29 ဇွန် 2025 /

See today's Peace Related News

Homeသတင်းSSPP နှင့် MNDAA နှစ်ဘက် ဗဟိုအဆင့်တွေ့ဆုံခဲ့သော်လည်း ဆွေးနွေးမှုရလဒ်မထွက်

SSPP နှင့် MNDAA နှစ်ဘက် ဗဟိုအဆင့်တွေ့ဆုံခဲ့သော်လည်း ဆွေးနွေးမှုရလဒ်မထွက်

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုများနှင့် ပတ်သက်ပြီး နှစ်ဘက် ဗဟိုအဆင့်တွေ့ဆုံခဲ့သော်လည်း ဆွေးနွေးမှုရလဒ် မထွက်ကြောင်း စုံစမ်းသိရသည်။

ယခုမေလဆန်းပိုင်းတွင် SSPP ဘက်မှ ဗဟိုနိုင်ငံရေးကော်မတီနှင့် MNDAA ဘက်မှ ဗဟိုအဆင့် တာဝန်ရှိသူများသည် ‘ဝ’ တပ်ဖွဲ့ UWSA ထိန်းချုပ်သည့် ပန်ဆန်းမြို့တွင် လက်ရှိဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှု အခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့သော်လည်း သဘောတူညီမှုရလဒ် တစုံတရာရရှိခဲ့ခြင်းမရှိကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“တပ်တွေကတော့ မဆုတ်ဘူး၊ အကုန်နေရာပြန်ယူထားပြီ။ သူတို့ဘက်က မူဆယ်၊ ကွတ်ခိုင် အဲ့ဘက်တကြော ဖယ်ပေးဖို့ တောင်းတာပေါ့။ တပ်ဆုတ်ဖို့ကြတော့ လက်မခံမှန်းသိတော့ ပြည်ထောင်စုလမ်းမကြီးဘက် အခွန်မကောက်ဖို့ပြောတယ်။ အဲ့ဒါနဲ့ ရလဒ်မထွက်ဘဲ ဒီတိုင်း အစည်းအဝေးပြီးသွားတယ်” ဟု SSPP နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

SSPP နှင့် MNDAA အကြား နှစ်ဘက်ဗဟိုအဆင့် တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ SSPP ပြောရေးဆိုခွင့်ရှိသူ စိုင်းဖုန်းဟန်ထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့မရရှိခဲ့ပေ။

နှစ်ဘက်တပ်ကြား စစ်ရေးထိတွေ့မှု၊ စစ်ရေးတင်းမာမှုများနှင့် ပတ်သက်၍ နှစ်ပါတီဗဟိုအဆင့် တွေ့ဆုံဖြေရှင်းသွားကြမည်ဟု SSPP ဘက်မှ သတင်းထုတ်ပြန်ထားသော်လည်း ဆွေးနွေးမှုအခြေအနေရလဒ်များကို နှစ်ဘက်စလုံးမှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

ဧပြီလ ၂၈၊ ၂၉ ရက်တို့တွင် သီပေါမြို့နယ် နမ္မနှင့် ဆင်ကျော့ကျေးရွာအုပ်စု၌ SSPP နှင့် MNDAA တို့ စစ်ရေးထိတွေ့မှု (၈) နေရာ၊ နှစ်ဘက်တပ်များ ရုန်းရင်းဆန်ခတ် ထိုးကြိတ်ရိုက်နှက်ဖမ်းဆီးမှု (၂၄) မှုအထိရှိခဲ့ပြီး နှစ်ဘက်ရဲဘော်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း SSPP သတင်းနှင့်ပြန်ကြားရေးဌာနက ဧပြီလ ၃၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယင်းသတင်းထုတ်ပြန်ချက်ထဲတွင် ဧပြီလ ၂၉ ရက်၌ MNDAA မှ SSPP/SSA လှုပ်ရှားနယ်မြေထဲ ကျူးကျော်ဝင်ရောက်လာပြီး SSPP တပ်ဖွဲ့ဝင်များကို ဖမ်းဆီးရိုက်နှက်မှု၊ တပ်နေရာ အတင်းအကြပ်ပြောင်းရွှေ့ခိုင်းမှုကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ၂ နာရီနီးပါး ဖြစ်ပွားကာ ထိခိုက်သေဆုံးမှုများလည်းရှိခဲ့ကြောင်း ပြောဆိုထားသည်။

အလားတူ SSPP ထိန်းချုပ်မှုအောက်ရှိ စိန်ကျော့တပ်စခန်းကို ကိုးကန့်တပ် MNDAA မှ ထိန်းချုပ်နိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် SSPP/SSA မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း SSPP Info သတင်းထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် သီပေါနှင့် လားရှိုးမြို့နယ်အတွင်း SSPP/SSA တပ်စခန်းတည်ရှိရာ ကျေးရွာများသို့ ကိုးကန့်တပ် MNDAA မှ အင်အားဖြည့်တင်းမှုများပြုလုပ်နေပြီး နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာသည့် အခြေအနေရှိကြောင်း ဒေသခံများက ပြောသည်။

သျှမ်းတပ် SSPP/SSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည် ‘ဝ’ တပ်ဖွဲ့ UWSA ဦးဆောင်ပြီး အဖွဲ့ဝင် (၇) ဖွဲ့ဖြင့် စုဖွဲ့ထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးမှုညှိနှိုင်းရေးကော်မတီ (FPNCC) တွင် မဟာမိတ်အဖြစ် ပါဝင်ထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။