28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းဖားကန့်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ကပ်မှော်နှင့် ဆိုင်းဖရာကျေးရွာကို စစ်ကောင်စီ လေကြောင်းပစ်ကူတိုက်ခိုက်နေ

ဖားကန့်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ကပ်မှော်နှင့် ဆိုင်းဖရာကျေးရွာကို စစ်ကောင်စီ လေကြောင်းပစ်ကူတိုက်ခိုက်နေ

ကချင်ပြည်၊ ဖားကန့်ဘက်သို့ ဦးတည်ပြီးတက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းများ ဆိုင်းဖရာကျေးရွာအရောက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့၏ ခုခံတိုက်ခိုက်မှုခံနေရတာကြောင့် ရှေ့ဆက်မတက်နိုင်ဘဲ လေကြောင်းနှင့်ပါ ပြင်းပြင်းထန်ထန် ပစ်ကူတိုက်ခိုက်နေကြောင်း KIA စစ်ရေး သတင်းရင်းမြစ်တို့က ပြောသည်။

ကားမိုင်း – မအူပင်ကားလမ်းမကြီးတလျှောက် စစ်ကြောင်းထိုးတက်လာသည့် စစ်ကောင်စီတပ်များ မေလ ၇ ရက် နေ့တွင် ဆိုင်းဖရာကျေးရွာကို ရောက်ရှိသွားခဲ့ပြီး လက်ရှိ၌ အဆိုပါကျေးရွာတွင် KIA ပူးပေါင်းတပ်တို့၏ ပိတ်ဆို့တိုက်ခိုက်ခံနေရခြင်းဖြစ်သည်ဟု KIA စစ်ရေးသတင်းအရင်းအမြစ်များတွေ ပြောသည်။

လက်ရှိ၌ ကပ်မှော်နှင့် ဆိုင်းဖရာကျေးရွာ နှစ်ခုကြားမှာ ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေကို KIA နှင့် နီးစပ်သည့် ဖားကန့်ဒေသခံတစ်ဦးက ယခုလိုပြောဆိုသည်။

“ကပ်မှော်မှာရောက်နေတဲ့ စစ်ကြောင်းတွေနဲ့ KIA က ၇ ရက်နေ့ ညနေပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့တယ်။ အဲ့ဒီနေ့မှာပဲ ညနေပိုင်း ၃ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်တွေက ဆိုင်းဖရာကျေးရွာကို ပြန်ရောက်သွားကြတယ်။ အဲ့မှာလည်း ပြန်ဖြစ်တယ်။ အဲ့မှာဆိုရင် လေကြောင်းနဲ့လာပစ်လို့ အရပ်သားနေအိမ်တွေ တော်တော်ထိခိုက်ပျက်စီးသွားတယ်” ဟု ဖားကန့်ဒေသခံက ပြောသည်။

ကပ်မှော်ကျေးရွာ ကက်သလစ်အသင်းတော်၏ ဆုတောင်းကုန်းနှင့် ဘုန်ကြီးကျောင်းဝင်းထဲ နေရာယူထားသော စစ်ကောင်စီတပ်ဖွဲ့များကို မေလ ၈ ရက်နေ့တွင် KIA တပ်မဟာ (၉) လက်အောက်ခံ ပူးပေါင်းတပ်တို့က သွားရောက် တိုက်ခိုက်ရှင်းလင်းခဲ့ရာ၌ မေလ ၉ ရက်နေ့ မနက်ပိုင်းတွင် နမ်တိန့်နှင့် ဆိုင်းဖရာကျေးရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ထိုအခြေအနေများနှင့် ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ဖားကန့်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက နန့်ယား၊ ကပ်မှော်၊ ဆိုင်ဖရာအထိ ရောက်သွားတယ်လို့ သတင်း ကြားရပါတယ်။ အဲ့အဖွဲ့တွေကို ခုခံတိုက်ခိုက်လို့ မနေ့ကလည်း တစ်ရက်လုံးတိုက်ပွဲ ဖြစ်တယ်လို့ကြားရပါတယ်။ တိုက်ခိုက်ခံရလို့လည်း ဆိုင်းဖရာရောက်နေတဲ့ စစ်ကြောင်းတွေက ပြန်ဆုတ်သွားတယ်လို့ ပြောပါတယ်။ ပြီးရင် မနေ့ကဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်က အထိများတယ်လို့ ကြားရပါတယ်။ ကျနော်တို့ဘက်ကလည်း သိမ်းပိုက်ရရှိ တာတွေ ရှိခဲ့ပါတယ်။ လက်ရှိအခြေအနေက တိုက်ပွဲပြင်းထန်နေတဲ့ အခြေအနေပါ” ဟု ပြောသည်။

ဖားကန့်ဒေသကို စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ရန်နိုင်စစ်ဆင်ရေးခေါင်းစဉ်ဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်နေတာဖြစ်ပြီး အထက်အမိန့်အရ KIA သိမ်းပိုက်ထားသော နေရာများကို ပြန်လည်သိမ်းပိုက်ရန် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့က စစ်အင်အား ၅၀၀ ခန့်ပါရှိသည့် စစ်ကောင်စီတပ်က ဖားကန့်ဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် ဖားကန့်လမ်းတလျှောက် တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်ပတ်ခန့် ကြာမြင့်လာပြီဖြစ်သည်။

ဒေသခံပြည်သူတို့ ပြောဆိုချက်အရ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ထဲတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ အများအပြား ပါဝင်သည်ဟု ဆိုသည်။

ဖားကန့်ဒေသကို ကားမိုင်းလမ်း၊ အင်းတော်ကြီးနှင့် ဆယ်ဇင်းလမ်း စသည့် ကားလမ်းမကြီး ၃ နေရာစလုံးကနေ ဝင်ရောက်နိုင်ပေမယ့် ထိုလမ်းကြောင်းများကို KIA ပူးပေါင်းတပ်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စစ်ဆင်ရေးအတွင်း အပြီးသတ် ထိန်းချုပ်ထားခြင်းဖြစ်သည်။

လက်ရှိ၌ စစ်ကောင်စီတပ်သည် ကားမိုင်းလမ်းကို အသုံးပြုပြီး စစ်အင်အားအလုံးအရင်းနဲ့ ယခင်က လက်လွတ်လိုက်ရသည့် နန့်ယား၊ နန့်တိန့် စသည့် ကျေးရွာနှစ်ရွာအပါအဝင် ဖားကန့်သွားလမ်းမပေါ်မှာရှိ ကျေးရွာ ၁၁ ခုလုံးကို ပြန်လည်သိမ်းယူနိုင်ရန် ကြိုးစားနေခြင်းလည်း ဖြစ်သည်။

KNG ပေးပို့သည်။