ကျွန်းစုတွင် တရုတ်ကုမ္ပဏီတစ်ခုက ခဲလုပ်ကွက်အတွက် တစ်အိမ်လျှင် ကျပ်ငါးသိန်းပေးပြောင်းရွှေ့ခိုင်းနေ

By MPM 6 မေ, 2025 👁

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီတစ်ခုက ခဲလုပ်ကွက်တိုးချဲ့လုပ်ကိုင်ရန် ဒေသခံတို့၏ နေအိမ်တစ်အိမ်လျှင် ကျပ်ငါးသိန်းပေးကာ ပြောင်းရွှေ့ခိုင်းနေသည်ဟု ရွာသားများက ပြောဆိုသည်။

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ယမုံကျေးရွာတွင် ခဲသတ္တုလုပ်ကွက် တိုးချဲ့တူးဖော်ရန်ဟုဆိုကာ တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီက ဒေသခံနေအိမ်များကို တအိမ်လျှင် ကျပ်ငါးသိန်းပေး၍ ပြောင်းရွှေ့ခိုင်းနေသည်ဟု ရွာသားများက ပြောသည်။

အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “ကုမ္ပဏီမန်နေဂျာက တစ်အိမ်ကို ငါးသိန်းပေးမယ်၊ ဧပြီလအကုန်မှာ အပြီးဖယ်ရှားရမယ်၊ ကန့်ကွက်တဲ့အိမ်ကို ဘတ်ဟိုးနဲ့ အပြီးဖြိုချဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်နေတယ်၊ သူတို့ပေးတဲ့ငွေက မုန့်ဖိုးပေးသလောက်နဲ့ တမင်လုပ်ချင်တာ၊ လုပ်နေတဲ့သဘောပါပဲ” ဟု ပြောသည်။

ဧပြီလကုန်တွင် အပြီးပြောင်းရွှေ့ပေးရန်အတွက် ယမုံကျေးရွာ၏ ရွာအဖျားပိုင်းရှိ နေအိမ် ၃၀ ခန့်ကို ပြောဆိုထားသော်လည်း ဒေသခံများက လက်ခံမှုမရှိဘဲ ကန့်ကွက်ငြင်းဆိုသူများနေသည်ဟု ရွာသားများက ပြောပါသည်။

တရုတ်နိုင်ငံသားပိုင် ရွှေပင်လယ်ကုမ္ပဏီ မန်နေဂျာဖြစ်သူ ဦးသန်းထိုက်က စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် ပူးပေါင်းပြီး ဒေသခံနေအိမ်တစ်ဆောင်လျှင် ငွေကျပ်ငါးသိန်းစီပေးကာ အဓမ္မပြောင်းရွှေ့ခိုင်းထားသည်ဟု ရွာသားများက ပြောသည်။

ပြောင်းရွှေ့ခိုင်းထားသည့် နေအိမ်များမှာ မေလ ၄ ရက်နေ့အထိ ပြောင်းရွှေ့ခြင်းမပြုကြသလို ကုမ္ပဏီဘက်ကလည်း လက်ရှိချိန်ထိ နေအိမ်များကို တစုံတရာပြုလုပ်ခြင်း မရှိသေးဟု ရွာသားများက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းက ယမုံကျေးရွာ၌ ခဲသတ္တုမိုင်းပေါင်း ၃၂၀ ကျော်ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်တွင် ခဲသတ္ထု ရှားပါးလာခြင်းကြောင့် ခဲသတ္တုမိုင်းပေါင်း ၁၅၀ ခန့်သာ ကျန်ရှိတော့သည်ဟု ရွာသားများက ပြော
သည်။

ကျွန်းစုမြို့နယ်အပါအဝင် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်အာဏာသိမ်းပြီးသည့်နောက်ပိုင်း ခဲသတ္တုလုပ်ကွက် အများအပြားပေါ်ပေါက်လာပြီး စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များအား ငွေကြေးပေးပြီး ကုမ္ပဏီများက တူးဖော်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ဒေသခံတို့ထံက သိရသည်။

NMG ပေးပို့သည်။