မွန်ပြည်နယ်ဒေသအတွင်း ၅ နှစ်ပြည့်ကြာ နေထိုင်နေသည့် ရွေ့ပြောင်းလုပ်သားများနှင့် နေထိုင်ခွင့် အထောက်အထားမရှိသည့် ရွေ့ပြောင်းလုပ်သားများအပါအဝင် အခြားအိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်လုပ်ဆောင်လိုသည့် ဒေသခံများကိုပါ နိုင်ငံသားစိစစ်ရေးကတ် လုပ်ဆောင်ပေးနေကြောင်း လဝကရုံးနှင့်နီးစပ်သူတို့က ပြောဆိုသည်။
မွန်ပြည်နယ်ရှိ မြို့နယ်အများစုတွင် စစ်ကောင်စီက စီစဉ်ကျင်းပမည့် ရွေးကောက်ပွဲ၌ နိုင်ငံသားအားလုံး ဆန္ဒမဲ ပါဝင်ပေးနိုင်ရန် ပန်းခင်းစီမံချက်အစီအစဉ်ဖြင့်လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့၏ အစီအစဉ်ဖြင့်လည်းကောင်း ထိုသို့နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပေးခြင်းကို အရှိန်မြှင့်လုပ်ပေးနေခြင်းဖြစ်သည်။
သံဖြူဇရပ်မြို့နယ် လဝကရုံးနှင့် နီးစပ်သူတစ်ဦးက “ရွှေ့ပြောင်းတွေက မွန်ပြည်နယ်မှတ်ပုံတင် ပြောင်းလုပ်နေကြတယ်။ သွားလာလို့ လွယ်တယ်ဆိုတော့ ရုံးကလည်း လွယ်လွယ်နဲ့လုပ်ပေးတယ်။ မရစ်ဘူး။ မကြာသေးခင်က ရောက်လာတဲ့ ပုသိမ်တို့ ဧရာဝတီကလူတွေလည်း လုပ်လို့ရတယ်။ ပိုက်ဆံဆိုလည်း သုံးထောင်လောက်ပဲပေးရတယ်” ဟု ပြောဆိုသည်။
အလားတူ ရေးမြို့နယ်တွင် ယခုနှစ်အတွင်းမှဝင်ရောက်လာကြသည့် ရွှေ့ပြောင်းလုပ်သားများကို နိုင်ငံသားစိစစ်ရေး ယာယီကတ်ပြား (လက်မှတ်) လုပ်ဆောင်ထားကြရန် တိုက်တွန်းနေကြောင်းလည်း ရေးမြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“အလျင်စလို လုပ်ခိုင်းနေတာပဲ၊ ရွှေ့ပြောင်းလုပ်သားတွေ မဲထည့်ဖို့အတွက်နဲ့ ယာယီကတ်ပြားပေးလုပ်ဖို့ရှိတယ်။ သူတို့ ကတ်ပြားထုတ်ပေးမယ်၊ အဓိက က ရွေးကောက်ပွဲပေါ့နော်၊ မဲပေးတဲ့အခါကြရင် ရွှေ့ပြောင်းနေထိုင်နေတဲ့ သူတွေလည်း မဲထည့်လို့ရအောင်ပေါ့” ဟု ၎င်းက ပြောဆိုသည်။
မွန်ပြည်နယ်အပါအဝင် အခြားတိုင်းနှင့်ပြည်နယ်အများစုတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးနေကြောင်းလည်း စစ်ကောင်စီလက်အောက် လူဝင်မှုကြီးကြပ်ရေးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
မော်လမြိုင်မြို့ရှိ မြို့ပေါ်ရပ်ကွက်များတွင် ပြီးခဲ့သည့် မေ ၂၆ ရက်နေ့က စစ်ကောင်စီ မွန်ပြည်နယ်ဝန်ကြီးချုပ် အဖွဲ့က ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ် (၁၃၀၄) ကတ်ကို ပြုလုပ်ပေးခဲ့ ကြောင်း သိရသည်။
ရွှေ့ပြောင်းလုပ်သားများသည် စစ်ကောင်စီ၏ မိတ်ဖက်နိုင်ငံရေးပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အတွက် မဲအင်အားဖြစ်စေပြီး ရွေးကောက်ပွဲကျင်းပချိန် ရွေ့ပြောင်းလုပ်သားတို့ ဆန္ဒပြုထည့်ထားသည့် မဲအရေအတွက်တို့ကို ၎င်းတို့မဲအင်အားအတွက် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်နှင့် နီးစပ်သူတစ်ဦးက သုံးသပ်ပြောသည်။
တစ်နိုင်ငံအတိုင်းတာဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှု ပန်းခင်းစီမံချက် အဆင့် (၃) ကာလကို လာမည့်အောက်တိုဘာလ ၃၁ ရက်နေ့အထိ ရက်တိုးမြှင့်လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး လူဦးရေ ၄ သိန်းကျော်အတွက် ဆောင်ရွက်ရန်လျာထားကြောင်းလည်း စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ရွေ့ပြောင်းလုပ်သားတို့ကို ယာယီနေထိုင်ခွင့်ကတ် လုပ်ဆောင်ပေးခဲ့သည့်အပေါ် တိုင်းရင်းသားပါတီများက ရွေးကာက်ပွဲကော်မရှင်ထံ ကန့်ကွက်တင်ပြခဲ့သော်လည်း မဲပေးခွင့်ပြုခဲ့ကြောင်း သိရသည်။
IMNA ပေးပို့သည်။