စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ဘေးရှောင်တို့နေထိုင်သည့် အဆောက်အဦးတချို့ ထိခိုက်ပျက်ဆီးခဲ့ကြောင်း ဒေသခံတို့နှင့် Kawlin PDF ထံက သိရသည်။
ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကညို့အင်းရွာကို မေလ ၁၄ ရက်နေ့ ညပိုင်း ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကောလင်းဒေသတွင်းအခြေနေတို့ကို ဖော်ပြနေသည့် Kawlin PDF နှင့် Kawlin Info က ထုတ်ပြန်ပြောဆိုသည်။
“လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားပြည်သူနေအိမ်တွေပေါ်ကိုကျရောက်တဲ့ ဗုံးသီးတစ်လုံးနှင့်တစ်လုံးကြား ကိုက် ၃၀၀ ခြားကျရောက်မှုမှာ နေအိမ်နှစ်လုံးနဲ့ နီးစပ်ရာအဆောက်အဦးတွေ ထိခိုက်ပျက်ဆီးခဲ့ပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုမရှိပါဘူး” ဟု Kawlin Info ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ထီးချိုင့်၊ ကောလင်း၊ ဝန်းသိုနှင့် ပင်လည်ဘူးဒေသတို့ကို ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့ကစတင်၍ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့တာဖြစ်ပြီး ယနေ့အထိ မှတ်တမ်းပြုစုထားသည့် စာရင်းများအရ ၂၅ ကြိမ်ထက်မနည်း ရှိပြီဖြစ်သည်။
အထူးသဖြင့် ကောလင်းဒေသကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုတို့တွင် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိခဲ့သည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် အရပ်သားနေအိမ်တို့ကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေကြောင်း သိသာထင်ရှားနေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကချင်နှင့် စစ်ကိုင်းအစပ်က ဒေသခံများအနေနှင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားရမည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “စစ်ကောင်စီအတွက်ကတော့ ကချင်–စစ်ကိုင်း အစပ်ဒေသကတော့ သူတို့လက်လွတ်လိုက်ရတဲ့ ဒေသတစ်ခုဟုတ်တယ်။ ဒါကြောင့် အဲဒီဘက်က တိုက်ပွဲရှိတာမရှိတာ ဘာမှမဆိုင်ဘူး တိုက်ပွဲနယ်မြေလို့ သတ်မှတ်ထားပြီဖြစ်တဲ့အတွက် ပြည်သူတွေနေတဲ့နေရာတွေမှာလည်း ပစ်တယ်။ ရွာတွေမှာလည်း ပစ်တယ်။ ဒါ့ကြောင့် အဲဒီဘက်မှာတော့ တိုက်ပွဲမရှိရင်လည်း လေယာဉ်တွေနဲ့ ပစ်ပစ်နေတာ သတင်းတစ်ခုရတာနဲ့ ပစ်တဲ့အခြေအနေဆိုတော့ အဲဒီနေရာတွေမှာတော့ သတိထားရမယ်” ဟု ပြောသည်။
ယင်းအပြင် ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့တွင် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ထိန်းချုပ်ထားသည့် မော်လူးမြို့နှင့် ထီးချိုင့်မြို့တို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုကို ဆက်တိုက်ကျူးလွန်နေသည့် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းနှင့် မန္တလေးမြို့တို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်ဟုဆိုကာ မေလကုန်အထိ နိုင်ငံတစ်ဝှမ်းတွင် အပစ်ရပ်ကြောင်း ကြေညာထားသည်။
အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်ကနေ မေလ ၂ ရက်နေ့အထိ စစ်ကောင်စီက နိုင်ငံတစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၈၀ ကျော်ပြုလုပ်ခဲ့ရာတွင် အရပ်သား ၂၇၆ ဦး သေဆုံးခဲ့ရပြီး ၄၅၆ ဦး ဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားသည်။
KNG ပေးပို့သည်။