ကျွန်းစုတိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်မှူး ၁ ဦးအပါအဝင် ၂၀ ဦးသေဆုံး

By MPM 11 မေ, 2025 👁

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ် ဝါရစ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီရှေ့တန်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၂၀ ဦး သေဆုံးခဲ့သည်ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ်အစပ်ရှိ ဝါရစ်၊ ပိန်းတောပြင် ရှေ့တန်းတပ်စခန်းကို ပြီးခဲ့သည့် မေ ၆ ရက်နေ့ မနက် ၆ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် နှစ်နာရီနီးပါးကြာ နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးမြင့်ဝင်းအပါအဝင် တပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးခဲ့သည်ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်တို့နှင့် ဗုံး ၇ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သည့်အပြင် ရဟတ်ယာဉ်ကနေ စက်သေနတ်များနှင်ပါ ပစ်ခတ်ခဲ့ကြောင်း ၎င်းက ပြောပါသည်။

ယင်းအပြင် ကျွန်းစုမြို့နယ် ပင်လယ်ပြင်ရှိ ရေတပ်စစ်သင်္ဘောကနေ လက်နက်ကြီး ပစ်ကူပေးခဲ့သော်လည်း စစ်ကောင်စီတပ်သားများက ဝါရစ်ရှေ့တန်းစခန်းကနေ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။

တနင်္သာရီမြို့နယ်တွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေး တင်းမာနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိတ်ခရိုင် တပ်ရင်း (၂)၊ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုင်းပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။