28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းကျောက်ဖြူမြို့တွင် စစ်ကောင်စီ၏ ကန့်သတ်ပိတ်ပင်ထားမှုကြောင့် ဒေသခံများ စားဝတ်နေရေးကျပ်တည်းနေ

ကျောက်ဖြူမြို့တွင် စစ်ကောင်စီ၏ ကန့်သတ်ပိတ်ပင်ထားမှုကြောင့် ဒေသခံများ စားဝတ်နေရေးကျပ်တည်းနေ


ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းနှင့် ဆန်တင်သွင်းမှုကို စစ်ကောင်စီက ပိတ်ပင်ထားသဖြင့် မြို့ခံများ စားဝတ်နေရေးကျပ်တည်းမှုအခက်ကြုံနေရကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။



ကျောက်ဖြူမြို့ပေါ်တွင်နေထိုင်သည့် လက်လုပ်လက်စားနယ်ခံများမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သည့် ငါးဖမ်းထွက်ခွင့်မရသည့်အတွက် စားဝတ်နေရေး အလွန်ကျပ်တည်းနေကြသည်ဟု ကျောက်ဖြူနယ်ခံ အမျိုးသမီးတစ်ဦးက ယခုလို ပြောပါသည်။

“ငါးဖမ်းခွင့်ပိတ်ထားတာက ကြာပြီ။ ဖမ်းရရင်တော့ စစ်ကောင်စီသတ်မှတ်ထားတဲ့ နေရာလောက်ပဲ။ ကျမတို့ မိသားစုက ဒီငါးဖမ်းပြီး ဈေးရောင်းရမှ ထမင်းစားရတာ။ အခု နပ်မမှန်ဘူး။ နယ်ပြန်လို့လည်း မရ။ အိမ်ငှားစရိတ်လည်းပေးရနဲ့ ဘာအလုပ်အကိုင်မှ မရှိတော့ဘူး။ ဆန်ကလည်း ရှားတယ်။ မငတ်အောင်တော့ အတတ်နိုင်ဆုံးရုန်းကန်နေရတယ်။ သားသမီးတွေလည်းရှိတယ်” ဟု ၎င်းက ပြောသည်။

ယင်းအပြင် မြို့ပေါ်မှဒေသခံများကို နယ်မှဆန်ဝယ်ယူခွင့်အား စစ်ကောင်စီက ပိတ်ပင်ထားပြီး စစ်ကောင်စီနှင့် နီးစပ်သူများကသာ ဆန်များကိုရောင်းချနေကြကြောင်း ဒေသခံများက ပြောသည်။

မြို့ပေါ်နှင့် နယ်ကျေးရွာမှဒေသခံတချို့ စားဝတ်နေရေးကျပ်တည်းနေချိန်တွင် စစ်ကောင်စီဝန်ထမ်း မိသားစုများ၊ တရုတ်စီမံကိန်းတွင် တာဝန်ထမ်းဆောင်နေသည့် မိသားစုများမှာ မြို့တွင်း၊မြို့ပြင် သွားလာလို့ရနေသည့်အတွက် စားဝတ်နေရေး အဆင်ပြေနေကြသည်ဟု စစ်ကောင်စီနှင့်နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“တရုတ်စီမံကိန်းမှာ အလုပ်လုပ်နေတဲ့သူတွေဆို မြို့ထဲကို အသွားအပြန်လုပ်လို့ရတယ်။ ဒါပေမယ့် နယ်တွေကို သွားလို့မရဘူးပေါ့။ စစ်ကောင်စီ သတ်မှတ်ထားတဲ့အတိုင်း သွားရတယ်။ အခုချိန်မှာက စစ်ကောင်စီအသိုင်းအဝိုင်းက ကောင်းစားနေတယ်။ ဒေသခံတွေက ငတ်မယ့်အဆင့်ကို ရောက်နေတယ်” ဟု ၎င်းက ပြောသည်။

ကျောက်ဖြူမြို့ပြင်တွင်လည်း အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ မကြာခဏရှိနေပြီး တိုက်ပွဲမှာ တနေ့ထက်တနေ့ ပြင်းထန်လာနေကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

ကျောက်ဖြူရှိ တိုက်ပွဲဧရိယာအတွင်းရှိ ကျေးရွာများမှ ဒေသခံများမှာလည်း စစ်ဘေးရှောင်နေကြရပြီး စစ်ဘေးရှောင် သောင်းနှင့်ချီရှိနေကြောင်း သိရသည်။

မြို့ပေါ်မှဒေသခံများကိုမူ စစ်ကောင်စီက စစ်ဘေးရှောင်ခွင့်မပေးဘဲ လူ့အခွင့်အရေးချိုးဖောက်ခံနေရကြောင်း ဒေသခံများက ပြောသည်။

ကျောက်ဖြူမြို့သည် AA သိမ်းပိုက်ရန်ကျန်သည့် ရခိုင်မှ မြို့သုံးမြို့အနက် တစ်မြို့အပါအဝင်ဖြစ်သည်။

နိရဉ္စရာ ပေးပို့သည်။