ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာအုပ်စုအတွင်းက မြင်းမထိတောင်သတ္တုတူးဖော်မှုကို နယ်မြေဒေသခံတို့ ဆန္ဒပြကန့်ကွက်မှုကြောင့် လတ်တလောတွင် လုပ်ငန်းရပ်ဆိုင်းထားတာကို တွေ့ရသည်ဟု ဒေသခံများနှင့် သပိတ်ဦးဆောင်ကော်မတီဝင်တို့က ပြောဆိုသည်။
သပိတ်ဦးဆောင်ကော်မတီဝင် ကိုအောင်ဇေယျာထွန်းက “ကျနော်တို့ ဆန္ဒပြမှုမတိုင်ခင်တုန်းက သူတို့က စက်ယန္တရားကို ပြန်လည်ပြုပြင်မွမ်းမံနေတာမျိုးတော့ရှိတယ်။ အခုလက်ရှိကတော့ ကျနော်တို့ကွင်းဆင်းသိရှိ ရသလောက်ကတော့ သူတို့လုပ်ငန်းတွေကို ရပ်ဆိုင်းထားတာတွေ့ရတယ်။ တချို့လုပ်သားတွေကလည်း ပြန်တဲ့သူကပြန်ပြီ။ ဒါပေမဲ့ရှိနေတဲ့လူကလည်း ဆက်ရှိနေသေးတယ်” ဟု ပြောသည်။
မြင်းမထိတောင်ပေါ်တွင် ဒေသခံတို့၏ ဆန္ဒသဘောထားကို မရယူဘဲ သတ္တုတူးဖော်မှုကို ဆက်တိုက်လုပ်ဆောင် နေသည့် မစ္စတာဝမ်ကုမ္ပဏီနှင့် လေးပွင့်ကြယ်ကုမ္ပဏီတို့ကို မြင်းမထိနယ်မြေဒေသခံများက ဆန္ဒပြကန့်ကွက်မှု တို့ကို ဆက်တိုက်လုပ်ဆောင်နေခြင်း ဖြစ်သည်။
မြင်းမထိတောင်ဒေသခံ ပရာဒေါင်းဆွေမျိုးစုနှင့် ကြယ်လေးပွင့်ကုမ္ပဏီတို့ တွေ့ဆုံမှု ၃ ကြိမ်အတွင်း သဘောတူညီချက် တစုံတရာမရတာကြောင့် သိကျိတ်ကျေးရွာအဝင် သတ္တုတူးဖော်မှုအတွက် ထပ်မံ ဝင်ရောက်လာသည့် စက်ယန္တရားတို့ကို ဒေသခံတွေက တားမြစ်ထားခဲ့ပြီးနောက် ဆန္ဒပြကန့်ကွက်မှု လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ ပြည်သူလူထုအနေနဲ့ရော လူထုကိုယ်စားပြုတဲ့ ကျနော်တို့လူငယ်တွေ၊ ကော်မတီဝင်တွေအားလုံး ကတော့ ဒီလုပ်ကွက်နဲ့ပတ်သတ်ရင် အစကတည်းက ရှင်းရှင်းလင်းလင်းပြောထားတယ်။ ဒီသတ္တုတူးဖော်မှုကို လုံးဝလက်မခံနိုင်ဘူး” ဟု ကိုအောင်ဇေယျာထွန်းက ဆက်ပြောသည်။
မြင်းမထိနယ်မြေဒေသခံများဖြစ်သည့် သိကျိတ်ကျေးရွာဒေသခံတို့က တရုတ်ကုမ္ပဏီဝင်ရောက်ပြီး ခဲသတ္တု တူးဖော်မှုကို မေလ ၁ ရက်၊ အလုပ်သမားနေ့မှ စတင်ကာ မေလ ၅ ရက်နေ့အထိ သိကျိတ်ကျေးရွာအတွင်း လှည့်လည်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။