နယ်ခြားစောင့်တပ်/ကရင်အမျိုးသားတပ်မတော်- BGF/KNA ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနှင့် သားဖြစ်သူ ၂ ဦးကို ဆိုက်ဘာရာဇဝတ်မှု (အွန်လိုင်းလိမ်လည်မှု) ဖြင့် အရေးယူပိတ်ဆို့လိုက်ကြောင်း အမေရိကန်နိုင်ငံက မေလ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
ဗိုလ်မှူးကြီးစောချစ်သူနှင့် သားနှစ်ဦးဖြစ်သည့် စောထူးအယ်မူးနှင့်စောချစ်ချစ်တို့အား အမေရိကန်နိုင်ငံသားများကို ထိခိုက်စေသည့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု၊ လူမှောင်ခိုကူးမှုတို့ဖြင့် အရေးယူခြင်းဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဌာန နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး – OFAC ၏ တရားဝင်ဝက်ဆိုဒ်ကနေ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများစွာ စုဝေးနေသည့် ထိုင်း-မြန်မာနယ်စပ်ဒေသတွင် KNA အဖွဲ့ အခြေစိုက် လျက်ရှိပြီး အဆိုပါရာဇဝတ်လုပ်ငန်းများအတွင်း KNA က မြန်မာစစ်တပ်နှင့် အဆက်အဆံပြုလုပ်ခြင်းဖြင့် အကျိုးအမြတ်များစွာ ရရှိနေသည်ဟုလည်း အမေရိကန်က ဆိုသည်။
“ဆိုက်ဘာလုပ်ငန်းရဲ့သားကောင်တွေမှာ လုံခြုံရေးအသိရော သူတို့ကြိုးစားပမ်းစားရှာထားတဲ့ငွေတွေရော ဆုံးရှုံးသွားရပေမယ့် အဲဒီလုပ်ငန်းကို အဓိကကြိုးကိုင်သူတွေနဲ့ သူတို့မဟာမိတ်တွေကတော့ ဘီလီယံနဲ့ချီပြီး ဝင်ငွေရနေတာပါ။ သူတို့အသုံးပြုနေတဲ့ကွန်ရက်တွေကို အနှောင့်အယှက်ပေးနိုင်ဖို့၊ တာဝန်ယူတာဝန်ခံမှုရှိလာဖို့ ကျနော်တို့တတ်နိုင်သမျှ လုပ်ဆောင်သွားပါမယ်” ဟု အမေရိကန်ဘဏ္ဍာရေးဌာန၏ လက်ထောက်အတွင်းရေးမှူး Michael Faulkender က ထုတ်ပြန်ကြေညာချက်တွင် ပြောဆိုထားသည်။
ထို့အပြင် မြန်မာနိုင်ငံကနေပေါ်ထွက်လာသည့် ဆိုက်ဘာရာဇဝတ်မှုအပါအဝင် အလားတူရာဇဝတ်မှုများကြောင့် ပြီးခဲ့သည့် ၃ နှစ်အတွင်း အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ ဆုံးရှုံးနစ်နာခဲ့ရသည်ဟု OFAC က ထုတ်ပြန် ဖော်ပြထားသည်။
BGF/KNA ထိန်းချုပ်သည့် ထိုင်း – မြန်မာနယ်စပ် ရွှေကုက္ကိုလ်မြို့သစ်က နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု၊ အွန်လိုင်း ငွေကြေးလိမ်လည်မှုများတွင် BGF/KNA ၏ ထိပ်ပိုင်းခေါင်းဆောင်များ အထူးသဖြင့် ဗိုလ်မှူးကြီးစောချစ်သူနှင့် ၎င်း၏မိသားစုများ ပါဝင်ပတ်သက်မှုရှိနေသလို အကျိုးအမြတ်များစွာရရှိနေကြောင်း Justice For Myanmar အဖွဲ့က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလပိုင်းကတည်းက ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
ထိုသို့ဖော်ပြမှုအား ဗိုလ်မှူးကြီးစောချစ်သူက မိမိတို့အားစွပ်စွဲပြောဆိုခြင်းဖြစ်ကြောင်း ၂၀၂၄ ခုနှစ် မေလ ၂၄ ရက်နေ့က မြန်မာနောင်းသတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် တုံ့ပြန်ပြောဆိုခဲ့သည်။
