27 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ဒီစစ်ကောင်စီကိုတော့ ကျွန်တော်တို့ မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့သော်လည်းကောင်း မွန်ပြည်တော်လှန်ရေးတပ် MSRF သီးသန့်အနေနဲ့သော်လည်းကောင်း ဆက်လက်ပြီးတော့ တိုက်ပွဲဖော်ဆောင်သွားဖို့ပဲ ရှိတယ်။ ထိုးစစ် ကြီးကြီးမားမားတွေ မြို့သိမ်းတိုက်ပွဲတွေ...

“ဒီစစ်ကောင်စီကိုတော့ ကျွန်တော်တို့ မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့သော်လည်းကောင်း မွန်ပြည်တော်လှန်ရေးတပ် MSRF သီးသန့်အနေနဲ့သော်လည်းကောင်း ဆက်လက်ပြီးတော့ တိုက်ပွဲဖော်ဆောင်သွားဖို့ပဲ ရှိတယ်။ ထိုးစစ် ကြီးကြီးမားမားတွေ မြို့သိမ်းတိုက်ပွဲတွေ မဖော်ဆောင်နိုင်ဘူးလားဆို ဒါကတော့ အခြေအနေပေါ်မှာမူတည်ပြီး လုပ်သင့်ရင်လုပ်သွားရမှာပဲ” နိုင်နဂါး – မွန်ပြည်တော်လှန်ရေးတပ်/ MSRF

မွန်နှင့် တနင်္သာရီအစပ်က လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးမဟာမိတ်ပူးပေါင်းမှုလားရာနှင့်ပတ်သက်ပြီး မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရနိုင်နဂါးအား ဆက်သွယ်မေးမြန်းချက်။

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအစပ်တွင် လှုပ်ရှားနေကြသည့် ဒေါနစစ်ကြောင်း (၃) နှင့် မွန်၊ ကရင်၊ ထားဝယ်၊ ကျောင်းသားတပ်မတော် ABSDF စသည့် လက်နက်ကိုင်တပ်ဖွဲ့များက စစ်ရေးအရ မဟာမိတ်အဖြစ် ပူးပေါင်းရန် သဘောတူညီခဲ့ကြောင်း ပူးတွဲထုတ်ပြန်သည်။

ယင်းတို့ထဲတွင် မွန်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် မွန်ပြည်သစ်ပါတီ NMSP-AD နှင့် မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ ပါဝင်ကြောင်း သိရသည်။ ဧပြီ ၁၇ ရက်နေ့တွင် အဆိုပါတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ အချင်းချင်း တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြပြီးနောက် စစ်ရေးအရ မဟာမိတ်အဖြစ်ပူးပေါင်းရန် သဘောတူညီမှုရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မွန်နှင့် တနင်္သာရီဒေသက စစ်အာဏာရှင်ကိုတွန်းလှန်နေကြသည့် တော်လှန်ရေးအဖွဲ့များ ပေါင်းစည်းပြီး ဘယ်လို စစ်ရေးလှုပ်ရှားမှုများကို လုပ်ဆောင်သွားဖို့ ရှိပါလဲ။ စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းဆုံးဖြတ်ခဲ့မှု အခြေအနေများနှင့်ပတ်သက်ပြီး မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရနိုင်နဂါးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အာဏာသိမ်းမှုလေးနှစ်ကျော်လာချိန်မှာ အခုလို ဒေသတွင်းလှုပ်ရှားနေကြတဲ့တပ်ဖွဲ့တွေ ဘာကြောင့် စစ်ရေးမဟာမိတ်အဖြစ်ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တာပါလဲ။

ဖြေ။ ။ မွန်ပြည်တော်လှန်ရေးတပ် MSRF က တော်လှန်ရေး စတင်ကတည်းက ဒေါနစစ်ကြောင်း၊ ABSDF နဲ့ အခြားသော မဟာမိတ်တပ် PDF တပ်တွေနဲ့အတူ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ လုပ်လာခဲ့တာ။ အခုမှ မဟုတ်ဘူး၊ ဟိုအရင်တည်းကစပြီးတော့ လုပ်နေကြတယ်။ အခုက AD က ထွက်လာပြီး ပါဝင်လာတဲ့အပေါ်မှာ ပူးပေါင်းဆောင်ရွက်မှုကို ထပ်မံပြီးတော့ စကားပြောဆွေးနွေး သဘောတူညီချက်ရတယ်။

KNU တပ်မဟာ ၆ တပ်ရင်း ၂၇ ကလည်းပါလာတယ်။ တပ်ရင်း ၂၇ ကလည်း အရင်ကတည်းက ရံဖန်ရံခါ ပူးတွဲ စစ်ရေးလုပ်တာတွေ ရှိတယ်။ ဒါကြောင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံရန်သူကို အောင်မြင်စွာ တိုက်နိုင်မယ်။ မဟာမိတ် ပေါင်းစုခြင်းဖွဲ့တယ်လို့ ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်။

