ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်နှင့် ဆေးရုံကို မေလ ၅ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
ကျောက်မဲဒေသခံ အမျိုးသမီးတစ်ဦးက “သူတို့က ဆက်တိုက်လာကြဲတယ်။ မနက် ၁၁ နာရီကျော်လောက်မှာ နှစ်ခါလာကြဲသွားတာ။ အိမ်ပျက်စီးတာလည်း ရှိတယ်။ လမ်းပေါ်တွေမှာ ကျတာလည်းရှိတော့ လူတွေက ကြောက်ကြတာပေါ့။ စိုးရိမ်တော့ ဘယ်မှာနေရမှန်းမသိ၊ လေယာဉ်သံပဲ နားစွင့်နေရတယ်။ လေယာဉ်ကလည်း ဆက်တိုက်ကိုဝဲနေတာ အပေါ်မှာလေ။ ဒီလိုပဲ အခြေအနေကြည့် နားစွင့်ပဲနေနေကြရတာ” ဟု ပြောသည်။
အလားတူ မေလ ၄ ရက်နေ့ကလည်း နောင်ချိုမြို့ပေါ်ရှိ ရပ်ကွက်အချို့နှင့် ကျေးရွာအချို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများလုပ်ခဲ့ကြောင်း ဒေသခံများကပြောသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတို့၏ တရုတ်နိုင်ငံ ကူမင်းဆွေးနွေးပွဲတွင် သဘောတူညီမှုမရဘဲ ပြီးဆုံးခဲ့ပြီးနောက် TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့၊ နောင်ချိုမြို့အပြင် မိုးကုတ်မြို့တို့ကိုလည်း လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
ကူမင်းဆွေးနွေးပွဲတွင် စစ်ကောင်စီက TNLA သိမ်းပိုက်ထားသော မြို့များဖြစ်သည့် မိုးကုတ်၊ မိုးမိတ်၊ နောင်ချို၊ သီပေါနှင့် ကျောက်မဲမြို့တို့ကို ပြန်ပေးရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအပြီး TNLA ဘက်က သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ထိုသတင်းစာ ရှင်းလင်းပွဲ၌ တောင်းဆိုထားသည့်မြို့များ ပြန်ပေးရန် တရုတ်နှင့် စစ်ကောင်စီတို့က TNLA နယ်မြေရှိ လူထုကို ဖြတ်လေးဖြတ်နှင့် ပိတ်ဆို့ထားသည်ဟု TNLA က ပြောသည်။
TNLA အနေဖြင့် ဖိအားဘယ်လောက်များများ မြို့များပြန်မပေးရရေးအတွက် လုပ်ဆောင်သွားမည်ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
“ကျနော်တို့ မိုးကုတ်ကို ဗုံးကြဲနေတာက နေ့တိုင်းလိုလိုပါပဲ။ လေယာဉ် ကလည်း အမြဲဝဲနေတာ။ ဘာပဲဖြစ်ဖြစ် အကောင်းတွေဖြစ်လာဖို့ မျှော်လင့်ထားပေမယ့် နေ့တိုင်းတော့စိုးရိမ်ပြီး သတိနဲ့နေရတဲ့ အနေအထားမျိုးပေါ့ဗျာ။ ကြောက်လားဆိုရင်တော့ ကြောက်တယ်။ အထူးသဖြင့် ကလေးတွေ အတွက် စိုးရိမ်နေရတာ။ ဘယ်မှလည်း ထပ်ပြီးမရှောင်ချင်တော့ဘူး။ ဒီနေ့အထိတော့ ဒီလိုပဲ အခြေအနေကို စောင့်ကြည့် သတိနဲ့နေရတာမျိုးပေါ့ဗျာ” ဟု မိုးကုတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် PSLF/TNLA ထိန်းချုပ်ထားသော မြို့နယ်များထဲသို့ စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် နေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခြင်းများလုပ်နေသည်ဟု TNLA က ထုတ်ပြန်ထားသည်။
ထိုအခြေအနေကြောင့် ဒေသခံမိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း PSLF/TNLA က ထုတ်ပြန်ထားသည်။
NMG ပေးပို့သည်။