ပလက်ဝဒေသခံ ၂၀ ကျော်ကို ULA/AA က ဖမ်းဆီးထိန်းသိမ်းထားဆဲဟု GKO ထုတ်ပြန်

By MPM 7 မေ, 2025 👁

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် ULA/AA က ဒေသခံပြည်သူ ၂၀ ကျော်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်တာကြောင့် အမြန်ဆုံးလွှတ်ပေးရန်အပါအဝင် တောင်းဆိုချက် ၅ ချက်ကို ULA/ AA ထံ နိုင်ငံတကာခူမီးအဖွဲ့အစည်း – GKO က တောင်းဆိုလိုက်သည်။

၂၀၁၉ ခုနှစ်မှ ယနေ့အထိ ULA/AA သည် ပလက်ဝဒေသခံပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၃၀ ကျော်ကို ပြန်လည်လွတ်ပေးခဲ့သော်လည်း ၂၀ ကျော်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်တာကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း Global Khumi Organization – GKO က မေလ ၃ ရက်တွင် ထုတ်ပြန်တောင်းဆိုခဲ့သည်။

ယင်းတို့ထဲတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလက ပလက်ဝမြို့နယ်၊ ကျီးဝကျေးရွာမှ အသက် ၃၂ နှစ်အရွယ် ဦးငြိမ်းပြေသည် CNF မှ မိတ်ဆွေများကို အိမ်တွင်ဧည့်ခံသောကြောင့် ULA/ AA က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မေလ ၃ ရက်အထိ မိသားစုက အဆက်အသွယ်မရဘဲ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရကြောင်း GKO က ပြောဆိုသည်။

၂၀၂၄ ခုနှစ် အစောပိုင်းကာလတွင် ပလက်ဝမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ ခူမီးချင်းလူမျိုးအများအပြား နေအိမ်မှစွန့်ခွာသွားရကြောင်း၊ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်လူမျိုးကို မီးဇာနှင့် ဥဿလင်းဝကျေးရွာကြားတွင် နေရာချထားရာ အိမ်ခြေ ၅၀၀ ခန့်ရှိနေသည်ဟု GKO က ဆိုသည်။

ယင်းကဲ့သို့နေရာချထားခြင်းသည် ဌာနေခူမီးချင်းလူမျိုးများကို စနစ်တကျမောင်းထုတ်ရန် ကြံစည်ခြင်းဖြစ်၍ ယင်းလုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချသည်ဟု GKO က ထုတ်ပြန်ပြောဆိုထားသည်။

ULA/AA အနေဖြင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးကို အလေးထားသောအားဖြင့် ကျန်းမာရေး ဆရာ/ဆရာမများကို ကျန်းမာရေးစောင့်ရှောက်ခွင့်ပေးရန် တိုက်တွန်းသည်ဟုလည်း GKO ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယခုနှစ် မတ်လမှစတင်၍ ပလက်ဝဒေသတွင် လူစုလူဝေးမပြုလုပ်ရန် ပိတ်ပင်ထားပြီး ဒေသခံချင်းခရစ်ယာန်များ ဝတ်ပြုစည်းဝေးခွင့် ဆုံးရှုံးလျက်ရှိနေကြောင်း၊ ဗုဒ္ဓဘာသာဝင်များကို ဘာသာရေးလွတ်လပ်ခွင့်ပေးသည့်နည်းတူ ခရစ်ယာန်ဘာသာဝင်များကိုလည်း ဘာသာရေးလွတ်လပ်ခွင့်ပေးရန် တိုက်တွန်းသည်ဟု GKO က ဆိုသည်။

ပလက်ဝမြို့နယ်အတွင်း တရားခံမပေါ်သော လူသတ်မှုများ နောက်နောင် လုံးဝ မဖြစ်ပွားအောင်ဆောင်ရွက်ရန် အလေးအနက်တိုက်တွန်းကြောင်း GKO က တောင်းဆိုထားသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်က ပလက်ဝမြို့နယ်၊ ဆမီးမြို့မှ အသက် ၃၅ နှစ်အရွယ် ကလေးမိခင် ၁ ဦးကို ရခိုင်စကားပြောလူတစုမှ အဓမ္မပြုကျင့်ပြီး သတိမေ့လျော့သည်အထိ နှိပ်စက်ကာ ချောင်းကမ်းနံဘေးတနေရာမှာ စွန့်ပစ်ခဲ့သည်ဟု GKO က ထုတ်ပြန်ပြောဆိုခဲ့သည်။

၂၀၂၃ စက်တင်ဘာလ ၈ ရက်တွင်လည်း ပလက်ဝမြို့နယ်၊ မောင်နှမကျေးရွာမှ အသက် ၁၃ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ကုန်သည်မိသားစုဝင် ၃ ဦးသည် ကျောက်တော်မှ ပလက်ဝသို့ အပြန်လမ်းတွင် ပျောက်ဆုံးခဲ့ပြီး ဓါးဒဏ်ရာများနှင့် မွန်ထောင့်ကျေးရွာအနီးမှာ အလောင်းတွေ့ရှိသည်ဟု GKO က ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၅ ခုနှစ် ဧပြီလ ၅ ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာမှ အသက် ၂၃ နှစ်အရွယ် ကလေးမိခင် ၁ ဦးကို ULA/ AA တပ်ဖွဲ့ဝင် ၂ ဦးက အဓမ္မပြုကျင့်ပြီး ရေနစ်သတ်ဖြတ်ရန် ကြိုးစားခဲ့ကြောင်း၊ ယင်းဖြစ်ရပ်ကို ပြင်းထန်စွာရှုတ်ချသည်ဟု GKO က ထုတ်ပြန်ထားသည်။

KMG ပေးပို့သည်။