တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ထဲသို့ နေ့စဉ်ရက်ဆက် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်နေတာကြောင့် ဒေသခံ ၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်အရေး ကူညီနေသူများထံက သိရသည်။
မေလနောက်ဆုံးအပတ်ကစ၍ ရေဖြူအခြေစိုက် စစ်ကောင်စီတပ်ရင်းများက မင်းသားကျေးရွာအုပ်စုထဲကို နေ့စဉ်နှင့်အမျှ လက်နက်ကြီးနှင့် ပစ်ခတ်နေသည့်အတွက် ဒေသခံပြည်သူများ စိုးရိမ်ကြောက်လန့်ပြီး တိမ်းရှောင်နေရခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။
ယင်းသို့ လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် ဆင်စွယ်၊ မင်းသား၊ စိန်ဘုံ၊ ဘုရားသုံးဆူ၊ နတ်ကြီးစင်၊ ရေငံကြီး၊ ကျောက်တလုံးကျေးရွာအပါအဝင် ကျေးရွာ ၈ ရွာက ဒေသခံ ၃၀၀၀ ကျော် တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်ရှောင်ပြည်သူများ လိုအပ်နေသည့် စားနပ်ရိက္ခာနှင့်ဆေးဝါတို့ကို ကူညီထောက်ပံ့ပေးနေသော်လည်း စစ်ရှောင်အရေအတွက် ထပ်တိုးလာတာကြောင့် လုံလောက်မှုမရှိဘဲ အခက်ခဲကြုံနေကြောင်း သိရသည်။
ယင်းအပြင် မကြာမီ မိုးတွင်းကာလသို့ ရောက်လာမည်ဖြစ်တာကြောင့် လိုအပ်နေသည့် စားရိက္ခာနှင့် ဆေးဝါး၊ အမိုးအကာများမရရှိပါက စစ်ဘေးရှောင်များအတွက် ကျန်းမာရေးနောက်ဆက်တွဲပြဿနာများ ရှိလာနိုင်သည်ဟု စစ်ရှောင်အရေး ကူညီနေသူများက ပြောဆိုသည်။
ဒေသတွင်း သုတေသနအဖွဲ့ဖြစ်သည့် FE 5 Thanintharyi အစီရင်ခံစာအရ တနင်္သာရီတိုင်းတွင် နှစ်ဖက်တပ်ကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၇၅,၃၀၀ ကျော်အထိ ရှိလာကြောင်း သိရသည်။
တနင်္သာရီတိုင်းအတွင်းရှိ စစ်ရှောင်ပြည်သူတချို့သည် ငှက်ဖျား၊ ဝမ်းရောဂါ၊ အရေပြားရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ အဖြစ်များနေပြီး ဆေးဝါးမလုံလောက်နှင့် ကြုံတွေ့နေရကြောင်း FE 5 Thanintharyi က ထုတ်ပြန်ထားသည်။
သံလွင်တိုင်းမ် ပေးပို့သည်။