြည်က တခြားတိုင်းရင်းသားတွေ အဲ့ဒီစက်လှေတစ်စီးနဲ့အတူ အဖမ်းခံရတာပါတဲ့အတွက်ကြောင့်မို့လို့ တခြားလူမျိုးစုတွေလည်း ဖမ်းခံရနိုင်တယ်ဆိုတာ ကျနော်ပြောလို့ရတာပေါ့။
မေး။ ။ မတ်လ ၁၈ ရက်နေ့က ULA/AA ကနေ ပြဌာန်းလိုက်တဲ့ NDEP အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက်နဲ့ ပတ်သက်ပြီးတော့ရော ရခိုင်ပြည်မှာနေတဲ့ ချင်းတိုင်းရင်းသားတွေအနေနဲ့ ဘယ်လို သဘောထားရှိပါလဲ။ အဲ့ဒီလိုထုတ်ပြန်လိုက်တဲ့အပေါ်မှာ ဘာပြောချင်ပါလဲ။
ဖြေ။ ။ ဥပဒေပြဌာန်းချက်အပေါ်မှာ ကျနော်တို့ကတော့ ကန့်ကွက်တာမျိုးမဟုတ်ဘူးပေါ့လေနော်။ ဒါကို ရှင်းရှင်းလင်းလင်း သိစေချင်တယ်။ ကျနော်တို့ ဒီ NDEP ကို ကန့်ကွက်တာမဟုတ်ဘူး။ ဒါပေမဲ့ NDEP ရဲ့ ပြဌာန်း ချက်မတိုင်ခင်မှာ ကျနော်တို့ရခိုင်ပြည်နယ်မှာရှိတဲ့ တခြားတိုင်းရင်းသားတွေနဲ့ အရင်ဆုံးညှိနှိုင်းသင့်တယ်လို့တော့ ထင်တယ်။ နောက်တခုက မျိုးနွယ်စုဆိုင်ရာမူဝါဒတွေ နောက်တခါကြတော့ ဒီလူမျိုးစုဆိုင်ရာမူဝါဒတွေကို လူမျိုးစု အင်အားစုခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့လိုမယ်။
ဘာလို့ဆို အခုအခြေအနေက ULA က သူတို့ရဲ့အာရက္ခနိုင်ငံတည်ထောင်ဖို့အတွက် သူတို့ကြိုးစားနေတဲ့အချိန်မှာ ဒီအာရက္ခပြည်တွင်းမှာရှိတဲ့လူမျိုးစုတွေနဲ့ ဒီဥပဒေတစ်ခုကိုပြဌာန်းမယ်ဆိုရင် တရားဝင်မှုဆိုတာလုပ်ရမှာဖြစ်တယ် ပေါ့လေ။ ဘာလို့ဆို ခုချိန်မှာ ကျနော်တို့ ဒီ ULA က အာရက္ခနိုင်ငံတည်ထောင်ဖို့အချိန်မှာ အဲ့ဒီအတွင်းမှာရှိတဲ့ လူနည်းစုတွေရဲ့ ဆန္ဒတွေသဘောထားတွေကို အသိအမှတ်ပြုရမယ်ပေါ့လေ။
ပြီးရင်နောက်တခု သူတို့တခုခုထုတ်ချင်တဲ့အချိန်မှာဆိုရင် ချက်ချင်းမထုတ်ဘဲနဲ့ ဒီမြေပြင်မှာရှိတဲ့လူတွေအတွက် က ဒါကြီးက ကောင်းကျိုးဆိုးကျိုး ဘယ်လောက်ထိရှိနိုင်လဲဆိုတာကို အရင်ဆုံး စဉ်းစားတတ်ဖို့လိုတယ်ပေါ့လေး။ အခုချိန်မှာကြတော့ ULA/AA က လက်နက်ကိုင်တစ်ခုဖြစ်တဲ့အတွက်ကြောင့် ငါတို့ပြဌာန်းလိုက်တဲ့ဥပဒေကို ရခိုင်ပြည်နယ်ထဲမှာရှိတဲ့လူတိုင်းက လိုက်ကိုလိုက်နာရမယ်ဆိုတဲ့ဟာမျိုးကြတော့ မှန်ကန်တဲ့လုပ်ရပ် မဟုတ်ဘူး လို့ ဆိုလိုချင်ပါတယ်။
မေး။ ။ အခုဖမ်းဆီးခံရတဲ့ ချင်းလူငယ် ၆၃ ယောက်ကိစ္စကို လွှတ်ပေးဖို့ AA ကိုရောတိုက်ရိုက်သွားညှိတာမျိုး ရှိလား။ သွားပြီးတောင်းဆိုတာမျိုး တိုက်တွန်းတာမျိုး ရှိပါလား။ ပြီးတော့ ဒီထုတ်ပြန်ချက်အပြင် နောက်ပိုင်း ဘာတွေလုပ်ဖို့ရှိဦးမလဲ။ ဘယ်လိုမျိုး စီစဉ်ထားပါလဲ။
