မွန်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် လူပျောက်မှုဖြစ်စဉ်တို့သည့် စိုးရိမ်ရသည့်အခြေအနေများရှိသော်လည်း သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့တို့က လိုက်လံကူညီဆောင်ရွက်ပေးမှုမရှိကြကြောင်း မော်လမြိုင်မြို့ခံများက ပြောဆိုသည်။
လူပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းများထံ သွားရောက်တိုင်ကြားစဉ် ငွေကြေးကြိုတင် တောင်းယူသည့်အပြင် မြေပြင်တွင် စုံစမ်းရှာဖွေခြင်းလည်း လုပ်ဆောင်ပေးခြင်း မရှိကြောင်း လူပျောက်ဆုံးသည့် မိသားစုဝင်တို့နှင့် နီးစပ်သူ မော်လမြိုင်မြို့ခံတို့က ပြောသည်။
လက်ရှိ၌ လူပျောက်မှုဖြစ်စဉ်များ ပိုများလာသည့်အခြေနေတွင် ပြည်သူများအနေဖြင့် သက်ဆိုင်ရာ၏ အကူအညီကို ပိုမိုလိုအပ်နေသည်ဟု မော်လမြိုင်မြို့ပေါ်ရှိ ပရဟိအရေးလုပ်ဆောင်နေသူတစ်ဦးက ပြောဆိုသည်။
“လူပျောက်မှုအရာအားလုံးက အမှုအခင်းနဲ့ဆက်စပ်နေတယ်။ ဆက်စပ်နေတဲ့အခါကြတော့ ပြည်သူတွေက အားကိုးတကြီးနဲ့ လာရောက်တိုင်ကြားရင် စိတ်ပါဝင်စားစွာနဲ့အားစိုက်ပြီးတော့ လုပ်ပေးသင့်တာပေါ့နော်။ ပျောက်ပြီးတော့ အလောင်းပေါ်မှအလုပ်လုပ်တာမျိုးတို့ အွန်လိုင်းပေါ်မှာတကြွကြွဖြစ်ပြီးမှ စုံစမ်းတာမျိုးတို့ ကတော့ မဖြစ်သင့်ဘူးလေ။ ပြည်သူတွေအားကိုးတကြီးနဲ့ လာရောက်တိုင်ကြားတဲ့အချိန်မှ သက်ဆိုင်ရာတွေက အလုပ်လုပ်ပေးပါ” ဟု ၎င်းက ပြောဆိုသည်။
လူပျောက်ရှာဖွေရေးလုပ်ကိုင်ပေးနေသူတို့ ပြောဆိုချက်အရ မော်လမြိုင်မြို့ပေါ်တွင် မှုခင်းနှင့်ဆက်နွယ်မှုရှိသည့် လူပျောက်မှုတိုင်ကြားမှုသည် တစ်ရက်တွင်လေးခုထက်မနည်း ရှိနေကြောင်းနှင့် စစ်အာဏာသိမ်းကာလအတွင်း လူပျောက်ဆုံးမှုက ပိုမိုများပြားလာနေသည်ဟု ဆိုသည်။
မွန်ပြည်နယ်အတွင်း စစ်ကောင်စီခွင့်ပြုချက်ဖြင့် လောင်းကစားဝိုင်းဖွင့်လှစ်နေထားသည့် သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင်၊ ချောင်းဆုံ၊ ပေါင်မြို့နယ်အတွင်းနှင့် စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့် ရေး၊ ကျိုက်ထို၊ သထုံနှင့် ဘီးလင်းမြို့နယ်တို့မှ ကလေးငယ်များအပါအဝင် လူငယ်များနှင့် အသက်ကြီးပိုင်းများ မကြာခဏပျောက်ဆုံးနေ ကြောင်း ဒေသတွင်း လူပျောက်ဟစ်တိုင်၏ အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ကလည်း မော်လမြိုင်မှရန်ကုန်သို့ ကားအငှားလိုက်သွားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ၅ ရက်ကျော်ကြာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မြို့ခံတို့ပြောဆိုမှုအရ သိရသည်။
ရက်ရှည်ကြာပျောက်ဆုံးသူအများစုသည် အသက်ဘေးကြုံတွေနိုင်သည့် အခြေအနေရှိသဖြင့် လူငယ်အပါအဝင် ကျောင်းနေအရွယ်ကလေးများကို လာမည့်ကျောင်းဖွင့်ရာသီတွင် မိဘအုပ်ထိန်းသူတို့ ကျောင်းသွားကျောင်းပြန် အထူးဂရုပြုရန်လိုအပ်ကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက သတိပေးပြောဆိုသည်။
“အမှန်မှာက မိဘနဲ့ပတ်ဝန်းကျင်က အရမ်းအရေးကြီးလာပြီးပေါ့နော်။ သားသမီးရှိတဲ့မိဘတွေက ဒါတွေကို သတိထားရမယ်။ ဒီအချက်ကို စိတ်ပူသင့်တယ်။ ကြိုတင်ကာကွယ်မှုတွေ ကျောင်းသွားကျောင်းလာကအစ သတိထားရတော့မယ်။ ခါတိုင်း လက်လွတ်စပယ်ပို့လိုက်လို့ မဖြစ်တော့ဘူး။ အသွားအလာတာကအစ ဒီလိုမျိုး သတိထားမှ စောင့်ကြည့်တဲ့သူရှိလာမှ အပျောက်အရှကနည်းလာမှာပေါ့နော်” ဟု ၎င်းကပြောသည်။
အလားတူ ပဲခူးမြို့တွင်လည်း ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့က ပြန်ပေးဆွဲခံရသည့် အသက် ၁၄ နှစ်အရွယ် ၇ တန်း ကျောင်းသားတစ်ဦး သေဆုံးခဲ့ရသည့်ဖြစ်စဉ်တွင် မိဘအုပ်ထိန်းသူများအတွက်ထိန့်လန့်ဖွယ်ဖြစ်ရကြောင်း ၎င်းက ဆက်ပြောသည်။
အလားတူ မွန်ပြည်နယ်တွင် စစ်ကောင်စီအစိုးရအဖွဲ့က လောင်းကစားဝိုင်းများကျယ်ပြန့်စွာ ဖွင့်လှစ်ခွင့်ပြုထားသည့်နောက်ပိုင်းတွင် ခိုးဆိုးလုယက်မှုအပြင် လူပျောက်ခြင်းနှင့် အကြောင်းမဲ့ သတ်ဖြတ်ခံရမှုတို့ တိုးမြင့်လျက်ရှိနေသည်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးပျက်ပြားမှု များလာသည်နှင့်တပြိုင်နက် ရပ်ရွာလူမှုပတ်ဝန်းကျင်တွင် လက်သည်မပေါ်သည့် သတ်ဖြတ်မှု၊ နောက်ခံအကြောင်းအရာကြောင့်သတ်ဖြတ်မှု စသည့်တိုကို စစ်ကောင်စီတပ်ဖွဲ့အပြင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တို့ကလည်း ပေါ်ပေါ်ထင်ထင် ကျူးလွန်နေကြောင်း လူ့အခွင့်ရေးလှုပ်ရှားသူတို့က ပြောဆိုသည်။
IMNA ပေးပို့သည်။