27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းဆက်သွယ်ရေးအခက်အခဲကြောင့် လူမှုစီးပွားဘဝ ပိုကျပ်တည်းနေဟု ရမ်းဗြဲကျွန်းဒေသခံများပြောဆို

ဆက်သွယ်ရေးအခက်အခဲကြောင့် လူမှုစီးပွားဘဝ ပိုကျပ်တည်းနေဟု ရမ်းဗြဲကျွန်းဒေသခံများပြောဆို

ရခိုင်ပြည်၊ ရမ်းဗြဲကျွန်းရှိ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်တို့တွင် ဖုန်းနှင့် အင်တာနက်အခက်အခဲကြောင့် ဒေသခံများ၏ လူမှုစီးပွားဘဝ အကျပ်အတည်းများ ပိုရင်ဆိုင်ကြုံနေကြရကြောင်း ဒေသခံတို့က ပြောဆိုသည်။

ဖုန်းနှင့်အင်တာနက်စသည့် ဆက်သွယ်ရေးအခက်အခဲကြောင့် ငွေလွှဲ၊ ငွေထုတ် အဆင်မပြေခြင်း၊ မိသားစုဝင်များနှင့် အဆက်အသွယ်မရခြင်း၊ သတင်းအချက်အလက်မရရှိသဖြင့် အရောင်းအဝယ်လုပ်ငန်းများအပြင် အခြားနေ့စဉ် လိုအပ်ချက်များ စသည့် လူမှုစီးပွားအကျပ်အတည်းများကို ရင်ဆိုင်နေကြရသည်ဟု ဒေသခံများက ဆိုသည်။

ကျောက်ဖြူဒေသခံ အမျိုးသမီးတစ်ဦးက “ကျမယောင်္ကျားက မလေးရှားမှာအလုပ်လုပ်တယ်။ ကျမတို့ စားဝတ်နေရေးက ယောင်္ကျားကလွှဲပေးတဲ့ငွေကို အားကိုးနေရတာ။ ဒါပေမဲ့ ဖုန်းဆက်လို့မရတဲ့အချိန်ကစပြီး ယောင်္ကျားနဲ့ အဆက်အသွယ်မရတော့ဘူး။ မလေးရှားကလွှဲတဲ့ငွေနဲ့ စားဝတ်နေရေးကို ရုန်းကန်နေရတာဆိုတော့ အရမ်းပဲ ဒုက္ခရောက်ရတယ်” ဟု ပြောသည်။

စစ်ကောင်စီထိန်းချုပ်ဆဲဖြစ်သည့် ကျောက်ဖြူမြို့ပေါ် ရပ်ကွက်များမှလွဲ၍ ရမ်းဗြဲကျွန်းတစ်ခုလုံးတွင် ATOM၊ Ooredoo ၊ Mytel နှင့် MPT ဆင်းကတ်များမှာ ပြီးခဲ့သည့် ၂၀၂၄ အောက်တိုဘာလမှစ၍ ဖုန်းလိုင်းနှင့် အင်တာနက်ဆက်သွယ်ရေးများ ပြတ်တောက်သွားခဲ့သည်။

သို့သော် စစ်ကောင်စီနှင့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမီတက် (ဦးပိုင်) မှ ထုတ်လုပ်သည့် MEC ဖုန်းဆင်းကတ်များမှာ ရမ်းဗြဲကျွန်းနေရာအချို့တွင် အဆက်အသွယ်ရရှိသောကြောင့် ဒေသခံများသည် ယင်းဆင်းကတ်ကို ဝယ်ယူသုံးစွဲကြကြောင်း သိရသည်။

တဖက်တွင်လည်း ယင်းဆင်းကတ်များသည် စစ်ဖက်ဆိုင်ရာလုံခြုံရေးအရ သုံးစွဲရန်မသင့်ဟု ULA/ AA တာဝန်ရှိသူများက ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် တားမြစ်မှုနှင့်အတူ လက်ဝယ်ပိုင်ဆိုင်ထားသူများကို အရေးယူမည်ဟု ကျေးရွာအလိုက် အသိပေးထုတ်ပြန်ထားသည်။

“ဆက်သွယ်ရေးအခက်အခဲကြောင့် ဒုက္ခရောက်နေတဲ့မိသားစုတွေ အများကြီး။ အဓိကတော့ ငွေလွှဲ၊ ငွေထုတ် အဆင်မပြေမှုနဲ့ သတင်းအချက်အလက်မရတာတွေကြောင့် အခြေခံလူတန်းစားကနေ စီးပွားရေးသမားတွေအထိ အကျပ်အတည်းတွေက ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရတာဖြစ်တယ်” ဟု ရမ်းဗြဲမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ရခိုင်ဒေသတွင် စစ်ကောင်စီထိန်းချုပ်ဆဲဖြစ်သော စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့ပေါ်များမှလွဲ၍ အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားသော ကျန်မြို့နယ် ၁၄ ခုစလုံးတွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေကြောင်း သိရသည်။

သို့သော် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်စသည့် မြို့နယ်အချို့တွင် ULA/ AA က ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အင်တာနက်နှင့် ဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပြည်သူများ အဆင်ပြေစေရန် သုံးစွဲခွင့်ပြုထားသည်။

“စစ်ကောင်စီကိုတော့ မပြောတော့ဘူး။ ULA/ AA အနေနဲ့ကတော့ ဖုန်းဖြစ်ဖြစ်၊ အင်တာနက်ဖြစ်ဖြစ် အဆင်ပြေမယ့် နည်းလမ်းတွေနဲ့ အတတ်နိုင်ဆုံးပေါ့ ဝန်ဆောင်မှုပေးစေချင်တယ်။ ပြည်သူတွေ ULA/ AA အပေါ်မှာ အတတ်နိုင်ဆုံး ထောက်ပံ့ခဲ့ကြပြီးပြီ။ ULA/ AA အနေနဲ့လည်း ပြည်သူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အချိန်တစ်ခုရောက်ရှိနေပါပြီ” ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သို့သော်လည်း ရမ်းဗြဲကျွန်းရှိ ကျောက်ဖြူမြို့အနီးတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီမှစ၍ စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲများပြင်းထန်နေသဖြင့် စစ်ဖက်ဆိုင်ရာလုံခြုံရေးအရ ဖုန်းအဆက်အသွယ်များကို ULA/AA က တားမြစ်ထားပြီး ခရီးသွားလာသူများကိုပါ တင်းကြပ်စွာ စစ်ဆေးလျက်ရှိကြောင်း ဒေသခံတို့ကပြောသည်။

အောင်ထိန် (DMG) ပေးပို့သည်။