အမြှောက်ဆံများကြား တိမ်းရှောင်ထွက်ပြေးစဉ် ဇနီးသည်ကို လက်လွတ်ဆုံးရှုံးခဲ့ရသူ စစ်တွေမြို့၊ ဝါးဘိုကျေးရွာမှ ဦးလှထွန်းဖြူနှင့် တွေ့ဆုံမေးမြန်းချက်။
ရခိုင်ဒေသတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစ၍ မြို့သိမ်းတိုက်ပွဲများ စတင်ခဲ့ပြီး ယနေ့ချိန်အထိ တိုက်ပွဲများရှိနေဆဲဖြစ်သည်။ ပြင်းထန်လှသည့် စစ်ပွဲအနိဋ္ဌာရုံကြားမှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုစသည့် အမြောက်ဆံများကြား လွတ်မြောက်ရာအသက်လု ထွက်ပြေးစဉ် လမ်းခုလတ်တွင် သေဆုံးသွားသူများလည်း ရှိနေသည်။
ထိုသူများထဲတွင် စစ်တွေမြို့၊ ဝါဘိုကျေးရွာက အသက် (၄၅) နှစ်အရွယ် ဒေါ်ရီရီဝင်းလည်း အပါအဝင်ဖြစ်သည်။
ဒေါ်ရီရီဝင်းသည် မိသားစုနှင့်အတူ ထွက်ပြေးလာစဉ် ၂၀၂၅ ဇန်နဝါရီ ၁၃ ရက်နေ့က လမ်းခုလတ်တွင် သေဆုံးခဲ့ရသည်။ ဒေါ်ရီရီဝင်းတို့မိသားစု ဘာကြောင့် ထွက်ပြေးလာတာပါလဲ။ ဒေါ်ရီရီဝင်း သေဆုံးခဲ့ရသည့်အကြောင်းရင်းနှင့်ပတ်သက်ပြီး ခင်ပွန်းဖြစ်သူ ဦးလှထွန်းဖြူကို မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ရွာကနေ ထွက်ပြေးလာရတဲ့အကြောင်းရင်းကို သိပါရစေ။
ဖြေ။ ။ ကျနော်တို့ရွာက လက်နက်ကြီးတွေနဲ့အမြဲတမ်း အပစ်ခံရတယ်။ ကံ့ကော်ကျွန်းကလည်း ပစ်တယ်။ BE တပ်ကလည်း ပစ်တယ်။ ပါဒလိတ်ကလည်း ပစ်တယ်။ ပြီးတော့ ချောင်းနွယ်မင်းဂံက ပစ်တယ်။ ကျနော်တို့ နေလို့မရတော့ဘူး။ အိမ်ခေါင်မိုးတွေကိုကျော်ပြီး ကျည်တွေကျတယ်။ အိမ်ဘေးနား တွေမှာလည်းကျတော့ ပြေးရတော့မယ်လို့ ဆုံးဖြတ်လိုက်တာ။
မေး။ ။ ဘယ်လိုပုံစံနဲ့ ထွက်ပြေးလာကြရပါလဲ။
ဖြေ။ ။ ရွာကထွက်လာတဲ့အချိန်မှာ ဘာတခုမှယူလို့မရခဲ့ဘူး။ အသက်တစ်ချောင်း (ဘေး) လွတ်ပါစေကြောင်း နဲ့ခြေလျင်လျှောက်ပြီး ထွက်ပြေးလာကြတာ။ ကျနော့်အမျိုးသမီးကိုတော့ ဆိုင်ကယ်နဲ့ယူ (ခေါ်) ပြီးသွားကြ တယ်။ ဒါပေမဲ့ ပြေးရတာကလည်းလယ်ကွင်းပြင် လမ်းကြမ်းဆိုတော့ ဆိုင်ကယ်နဲ့သွားလို့ အဆင်မပြေတော့ဘူး။ သူ့ကိုကျောပိုးပြီး ယူ (ခေါ်) ရတယ်။
