29 ဇွန် 2025 /

See today's Peace Related News

Homeသတင်းမင်းတပ်မြို့ရှိ အစိုးရအဆောက်အဦးနှင့် လူနေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ

မင်းတပ်မြို့ရှိ အစိုးရအဆောက်အဦးနှင့် လူနေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ရှိ အစိုးရအဆောက်အဦးနှင့် လူနေအိမ်နေရာများကို စစ်ကောင်စီတပ်က လေကြောင်းနှင့် တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ သေဆုံးမှုရှိသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုသည်။

စစ်ကောင်စီက မေလ ၇ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်တွင် မင်းတပ်မြို့အနီးဝန်းကျင်ကို လေကြောင်းနှင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး ပျက်စီးမှုပမာဏကြီးမားခဲ့သည်ကို ဓါတ်ပုံသက်သေဖြင့် မင်းတပ် -ပအဖ က မေလ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အလားတူ ယင်းနေ့ နေ့လယ် ၂ နာရီ ၄၀ ခန့်တွင်လည်း မင်းတပ်မြို့ပေါ်ကို ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အစိုးရအဆောက်အဦးနှင့် ဝန်းထမ်းအိမ်ရာများ ထိခိုက်ပျက်စီးပြီး အရပ်သားပြည်သူများ အသက်ဆုံးရှုံးမှုရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ အမျိုးသား ၃ ဦး သေဆုံးသွားကြောင်း ချင်းဒေသတွင်း သတင်းဌာနတချို့က ဖော်ပြထားသော်လည်း သီးခြားအတည်ပြု၍ မရရှိသေးပေ။

မင်းတပ်မြို့ပေါ် လေကြောင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ပြည်သူထိခိုက်သေဆုံးမှု၊ အဆောက်အဦး ပျက်စီးမှုများနှင့် ပတ်သက်ပြီး မင်းတပ်မြို့ ပအဖတာဝန်ရှိသူများထံ မေလ ၈ ရက် နေ့လယ်ပိုင်းအထိ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်လို့ မရရှိသေးပါ။

ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်ကလည်း မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီသည် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အစိုးရရုံး အဆောက်အဦး ၁ ခုနှင့် ဝန်ထမ်းအိမ်ရာ ၂ လုံး၊ လူနေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့တို့ကို လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ပြုလုပ်နေပြီး အစိုးရအဆောက်အဦးများနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှုများရှိနေသလို အရပ်သားပြည်သူများလည်း ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း သိရသည်။

မင်းတပ်မြို့ကို CDF – မင်းတပ်က သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေးများ လုပ်ဆောင်ကာ အုပ်ချုပ်ရေးယန္တရား လည်ပတ်လျက်ရှိနေသည်။

KMG ပေးပို့သည်။