ဖြေ။ ။ ဒီ ၆၃ ယောက် ဒါကတော့ ကျနော်တို့ရထားတဲ့သတင်းအချက်အလက်ပဲ ဖြစ်တယ်ပေါ့လေနော်။ ဒါ ကျနော်တို့မရနိုင်သေးတဲ့ကိစ္စတွေ သတင်းအချက်အလက်တွေလည်း ရှိကောင်းရှိနိုင်တယ်။ ကျနော်တို့အနေနဲ့ ကြတော့ အာရက္ခတပ်တော်နဲ့ ညှိနှိုင်းလားဆိုလို့ရှိရင် အရင်တုန်းက ကျနော်တို့ CPSC အနေနဲ့ အာရက္ခတပ်တော် ကို ကျနော်တို့ချည်းကပ်တယ်။
ဒါပေမဲ့ သူတို့ဘက်က ကျနော်တို့ကို တိုက်ရိုက် သူတို့နဲ့တွေ့ခွင့်မပေးတဲ့ အခြေအနေမျိုးတော့ရှိတယ်။ နောက်တခု က အဖမ်းခံရတဲ့ကလေးတွေကြတော့ အခုအချိန်မှာ တချို့ဆိုရင်ဖမ်းဆီးပြီးတော့ စစ်သင်တန်းပို့လိုက်ပြီ။ ဆိုတော့ ဒီကလေးတွေကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်။ နောက်တခုက ရခိုင်ပြည်နယ်မှာရှိတဲ့ ချင်းမှမဟုတ်ဘူးပေါ့ လေ၊ မည်သည့်လူမျိုးစုတွေကိုမှ အကြမ်းဖက်တဲ့နည်းလမ်းနဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခြင်းမျိုးကို မလုပ်ဖို့ လိုတယ်။
မေး။ ။ တခြားရော ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။
ဖြေ။ ။ ကျနော်တို့အနေနဲ့ကတော့လေ ကျနော်ရှေ့မှာပြောတဲ့အတိုင်းပဲ ULA က ဥပဒေကဲ့သို့ ပြဌာန်းချက် တစ်ခုကို ပြဌာန်းတော့မယ်ဆိုရင် တရားဝင်မှုက အကန့်အသတ်ရှိနေသေးတယ်။ တရားဝင်မှုဆိုတာက နိုင်ငံတကာ အသိအမှတ်ပြုဖို့လိုတယ်။ အများပြည်သူရဲ့ ထောက်ခံမှုတွေလည်း လိုတယ်ပေါ့လေ။ အများပြည်သူ ဆိုတဲ့နေရာမှာ ရခိုင်မဟုတ်တဲ့ ဒီလူမျိုးစုတွေရဲ့ထောက်ခံမှုလည်း လိုအပ်တယ်။ ဒါကြောင့် ကြိုပြီးတော့ပေါ့လေ လူမျိုးစု၊ နိုင်ငံရေးသမား အင်အားစုတွေနဲ့ အဓိကဆွေးနွေးညှိနှိုင်းဖို့ လိုလိမ့်မယ်လို့ ကျနော်မြင်တယ်။
နောက်တခုတော့ ဒီလိုမျိုး တခုခုထုတ်ပြန်မယ်ဆိုရင် ကိုယ့်ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုအတွက် ကောင်းကျိုး ဆိုးကျိုးကို ချင့်ချိန်ပြီးတော့လုပ်ဖို့လိုတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတစ်ခုတည်ထောင်ဖို့ စစ်အင်အားမှာ အရေးသာပေမဲ့လည်း ကျနော်တို့ စစ်အင်အားအလွန်ခေတ်မှာ နိုင်ငံတည်ဆောက်ရေးမှာက အောင်မြင်မှုကို ပိုပြီး ထိန်းသိမ်းနိုင်ဖို့ကြတော့ ကိုယ့်ပြည်တွင်းမှာရှိတဲ့ လူနည်းစုတွေနဲ့ အတူတူသွားမှရမယ်ဆိုတာတော့ ကျနော်တို့ မပြောခင်တည်းက သူတို့ပိုသိမယ်။ အဲ့ဒါကိုလည်း တရားဝင်ကျကျ လူမျိုးစုရဲ့ခေါင်းဆောင်တွေနဲ့ တိတိကျကျ တိုင်ပင်သင့်တယ်လို့တော့ ကျနော်ထပ်ပြောလိုပါတယ်။
NMG ပေးပို့သည်။