အဲဒီနေ့က ကျနော်တို့မှန်းထားတဲ့နေရာထိတော့ မရောက်လိုက်ဘူး။ လက်နက်ကြီးတွေပစ်ရင် ထိုင်ပြီးနေရတာနဲ့ လမ်းခုလတ် ကန်ပေါင်အနီးကမြောင်းထဲမှာ နေလိုက်ကြရတယ်။ အဲဒီတုန်းကလည်း မြေခဲတွေကိုကာဘာလုပ်ပြီး တာပေါ်လင်စနဲ့ မြောင်းထဲကိုဆင်း ကောက်ရိုးတွေခင်းပြီးအိပ်ခဲ့ရတာ။
မေး။ ။ နောက်ထပ် ဘာတွေဆက်ဖြစ်သေးလဲ။
ဖြေ။ ။ အဲဒီအချိန်တုန်းက ထမင်းအကောင်းစားလို့ မရတော့ဘူး။ လေယာဉ်တွေလည်း ဝဲနေပြီ၊ မိုးလင်းရင် ဒီကနေထလို့ ပြေးဖို့လုပ်တော့ နေမကောင်းဘူးတဲ့။ ထမင်းစားမယ်ဆိုပြီးတော့ လုပ်တယ်။ ဒီအချိန်မှာ ဆေးဝါး အကြောင်း နည်းနည်းနားလည်တဲ့သူ့အစ်ကိုလာတယ်။ သူက အခြေအနေမကောင်းတော့ဘူးလို့ ပြောတယ်။ ဘာဖြစ်ဖြစ် ကျေးရွာထဲကိုပြန်ဝင်ကြမယ်။ သေသွားခဲ့ရင်တောင် ကိုယ့်အိမ်မှာပဲသေမယ်လို့ သူကပြောတယ်။ ဒါပေမဲ့ လက်နက်ကြီးတွေ တချိန်လုံးပစ်နေတော့ ပြန်ဝင်လို့လုံးဝမရဘူး။ အဲဒီမှာ အသက်ဆုံးသွားခဲ့တာ။
မေး။ ။ ဘာကြောင့် သေသွားခဲ့ရတာလဲ။
ဖြေ။ ။ လက်နက်ကြီးပစ်တဲ့အခါ မနေရဲ၊ မြေကလည်းတုန်ခါတာကိုး။ ပြီးတော့ သူ့မှာက နှလုံးရောဂါရှိတယ်။ လက်နက်ကြီးပစ်တာတွေနဲ့ နှလုံးရပ်ပြီး သေဆုံးသွားတာလို့ပြောနိုင်တယ်။ အဲဒီနေ့က သူ မသေခင်က ပါဒလိတ် ကနေ လက်နက်ကြီးသုံးလုံး ပစ်ခတ်သေးတယ်။ အဲဒီလက်နက်ကြီးက (ကျနော်တို့နဲ့) တစ်မိုင်လောက်အဝေးမှာ ကျခဲ့တယ်။ နောက်မှာတော့ ကျနော့်အမျိုးသမီးဆုံးသွားတယ်။ တစ်ညအိပ်ပြီး နောက်တစ်ညမှာပေါ့နော်။
အအေးဒဏ်တွေ လက်နက်ကြီးပစ်တာတွေနဲ့ နှလုံးခုန်မြန်ပြီး (ရှော့ခ်ရပြီး) ဆုံးသွားတာ။ သေဆုံးခဲ့ရတဲ့အချိန်မှာ ဘယ်လိုသင်္ဂြိုလ်ခဲ့ရလဲဆိုရင် လေယာဉ်တွေလည်းပျံဝဲနေတော့ သေသေချာလုပ်လို့မရခဲ့ဘူး။ ကျနော်တို့ကတော့ သေသေချာချာ မြေမြှုပ်သင်္ဂြိုလ်ချင်ခဲ့တယ်။ လူစုလူဝေးနေတာကိုပဲ စစ်ကောင်စီက ပစ်နေတာ။ မြေမြှုပ်သင်္ဂြိုလ် ဖို့အတွက် စာသင်ကျောင်းကထိုင်ခုံအကျိုးတွေက သစ်တွေယူပြီး ဒီအတိုင်းမြေမြှုပ်ခဲ့ရတယ်။ သေဆုံးသွားတဲ့ နေရာက ရွာမြောက်ဖက်တစ်မိုင်ကျော်လောက်ဝေးတယ်။
မေး။ ။ ထွက်မလာခင်က ရွာမှာဘာတွေဖြစ်နေပြီလဲ။