“သူတို့ပြောတာတွေ တခုမှမမှန်ကန်ဘူး။ ကျနော်တို့ကို သပ်သပ်မနာလိုလို့ ပျက်စီးရာပျက်စီးကြောင်းပြောတာ။ အားလုံးမှားနေတယ်။ ကျနော်တို့မှာ ဘာပိုက်ဆံမှမရှိဘူး၊ ဘာရှယ်ယာမှ ပါဝင်ပတ်သက်မှုမရှိဘူး။ ဘဏ်မှာ ပေါင်ထားတဲ့ ကျနော်တို့ချစ်သူမြိုင်အနေနဲ့ အကြွေးတောင်မှ အခုချိန်ထိမဆပ်နိုင်သေးဘူး။ လေ့လာကြည့်ပါ။ ကျနော့်သားရော သားငယ်ရောစစ်တပ်ထဲမှာပဲ။ စစ်တိုက်နေတဲ့ အရာရှိငယ်ပဲ” ဟု ဗိုလ်မှူးကြီးစောချစ်သူက မြန်မာနောင်းသတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ဖြေကြားပြောဆိုခဲ့သည်။
ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် BGF / KNA မှ လူပုဂ္ဂိုလ် ၃ ဦးနှင့် ချစ်သူမြိုင်ကုမ္မဏီတို့မှာ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်တကြောရှိ အွန်လိုင်းငွေကြေးလိမ်လည်မှု၊ လူမှောင်ခိုမှု၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ လုပ်ကိုင် နေမှုဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလက ဥရောပသမဂ္ဂ (EU) ၏ ဒဏ်ခတ်ပိတ်ဆို့စာရင်း၌ ပါဝင်ခဲ့သေးသည်။
ထိုသို့အရေးယူခံရမှုနှင့် ပတ်သက်၍လည်း EU ဒဏ်ခတ်ပိတ်ဆို့စာရင်းတွင် ပါဝင်သူတစ်ဦးဖြစ်သော BGF တပ်နယ် -၂ ဗျူဟာမှူး ဗိုလ်မှူးစောတင်ဝင်းက ထိုကိစ္စက ကြီးကြီးမားမားမဟုတ်သလို သူများနိုင်ငံတွင် သွားရောက်လုပ်ကိုင်ခြင်းမဟုတ်သဖြင့် အရေးယူ၍မရကြောင်း ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ပြောဆိုခဲ့ပါသည်။
ယင်းနောက် ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံသားသရုပ်ဆောင်တစ်ဦး ထိုင်း-မြန်မာနယ်စပ်ဒေသတွင် လူကုန်ကူး ခံရမှုဖြစ်ပွားအပြီး နယ်စပ်ကျားဖြန့်လုပ်ငန်းများအကြောင်း နိုင်ငံတကာသို့ပျံ့နှံ့ခဲ့ရာမှ BGF အပါအဝင် DKBA တို့က ထိုင်းနှင့်တရုတ်နိုင်ငံတို့၏ ဖိအားပေးခံခဲ့ရသည်။ သို့ဖြစ်၍ စစ်ဆေးရေးအဖွဲ့များဖွဲ့ကာ မြဝတီမြို့နယ်တဝိုက် ကျားဖြန့်စစ်ဆင်ရေးများ လုပ်ဆောင်လျက်ရှိသည်မှာ ယနေ့အထိပင်ဖြစ်သည်။
တဖက်တွင်လည်း ထိုင်းနိုင်ငံ၏ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) ဘက်က ဦးဆောင်ကာ စောချစ်သူ၊ စောမုတ်သုန်နှင့် စောတင်ဝင်းတို့အပါအဝင် ၎င်းတို့နှင့်ဆက်နွယ်သည့် ထိပ်ပိုင်းအင်အားစုများအား လူကုန်ကူးမှု စပ်လျဥ်းပြီး တရားစွဲဆိုရန် ပြင်ဆင်လျက်ရှိသည်ဟု ထိုင်းမီဒီယာများက ဖော်ပြကြသည်။
ဗိုလ်မှူးကြီး စောချစ်သူကမူ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့် ငွေလိမ်လုပ်ငန်းများတွင် ၎င်းတို့ပါဝင် ပတ်သက်ခြင်းမရှိဘဲ မြေနေရာသာ ငှားရမ်းပေးခြင်းဖြစ်ကြောင်း ယခု ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ တတိယ အပတ်က သတင်းမီဒီယာများနှင့်တွေ့ဆုံသည်အင်တာဗျူးတွင် ဖြေကြားပြောဆိုခဲ့သည်။
KIC ပေးပို့သည်။