မေး။ ။ ပူးတွဲကြေညာချက်ထဲမှာ ရေဖြူမြို့နယ်အတွင်းဝင်ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ထိရောက်စွာဟန့်တားနိုင်ဖို့ ရည်ရွယ်ထားတာရှိတော့ လက်ရှိမှာ စစ်ကောင်စီဘက်က ဘယ်လိုမျိုးလှုပ်ရှားမှုတွေ ရှိနေပါလဲ။

ဖြေ။ ။ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ရေဖြူမြို့နယ်တဝိုက်မှာ စစ်ဆင်ရေးလှုပ်ရှားမှုတွေ စစ်ကြောင်း ထိုးမှုတွေ ခပ်စိပ်စိပ်လုပ်လာတာရှိတယ်။ လွန်ခဲ့တဲ့နှစ်ရက်ကပဲ ကျွန်တော်တို့ မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီ တပ်တွေရဲ့ ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ခဲ့တာရှိတယ်။ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ပြည်သူတွေဆီက သတင်းပို့ထားတာရှိတယ်။

မောရဝတီတပ်ရင်းဘက်မှာလည်း ရန်သူတပ်ရင်း ၃၊ ၄ ရင်း စစ်ကြောင်းနှစ်ကြောင်းနဲ့ လှုပ်ရှားနေတာတွေ ဒေတာတွေရှိတယ်။ ပင်လယ်ပြင်ကနေ စစ်သင်္ဘောကြီးတွေက သူတို့တပ်တွေ လှုပ်ရှားမှုတွေမှာ ပါဝင်နေတာ တွေ့ရတယ်။ အထူးသဖြင့် ရေဖြူမြို့နဲ့ မောရဝတီစခန်းမှာပေါ့။

မေး။ ။ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးထဲက မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းအစပ် ရေး – ထားဝယ် လမ်းပိုင်းကြတော့ရော စစ်ကောင်စီဘက်က ဘယ်လိုမျိုးလှုပ်ရှားနေတာရှိပါလဲ။

ဖြေ။ ။ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာတော့ ရန်သူစစ်ကောင်စီက စစ်ကြောင်းထိုးမှုတွေ စစ်ရေးလှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန်လုပ်လာတယ်။ လေကြောင်းကနေ တိုက်ခိုက်တာတွေရှိနေတယ်။ ကျွန်တော်တို့တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပြီးတော့ အိုးပစ်အိမ်ပစ်ပေါ့။ ထွက်ပြေးနေရတာ ရှိတယ်။ ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်တွေ အခုလိုအင်အားအလုံးအရင်းနဲ့ စုစည်းလှုပ်ရှားလာတာကလည်း အမှတ် (၈) ပြည်ထောင်စုလမ်းမကြီကို ပြန်လည်ထိန်းကျောင်းဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်လာတယ်လို့ ကျွန်တော်တို့ ယူဆတယ်။

နောက်တချက်က ရုရှားနဲ့ စီးပွားရေးသဘောတူညီချက်ထိုးပြီးတဲ့အပေါ်မှာ အမြန်ဆုံး အကောင်အထည် ဖော်နိုင်ဖို့အတွက် စစ်ကောင်စီက အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အခုလို တပ်အင်အားတွေ လေတပ်တွေ အလုံးစုံနဲ့ ပြင်ဆင်မှုတွေလုပ်လာတယ်။ စစ်ကြောင်းတွေ ထိုးလာတယ်။ တိုက်ခိုက်မှုတွေ လုပ်လာတယ်လို့မြင်တယ်။

မေး။ ။ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေကရော ရေး-ထားဝယ်လမ်းပိုင်းနဲ့ ဆက်စပ်တဲ့ကျေးရွာတွေ ဒေသတွေကို နယ်မြေစိုးမိုးထိန်းချုပ်ထားနိုင်တဲ့ အခြေအနေရှိပါလား။ ဘယ်လို ရှိပါလဲ။

ဖြေ။ ။ MSRF နဲ့ အခြားသောတပ်တွေကတော့ ဒီ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးနဲ့ ဆက်စပ်နေတဲ့ ဒေသတွေ ကျေးရွာတွေကို ထိန်းချုပ်ရေး၊ နယ်မြေစိုးမိုးရေးကိုတော့ လောလောဆယ်မှာတော့ လုပ်ဆောင်ဖို့ မရှိပါဘူး။ အကြောင်းကတော့ ကျွန်တော်တို့တိုက်ပွဲဖြစ်တိုင်း ကျွန်တော်တို့လှုပ်ရှားမှုတွေကို ရန်သူကသိတိုင်းမှာ ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေရဲ့ကျေးရွာတွေ အိုးအိမ်တွေကို လေယာဉ်နဲ့ဗုံးကြဲတာတွေ ရှိတယ်။ ရဟတ်ယာဉ် ပေါ်ကနေ စက်သေနတ်နဲ့ ပစ်သွားတာတွေရှိတယ်။