ဖြေ။ ။ ကျနော်တို့ရွာက လက်နက်ကြီးတွေနဲ့ အမြဲတမ်းအပစ်ခံရတယ်။ ကံ့ကော်ကျွန်းကလည်း ပစ်တယ်။ BE တပ်ကလည်း ပစ်တယ်။ ပါဒလိတ်ကလည်း ပစ်တယ်။ ပြီးတော့ ချောင်းနွယ်မင်းဂံက ပစ်တယ်။ ရွာထဲက အိမ်တွေမှာလည်းကျတယ်။ ဘုန်းကြီးကျောင်းတွေမှာလည်း ကျတယ်။ အထက်တန်း ကျောင်းမှာလည်း ကျတယ်။ အထက်တန်းကျောင်းဆိုရင် အဲဒီအချိန်ကနေ အကုန်လုံးပျက်စီးသွားတာ။
မေး။ ။ လက်ရှိ ရွာအခြေအနေကို ဘယ်လိုသိရပါလဲ။
ဖြေ။ ။ အခုဆိုရင် ပိုဆိုးသွားပြီ၊ ဘာမှမကျန်တော့ဘူး။ ကျန်ခဲ့တဲ့အိမ်တွေဟာလည်း လက်နက်ကြီး အစတွေ ကျပြီး အကောင်းမရှိတော့ဘူး။ ဒါတွေကို ရွာကိုသွားတဲ့သူတွေဆီက သိရတာ။ တချို့ကလည်း ဖုန်းနဲ့ ပုံတွေရိုက် လာတာရှိတယ်။ ဖုန်းမှာ ကြည့်ရတယ်။ အိမ်ခြေ ၃၀၀ ရာကျော်လောက်ရှိတဲ့ အထဲ ၂၀၀ ကျော်လောက် လုံးဝ ပျက်စီသွားပြီ။ တချို့တဝက်ကလည်း ကျည်စတွေနဲ့ ပျက်စီးသွားပြီလို့သိရတယ်။
မေး။ ။ အခု စစ်ဘေးရှောင်စခန်းမှာနေရတဲ့ အခြေအနေတွေ ဘယ်လိုရှိပါလဲ။
ဖြေ။ ။ သူမ (ဇနီး) ဆုံးသွားတော့ သားသမီး ၈ ယောက်ကျန်ခဲ့တယ်။ မိသားစုလည်းများတော့ ဝင်ငွေမရှိဘဲ စစ်ဘေးရှောင်စခန်းမှာ နေရတဲ့အခြေအနေက ဆိုးတာပေါ့။ ထင်းသွားခုတ်တော့လည်း ထင်းအချောင်းရေ ၁၀၀ ကိုမှ ငွေကျပ် ၁၂,၀၀၀ လောက်ရတာ။ မိသားစုစားဝတ်နေရေးအတွက် လိုက်မမီဘူး။
အရင်တုန်းကလို ပုံမှန်ထောက်ပံ့မှုတွေလည်း မရှိတော့ဘူး။ တအားခက်ခဲသွားတယ်။ ကလေးငယ်တွေကအစ တောင်ပေါ်တက် ထင်းခုတ်နေကြရတယ်။ ကျနော်တို့ မိသားစုများတဲ့သူတွေဆို ပိုဆိုးတာပေါ့။ ကလေးတွေက မိုးလင်းတာနဲ့ မုန့်စားဖို့ ပိုက်ဆံတောင်းနေပြီး ပိုက်ဆံကမရှိဘူး။ ခက်ခဲတယ်။ ထမင်းစားရမှာကလည်း တနေ့စာ တနေ့လိုက်မမီဘူး။
မေး။ ။ ဘာများ ဖြည့်စွက်ပြောချင်တာရှိပါလဲ။
ဖြေ။ ။ ကျနော့်အနေနဲ့တော့ မျှော်လင့်ချက်အများကြီး မရှိတော့ဘူး။ နေရပ်ပြန်နိုင်ရင်လည်း နေအိမ်တွေ မရှိတော့ဘူး။ အရင်တုန်းကလို စစ်ဘေးရှောင်စခန်းတွေမှာ WFP က ပုံမှန်ထောက်ပံ့ကြေးတွေ ရစေချင်တယ်။ စစ်ဘေးရှောင်စခန်းတွေမှာလည်း အခု တော်တော်အခက်အခဲ ဖြစ်နေကြတယ်။ ဒါကြောင့် အကူအညီ အထောက်အပံ့တွေ ပုံမှန်ရချင်ပါတယ်။
အောင်ထိန် (DMG) ပေးပို့သည်။