မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ ARSA အဖွဲ့သည် ရခိုင်ပြည်၊ မောင်တောမြို့နယ်က မွတ်ဆလင်ကျေးရွာများကို အကာအကွယ်ယူပြီး အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်း၊ ဒေသခံများကို ဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
မေလ ၁ ရက်နေ့က မောင်တောမြို့နယ်၊ ဦးရှည့်ကျကျေးရွာတွင် ARSA တပ်ဖွဲ့ဝင်များ ရောက်ရှိနေကြောင်း သတင်းရ၍ အာရက္ခတပ်တော်၏ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးစဉ်မှာ ARSA အဖွဲ့က ကျေးရွာ အတွင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတို့ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ဒေသခံသတင်းရင်းမြစ်တစ်ဦးက “အရင်က ARSA က တောတောင်ထူထပ်တဲ့လမ်းပိုင်းတွေမှာပဲ ခြုံခိုတိုက်ခိုက် တာရှိတယ်။ အခုက မွတ်ဆလင်ကျေးရွာတွေကို အကာကွယ်ယူပြီး တိုက်ခိုက်လာတာတွေရှိတယ်။ ARSA တပ်ဖွဲ့ဝင်တွေ ဦးရှည့်ကျကျေးရွာမှာ ရောက်နေတယ်လို့ သတင်းရလို့ သွားရောက်စစ်ဆေးစဉ်မှာ ARSA တပ်ဖွဲ့ဝင် ၁၀ ကျော်က ကျေးရွာအတွင်းအကာကွယ်ယူပြီး တိုက်ခိုက်ထွက်ပြေးသွားတာရှိတယ်။ အထိအခိုက်တော့ မရှိဘူး။ တိုက်ခိုက်မှုကြောင့် ဦးချည့်ကျကျေးရွာမှာ စစ်ဆေးမှုပြုလုပ်ခဲ့ကြတာတော့ရှိတယ်” ဟု ပြောသည်။
ARSA အဖွဲ့သည် လက်ရှိတွင် မောင်တောမြောက်ပိုင်းရှိ ဦးရှည့်ကျ၊ သူဦးလာ၊ မြောတောင်၊ ရီတွင်းကျွန်း၊ လိပ်ရ၊ ကျောက်ချောင်းစသည့် ကျေးရွာများတွင် အခြေပြုလှုပ်ရှားပြီး အနီးအနား ဒေသခံခရီးသွားများနှင့် အာရက္ခ တပ်တော်၏ တပ်ဖွဲ့များကို မကြာခဏ ခြုံခိုတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
မေလ ၄ ရက်နေ့ ညနေကလည်း မောင်တောမြို့နယ်၊ ကျောက်ချောင်း (မွတ်ဆလင်) ကျေးရွာက ကျေးရွာသား ၃ ဦးကို ARSA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
ယင်းနောက် အာရက္ခတပ်တော်နှင့် ကျေးရွာသားများ လိုက်လံရှာဖွေကြရာမှာ လိပ်ရကျေးရွာနှင့် ကျောက်ချောင်း ကျေးရွာကြားတွင် မေလ ၅ ရက် နေ့လည် ၂ နာရီကျော်တွင် ကျေးရွာသားနှစ်ဦးနှင့်အတူ ARSA အဖွဲ့ဝင် နှစ်ဦးကို ရှာဖွေတွေ့ ရှိခဲ့ကြောင်း သိရသည်။
“ရွာသားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လိုက်လံရှာဖွေကြစဉ်မှာ လိပ်ရနဲ့ ကျောက်ချောင်းကြားမှာ ပြန်လည် ရှာတွေ့ခဲ့တယ်။ အဲဒီအနီးမှာ ARSA အဖွဲ့ဝင် နှစ်ဦးကိုလည်း လက်ရဖမ်းဆီးရမိတာရှိတယ်။ ARSA တွေကတော့ သူတို့မှာ ရခိုင်၊ မွတ်ဆလင် ခွဲတာမရှိဘူး။ သူတို့ မထောက်ခံရင် အကုန်ဖမ်းတယ်။ သတ်ဖြတ်တယ်” ဟု နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ARSA အဖွဲ့ထံ ဖမ်းဆီးခံခဲ့ရသူ ၃ ဦးမှာ ကျောက်ချောင်းကျေးရွာက အသက် (၄၂) နှစ်အရွယ် မာမတ်အာယုပ်၊ အသက် (၂၆) နှစ်အရွယ် အီလိယာစ်နှင့် အသက် (၄၇) နှစ်အရွယ် ဂေါ်ဖုရ်အာလာမ်တို့ ဖြစ်ကြသည်။
ARSA တပ်ဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ ရခိုင်ပြည်ထဲသို့ ဝင်ရောက်လှုပ်ရှားပြီး နယ်စပ်ဒေသ လုံခြုံရေးကို အန္တရာယ်ပြုနေသဖြင့် မောင်တောဒေသလုံခြုံရေးအတွက် အထူးစိုးရိမ်စရာဖြစ်နေကြောင်း ဒေသခံများက ပြောဆိုသည်။
မောင်တောမြို့နယ်မြောက်ပိုင်းတွင် ARSA အဖွဲ့က လှုပ်ရှားမှုများကြောင့် အာရက္ခတပ်တော်နှင့် မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများရှိပြီး အာရက္ခတပ်တော်ဘက်ကလည်း နယ်မြေရှင်းလင်းမှုများ ပြုလုပ်လျက်ရှိနေသည်။
အောင်ထိန် (DMG) ပေးပို့သည်။