တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်စခန်းများ ရှင်းလင်းပြီး လူထုမြှင့်တင်ရေးလုပ်မည်ဟု KNLA ပြော

By MPM 15 မေ, 2025 👁

ပြည်သူများအတွက် အနာဂတ်တွင်ကောင်းမွန်သည့် လူမှုဘဝနှင့် လုံခြုံမှုကိုရရှိရန် တနင်္သာရီတိုင်းထဲတွင်ရှိနေသည့် စစ်ကောင်စီတပ်များအားလုံးကို မောင်းထုတ်မည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU/KNLA ဒုတိယစစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက ပြောသည်။

တနင်္သာရီကမ်ပိန်းနှင့် ပတ်သက်ပြီး တိုက်တွန်းအားပေးသည့် ရုပ်သံထဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက ထည့်သွင်းပြောဆိုထားသည်။

“အခုအချိန်ဟာ တနင်္သာရီ တစ်လျှောက်လုံးနဲ့ တပ်မဟာ ၄ နယ်မြေ တစ်ခုလုံးမှာရှိနေတဲ့ နေရာအများစုက ပြည်သူတွေရဲ့ လုံခြုံရေးအတွက်နဲ့ ကျနော်တို့ နယ်မြေထဲမှာရှိတဲ့ ရန်သူတွေအားလုံးကို မောင်းထုတ်ရမယ်” ဟု တိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက ပြောသည်။

ထို့အပြင် တနင်္သာရီတိုင်းရှိ စစ်ကောင်စီတပ်အားလုံးကို မောင်းထုတ်မှသာ အနာဂတ်တွင် ပြည်သူလူထုအတွက် လုံခြုံစိတ်ချသည့် လူမှု့ဘဝကို ဖန်တီးနိုင်မည်ဟု ၎င်းက ဆက်ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက “ကျနော်တို့လူမျိုးအတွက် စစ်မှန်ပြီးမှန်ကန်တဲ့ အုပ်ချုပ်ရေးစနစ်ကို တည်ဆောက်ရမယ်။ အနာဂတ်မှာ တခြားလူမျိုးတွေနဲ့အတူ အသက်ရှင်နေထိုင်ဖို့အတွက်နဲ့ ကျနော်တို့လူမျိုးတွေရဲ့ ပြီးပြည့်စုံတဲ့ လူမှုဘဝနေထိုင်မှုရရှိဖို့အတွက် တနင်္သာရီကမ်ပိန်းမှာ လိုအပ်နေတဲ့အထောက်အပံ့တွေကို တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကျနော်တို့လူမျိုးတွေအပြင် အခြေားသော နေရာဒေသတွေမှာရှိတဲ့ ကျနော်တို့လူမျိုးတွေအားလုံး ပူးပေါင်းပါဝင်အင်အားဖြည့်ကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်” ဟု ပြောသည်။

အဆိုပါပြောဆိုမှုကို တနင်္သာရီကမ်ပိန်း ရုပ်သံဖြင့် မေလ ၁၂ ရက်နေ့က ထုတ်ပြန်ထားသည်။ တနင်္သာရီကမ်ပိန်း ဥက္ကဋ္ဌ စောနေထူးကလည်း တနင်္သာရီကမ်ပိန်း ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ယခုကဲ့သို့ပြောသည်။

စောနေထူးက “ဒီဒေသကြီးသည် ကရင့်တော်လှန်ရေးအတွက် လူသားအရင်းမြစ်များအား ပြန်လည်စုဆောင်းဖြည့်တင်းရန်အတွက် အခြေခံ မြေခံကောင်းခြင်း၊ တနင်္သာရီတိုင်းရှိ ပြည်သူများရဲ့ အာဏာရှင်ကျရှုံးခြင်းနဲ့ ငြိမ်းချမ်းတည်ငြိမ်သော လူ့အဖွဲ့အစည်းကို တည်ဆောက်လိုသည့်သဘောထားသည်လည်း မိမိတို့ ကရင်တော်လှန်ရေးလမ်းစဉ်နဲ့ ကိုက်ညီခြင်း ရန်သူ၏စီးပွားရေး ကုန်သွယ်ခြင်းနဲ့ ရင်းနှီးမြုပ်နှံမှုကို ရိုက်ချိုး နိုင်ခြင်းဖြင့် ပြည်ပမဟာအင်အားကြီးနိုင်ငံများရဲ့ ဝင်ရောက်စွတ်ဖက်မှုကို ဟန့်တားနိုင်စေရန်အတွက် ဒီကမ်ပိန်းကို ကျနော်တို့ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် အကြောက်တရားများနှင့် ရင်ဆိုင်နေရသည့်ပြည်သူများကို အကာအကွယ်ပေးရန်၊ တည်ငြိမ်ရေးနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးကို ပြန်လည်တည်ဆောက်ရန်နှင့် အာဏာရှင်ကို တနင်္သာရီတိုင်းဒေသကြီးကနေ တွန်းထုတ်ရန်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

လက်ရှိ တနင်္သာရီတိုင်းဒေသကြီးထဲတွင် စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသခံပြည်သူများ၏ ကျေးရွာများနှင့် အိုးအိမ်များ ပျက်စီးရှုံးဆုံးမှုများ ရှိနေသည့်အပြင် လူဦးရေတစ်သိန်းကျော်သည်လည်း ၎င်းတို့၏ နေရပ်ကိုစွန့်ပြီး စစ်ဘေးရှောင်နေရသည်ဟု စောနေထူးက ပြောသည်။

၂၀၂၅ ခုနှစ်က စပြီး စစ်ကောင်စီတပ်သည် တနင်္သာရီတိုင်းထဲတွင် စစ်ရေးလှုပ်ရှားမှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင် လာသည်သာမက နယ်စပ်ဒေသရှိ စီးပွားရေး၊ ကုန်သွယ်ရေး လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်နိုင်ရန်အတွက် ကုန်သွယ်ရေးလမ်းမများကို သိမ်းပိုက်ရန် ကြိုးစားလာသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ကို တနင်္သာရီတိုင်းဒေသကြီး တစ်ခုလုံးကနေ မောင်းထုတ်မည့် တနင်္သာရီကမ်းပိန်ကို မေလ ၁ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ထိုကမ်ပိန်းမှ ဘတ်သုံးသန်းရရှိရန် မျှော်မှန်းထားသည်ဟု စောနေထူးက ပြောသည်။

NMG ပေးပို့သည်။