28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းရခိုင်တွင် လေကြောင်းနှင့် ဗုံးကြဲခဲ့ရတာကြောင့် နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦးသေဆုံးပြီ ၃၀ ခန့် ဒဏ်ရာရရှိ

ရခိုင်တွင် လေကြောင်းနှင့် ဗုံးကြဲခဲ့ရတာကြောင့် နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦးသေဆုံးပြီ ၃၀ ခန့် ဒဏ်ရာရရှိ

ပြီးခဲ့သည့် မေ ၁၃ နှင့် ၁၄ ရက်အတွင်း ရခိုင်တွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၅ ဦး သေဆုံးပြီး ၃၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာနှင့် ကျောက်တော်မြို့တို့အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး အရပ်သားအစုလိုက် အပြုံလိုက်သေဆုံးခဲ့သဖြင့် ယင်းလုပ်ရပ်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း အာရက္ခ တပ်တော်က ထုတ်ပြန်သည်။

အာရက္ခတပ်တော်ပြောခွင့်ရသူ ဦးခိုင်သုခက “အခုလို အေးချမ်းနေတဲ့နေရာက အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ဦးတည်တိုက်ခိုက်လာခြင်းဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အလွန်သူရဲဘော ကြောင်တဲ့ လုပ်ရပ်ဖြစ်သလို စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်တာဖြစ်တယ်” ဟု ပြောသည်။

ထို့အတူ ငလျင်ဒဏ်သင့်ပြည်သူများအား လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို ထိရောက်စွာပေးနိုင်ရန်အတွက် တစ်ဖက်သတ်အပစ်ရပ်ကာ မေလ ၃၁ ရက်အထိ တိုးမြှင့်ထားချိန်ကို အခွင့်ကောင်းယူပြီး စစ်ကောင်စီက ပြည်သူများအားတိုက်ခိုက်နေမှုများကို ပြင်းထန်စွာရှုတ်ချသည်ဟု AA က ပြောထားသည်။

မေလ ၁၃ ရက်နေ့က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာသား ၁၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၃ ဦးရှိကာ နေအိမ်အဆောက်အဦး ၃၁ ဆောင် ပျက်စီးခဲ့ကြောင်း သိရသည်။

ထွန်းရဝေရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်၌ သေဆုံးသွားသူများတွင် ကလေးငယ် ၂ ဦးအပါဝင် အမျိုးသမီး ၉ ဦးနှင့် အမျိုးသား ၂ ဦးတို့ဖြစ်ပြီး ဒဏ်ရာသူများထဲတွင် ကလေးငယ် ၉ ဦးပါဝင်ကာ ထိုအထဲတွင် အမျိုးသမီး ၁၆ ဦးနှင့် အမျိုးသား ၇ ဦးတို့ ပါဝင်သည်။

ထိခိုက်သေဆုံးသူများအထဲတွင် စစ်တွေမြို့ကနေ စစ်ဘေးရှောင် လာရောက်နေထိုင်သူ ၄ ဦး ပါဝင်ပြီး ထွန်းရဝေရွာဟောင်းက ၃၀ ဦး နှင့် ရသေ့တောင်မြို့က ၁ ဦး ပါဝင်သည်။

အလားတူ မေ ၁၄ ညနေပိုင်းကလည်း ကျောက်တော်မြို့၊ ရွာမရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းနှင့် တိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင် ၃ ဦး သေဆုံးပြီး၊ ၅ ဦးဒဏ်ရာရှိခဲ့ကာ နေအိမ် ၉ လုံး ပျက်စီးခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့သည့် မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်းရပြီး အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို နိုင်ငံအနှံ့ ဆက်တိုက်ကျူးလွန်နေသော စစ်ကောင်စီ၏လုပ်ရပ်ကို မှတ်တမ်းတင်ထားသည်ဟုလည်း AA က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာသားတစ်ဦးက “စစ်ကောင်စီက ဒီလိုအကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံတကာကနေပြီး တတ်နိုင်တဲ့ဘက်က ဖိအားပေးစေချင်တယ်။ ပြည်သူတွေနေထိုင်တဲ့နေရာကို လေကြောင်း ဗုံးကြဲတာတွေမလုပ်ဖို့ ရပ်တန့်အောင် နိုင်ငံတကာကလုပ်ပေးစေချင်ပါတယ်။ စက်သုံးဆီ၊ လေယာဉ်ဆီတွေ၊ လက်နက်ရောင်းချမှု သက်ဆိုင်ရာနိုင်ငံတကာက ရပ်တန့်အောင်လုပ်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု တောင်းဆိုသည်။

ယင်းအပြင် ထွန်းရဝေကျေးရွာက ဆေးကုသခံနေသူများထဲတွင်လည်း အကူညီများလိုအပ်နေပြီး လူနေအိမ်များ၊ ပစ္စည်းဥစ္စာများလည်း အားလုံးဆုံးရှုံးသွားသဖြင့် လက်ရှိတွင် အခက်အခဲများစွာဖြစ်နေကြောင်း အထက်ပါ ထွန်းရဝေကျေးရွာသားက ဆိုသည်။

လက်ရှိတွင် အာရက္ခတပ်တော်သည် ဧပြီလမှစ၍ မေလ ၃၁ ရက်အထိ ၂ လကြာ တဖက်သတ်အပစ်ခတ် ရပ်စဲထားပြီး ထိုးစစ်ဆင်မှုများကို ရပ်စဲထားချိန်တွင် စစ်ကောင်စီက ဆက်တိုက်ဆိုသလို လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။

အောင်ထိန် (DMG) ပေးပို့သည်။