မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံးကြဲချတိုက်ခိုက်ခဲ့ဟုဆို

By MPM 7 မေ, 2025 👁

ရှမ်း – ကရင်နီနယ်စပ်က မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံး ထပ်မံအသုံးပြုပြီး တိုက်ခိုက်နေသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောဆိုသည်။

ပြီးခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီဗုံးကြဲချတိုက်ခိုက်ခဲ့မှုကို ခံရပြီးနောက်ပိုင်း အဆိပ်ငွေ့ကိုရှူရှိုက်ခံစားရသည့် လက္ခဏာတို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ လက်ရှိ၌ခံစားနေရသည်ဟု KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောပါသည်။

“ရဲဘော်တွေ ပြန်ပြောပြချက်အရက စစ်ကောင်စီက ရှေ့တန်းတွေမှာ အဆိပ်ငွေ့တွေသုံးတယ်ပေါ့နော်။ ရဲဘော်တွေက အဆိပ်ငွေ့ကြောင့် မူးဝေအော့အန်တာ အရင်ကဖြစ်ခဲ့ဖူးတဲ့ လက္ခဏာတွေ ပြန်ခံစားကြတယ်လို့ ပြောပြတာ ရှိတယ်” ဟု တာအယ်စိုးက ဆိုသည်။

မိုးဗြဲမြို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများ၊ လေကြောင်းကနေပါ နေ့စဉ်ရက်ဆက် အသုံးပြုထိုးစစ်ဆင်နေသည်ဟု ၎င်းက ဆက်ပြောသည်။

မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီဘက်က ကြိုးစားနေသည်မှာ ၄ လကျော်ရှိနေပြီး မြေပြင်စစ်ကြောင်းထိုးနေမှုများလည်းရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုသည်။

မိုးဗြဲတိုက်ပွဲအတွင်း လေယာဉ်အပြင် ဒရုန်းသုံးပြီး အဆိပ်ငွေ့ဗုံးဖြင့်ပါ ကြဲချတိုက်ခိုက်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) စစ်ဗျူဟာ အမှတ် (၁) က မေလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် မိုးဗြဲက ဘီလူးချောင်းထဲကို စစ်ကောင်စီက အဆိပ်ရည်တွေ လောင်းထည့်သည်ဟုလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးဗြဲတိုက်ပွဲနှင့် အလှမ်းဝေးသည့် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာကိုလည်း မေလ ၆ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့ရာ၌ အဆိပ်ငွေ့ဗုံးပါ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတို့က ပြောဆိုထားသည်။

စစ်ကောင်စီက ငလျင်ဒဏ်သင့်ဒေသတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ရန်ဆိုပြီး မေလ ၆ ရက်နေ့ကနေ မေလကုန်ထိ အပစ်ရပ်ကာလ ထပ်တိုးကြောင်း ကြေညာထားပေမယ့် ယခုလို တိုက်ခိုက်မှုတို့ကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

စစ်ကောင်စီက နေ့စဥ်နှင့်အမျှ တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူလူထုအနေနဲ့ သတိထားသွားလာကြရန်လည်း KNDF စစ်ဗျူဟာ အမှတ် (၁) က တိုက်တွန်းပြောဆိုထားသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။