ရန်သူတွေရဲ့လှုပ်ရှားမှုမရှိဘဲ ကျွန်တော်တို့ သီးသန့်နယ်မြေ စိုးမိုးရေးလုပ်မှာ မဟုတ်ဘူး။ ရန်သူတွေကိုတော့ အဆင်ပြေရင်ပြေသလို အခွင့်သာရင်သာသလို တိုက်ပွဲဝင်မှုကတော့ လုပ်ဆောင်သွားမှာပဲ။ ဒါပေမယ့် နယ်မြေ စိုးမိုးရေးနဲ့ ထိန်းချုပ်ရေးကိုတော့ လောလောဆယ်မှာတော့ လုပ်ဖို့မရှိသေးဘူးဆိုတာ ပြောချင်တယ်။ ပြည်သူတွေရဲ့လုံခြုံရေးနဲ့ စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေကို ဟန့်တားနိုင်ဖို့အတွက် ရံဖန်ရံခါ ကျွန်တော်တို့ စစ်ဆေးရေးတွေ ထိန်းချုပ်ရေး တနည်းတဖုံပေါ့။ လုပ်ဆောင်မှုတွေကတော့ အဆင်ပြေရင်ပြေသလို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။

မေး။ ။ MSRF အနေနဲ့ ရေဖြူမြို့နယ်မှာ အရင်ကတည်းက မဟာမိတ်တပ်တွေနဲ့ စစ်ရေးလှုပ်ရှားခဲ့တာရှိတော့ အခုလို မွန်၊ ကရင်၊ ထားဝယ်နဲ့ အခြားတပ်ဖွဲ့တွေ စစ်ရေးအရအရှိန်မြှင့်ဖို့ ပူးပေါင်းလိုက်တဲ့အခါမှာ ခုခံစစ်ထက် ထိုးစစ်တွေဆင်နွှဲဖို့ ပြင်ဆင်တာမျိုးရှိပါလား။

ဖြေ။ ။ MSRF အနေနဲ့က နွေဦးတော်လှန်ရေးစတင်ပေါ်ပေါက်လာကတည်းက မဟာမိတ်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ အဖွဲ့အစည်းတွေနဲ့ပေါင်းပြီးတော့ တိုက်ပွဲဝင်ခဲ့တာဆိုရင် အခုဆို တိုက်ပွဲပေါင်း ၃၀ ကျော် ဆင်နွှဲနိုင်ခဲ့သလို ရန်သူရဲ့စခန်းငယ်လေးတွေကိုလည်း ကျွန်တော်တို့ သိမ်းနိုင်ခဲ့တာရှိတယ်။ ဒါကြောင့် အခုလို မဟာမိတ်ထပ်ဖွဲ့ပြီးတော့ ရှေ့မှာ ဒီလိုအခြေအနေပေးရင်ပေးသလို ရန်သူကိုဆက်လက်တိုက်ပွဲဝင်သွားဖို့ပဲ ရှိတယ်။

ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အစည်းများအားလုံးရဲ့ ဦးတည်ချက်က စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းပြီး တော့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောတဲ့ လူ့အဖွဲ့အစည်းတရပ် တည်ထောင်ပြီး မဖြစ်မနေ ဒီစစ်ကောင်စီကိုတော့ ကျွန်တော်တို့ မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့သော်လည်းကောင်း မွန်ပြည် တော်လှန်ရေးတပ် MSRF သီးသန့်အနေနဲ့သော်လည်းကောင်း ဆက်လက်ပြီးတော့ တိုက်ပွဲဖော်ဆောင်သွားဖို့ပဲ ရှိတယ်။ ထိုးစစ်ကြီးကြီးမားမားတွေ မြို့သိမ်းတိုက်ပွဲတွေ မဖော်ဆောင်နိုင်ဘူးလားဆို ဒါကတော့ အခြေအနေ ပေါ်မှာမူတည်ပြီး လုပ်သင့်ရင်လုပ်သွားရမှာပဲ။ အဓိကကတော့ စစ်ကောင်စီအမြန်ဆုံး ပြုတ်ကျရေးအတွက် ရတဲ့နည်းနဲ့ ဖြစ်တဲ့နည်းနဲ့ တိုက်ပွဲဝင်သွားမယ်လို့ ကျွန်တော်အနေနဲ့ပြောလိုပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။