ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းများက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နယ်မြေများကို လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုတို့ကို ယခုနောက်ပိုင်း ခပ်စိပ်စိပ်ပြုလုပ်လာကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
စစ်တွေအခြေစိုက် ဒေသကွပ်ကွဲရေးစစ်ဌာနချုပ် (ဒကစ)၊ ရွှေမင်းဂံ ရေတပ်စခန်း၊ ပင်လယ်ပြင်တွင် ရပ်နားထားသည့် Navy ရေတပ်၊ ရဲတပ်ရင်း (၁၂)၊ ပါဒလိတ်အခြေစိုက်တပ်ရင်းများက AA ထိန်းချုပ်ထားသည့် ပေါက်တော၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များသို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေခြင်းဖြစ်သည်။
မေလ ၂၆ ရက် နေ့လယ်ပိုင်းနှင့် မေလ ၂၅ ရက်တို့တွင်လည်း စစ်တွေရှိ စစ်ကောင်စီတပ်ရင်းများက လက်နက်ကျည်များ ဆက်တိုက်ပစ်ခတ်လျက်ရှိသည်ဟု ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“မနေ့က (မေလ ၂၆ ရက်) နေ ပစ်နေတာ။ ဒီနေ့ နေ့လယ် ၂ နာရီအထိ ပစ်ခတ်သံတွေကြားနေရတယ်။ ဘယ်နေရာမှာ ကျသွားလဲတော့မသိရဘူး။ အခုလည်း တစ်လုံးနှစ်လုံးဆက်တိုက်ပစ်နေတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီဘက်က AA ထိန်းချုပ်နယ်မြေများသို့ မေလ ၈ ရက်နေ့တွင် တစ်ကြိမ်၊ မေလ ၁၄ ရက်နေ့တွင် တစ်ကြိမ်နှင့် မေလ ၂၅ ရက်နှင့် ၂၆ ရက်နေ့ပါဆိုလျှင် လက်နက်ပစ်သည့်အကြိမ်အရေ (၅၀) ထက်မနည်းရှိပြီဟုလည်း ဒေသခံများက ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီဘက်က ပစ်ခတ်နေသဖြင့် အသွားအလာဆင်ခြင်ကာ စိုးရိမ်စိတ်နှင့် နေထိုင်ကြရသည်ဟု ရသေ့တောင်မှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
“လေယာဉ်လာမလား၊ လက်နက်ပစ်မလားပဲ စိုးရိမ်စိတ်နဲ့နေရတယ်။ လက်နက်ကြီးပစ်သံကြားရင် အပြင်မထွက်ရဲဘူး။ ဒီတစ်ရက်နှစ်ရက် ဆက်တိုက်ကြားလာရတယ်။ ကလေးတွေကိုလည်း အပြင်မထွက်နဲ့လို့ တားထားရတယ်” ဟု စစ်ရှောင်အမျိုးသမီးက ပြောသည်။
စစ်တွေမြို့အနီးရှိ စစ်ကောင်စီတပ်များနှင့် AA တို့၏ တိုက်ပွဲများသည် လက်ရှိအပစ်ရပ်ကာလတွင် ရပ်တန့် နေသော်လည်း စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေခြင်း ဖြစ်သည်။
စစ်ကောင်စီက အပစ်ရပ်ကြေညာသည့် မေလ ၆ ရက်နေ့မှ စတင်ပြီး စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းများက ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် ရမ်းသန်းပစ်ခတ်လျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်တွင် စခန်းသိမ်းတိုက်ပွဲများ ပြင်းထန်လာနေသဖြင့် စစ်တွေကိုလည်း AA ထိုးစစ် ရောက်လာမည်စိုး၍ လက်နက်ကြီးများဖြင့် သွေးရူးသွေးတန်း ရမ်းသန်းပစ်ခတ်နေခြင်းဖြစ်နိုင်သည်ဟု မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
စစ်တွေမြို့ပြင်ပရှိ စစ်ကောင်စီတပ်စခန်းအချို့နှင့် ကင်းစခန်းအချို့ကို AA က ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၇ ရက်မှစတင်ကာ လက်နက်ကြီးများဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဘက်ကလည်း တန်ပြန်ပစ်ခတ်မှုများနှင့်ထိုး စစ်ဆင်မှုများရှိခဲ့သည့်အတွက် အပြန်အလှန် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားခဲ့သည်။
ယင်းနောက်ပိုင်း AA က အပစ်ခတ်ရပ်စဲကြောင်း ထုတ်ပြန်ချက်ကြေညာပြီးနောက် AA ဘက်မှ တစုံတရာ မပစ်ခတ်သည်မှာ နှစ်လကျော်ထိ ကြာမြင့်ခဲ့ပြီဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁ဝ ရက်နေ့ကလည်း စစ်တွေဘက်မှ စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရသေ့တောင်မြို့နယ်၊ အောက်ဇီးကိုင်းရွာမှ ဒေါ်မူမူဦး (၅၀) နှစ်သေဆုံးသွားပြီး ဦးဘတင် (၅၀) နှစ်တွင် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
နိရဉ္စရာ ပေးပို့သည်။