ရခိုင်မီဒီယာသမားများ အကျပ်အတည်းသစ်များနှင့် ရှင်သန်နေရ

By MPM 4 မေ, 2025 👁

မေလ ၃ ရက်နေ့သည် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ဖြစ်သော်လည်း ရခိုင်ပြည်အတွင်း လက်ရှိ၌ တိုက်ပွဲဖြစ်ပွားနေမှုနှင့်အတူ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရပြီး သတင်းသမားများသည်လည်း စိန်ခေါ်မှုများစွာ ရှိနေဆဲဖြစ်သည်။

ရခိုင်ပြည်အတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေသည်မှာ ၁ နှစ်ကျော်ထိကြာမြင့်လာပြီး သတင်းသမားများမှာ သတင်းရင်းမြစ်များနှင့် ဆက်သွယ်ရန် အခက်အခဲများရှိနေသောကြောင့် အချိန်နှင့်တပြေးညီ သတင်းများကို ပြည်သူများထံ ချပြနိုင်ခြင်း မရှိပေ။

ယင်းအပြင် သတင်းမီဒီယာသမားများမှာ ငွေကြေးအကျပ်အတည်း၊ သတင်းရယူမှုအပိုင်းများနှင့် မြေပြင်ကွင်းဆင်းရာတွင် လုံခြုံရေး၊ အသက်အာမခံချက်များ မရှိသောကြောင့် သတင်းမီဒီယာအခန်းကဏ္ဍသည် တဖြည်းဖြည်းနှင့် အကျဘက်သို့ရောက်ရှိနေကြောင်း မီဒီယာအသိုင်းအဝိုင်းက ပြောဆိုကြသည်။

သတင်းသမားများမှာ လုံခြုံရေး၊ အသက်အာမခံချက်မရှိသည့်အပြင် လွတ်လပ်စွာသတင်းရယူပိုင်ခွင့် မရှိသောကြောင့် သတင်းမီဒီယာနှင့်ပတ်သက်ပြီး စိတ်ဝင်စားသူများလည်း နည်းပါးလာကြောင်း Western News သတင်းဌာနက အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုက ပြောသည်။

“သတင်းသမားတွေကို တိုက်က လစာအနေနဲ့ ထောက်ပံ့လိုက်တယ်။ ဒါပေမဲ့ လုံလောက်တဲ့ထောက်ပံ့မှုမျိုး မရနိုင်ဘူး။ သတင်းသမားတွေက တဖက်မှာ ဘဝအာမခံချက်နည်းတယ်လို့ ပြောလို့ရတယ်။ တဖက်မှာလည်း အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့်လည်း သတင်းသမားတွေ လျော့နည်းတာလည်း ဖြစ်နိုင်တယ်။ အရင်ကထက်စာရင် အခုက သတင်းသမားတွေက တော်တော်ကို လျော့နည်းလာတယ်” ဟု ကိုဝဏ္ဏခွာညိုက ပြောသည်။

ဦးသိန်းစိန် အစိုးရလက်ထက်က သတင်းမီဒီယာအခန်းကဏ္ဍတွင် ပွင့်လင်းမှုများရှိခဲ့ပြီး NLD အစိုးရလက်ထက်တွင်လည်း အတက်ဘက်သို့ ဦးတည်ခဲ့သည်။

သို့သော် လက်ရှိ စစ်ခေါင်းဆောင် အာဏာသိမ်းပြီးနောက်မှာ သတင်းသမားများကို ဖမ်းဆီး၊ သတ်ဖြတ်ခံရမှုများရှိနေပြီး သတင်းမီဒီယာအခန်းကဏ္ဍသည် အကျဘက်သို့ ဦးတည်သွားခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က သတင်းလွတ်လပ်ခွင့်ညွှန်းကိန်း ၁၃၉ တွင်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်တွင် ၁၄၀ အထိ ကျဆင်းသွားကာ ၂၀၂၂ ခုနှစ်တွင် ၁၇၆ အဆင့်ထိ ကျဆင်းခဲ့ကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က ထုတ်ပြန်သည်။

ယင်းအပြင် စစ်ကောင်စီက AA ထိန်းချုပ်နယ်မြေများကို လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေသောကြောင့် ရခိုင်ကသတင်းသမားများမှာ လေကြောင်းအန္တရာယ်အပါဝင် မြေမြှုပ်မှိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကိုပါ စိုးရိမ်မှုများ ရှိနေကြသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီက သတင်းသမားများကို လိုက်လံဖမ်းဆီးမှုများနေသည့်အတွက် သတင်းသမားများမှာ ပြည်ပနိုင်ငံနှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်များ ထိန်းချုပ်ရာနေရာများကို ထွက်ပြေးတိမ်းရှောင်နေသူများလည်း ရှိနေသည်။

“ဆက်သွယ်ရေးလိုင်းတွေ အဆင်မပြေတော့ အလုပ်လုပ်ရတာတွေ အဆင်မပြေတော့ဘူး။ ဒီတော့ အလုပ်ကို တွင်တွင်ကျယ်ကျယ်လုပ်ဖို့ စိတ်လိုလက်ရလုပ်ဖို့ အခွင့်အရေးတွေ ဆုံးရှုံးလာတယ်။ ပုံမှန်ဆိုရင် ဖုန်းဆက်သွယ်ပြီး မေးမြန်းလို့ရတဲ့ သတင်းတွေအတွက် အခုအချိန်မှာ ဘတ်ဂျက်အဆင်မပြေတဲ့ကြားက သတင်းမှန်တွေသိရဖို့ ကွင်းဆင်းပြီးလုပ်နေရတယ်” ဟု Development Media Group (DMG) သတင်းဌာန သတင်းထောက် မဆောင်းဇာခြည်က ပြောသည်။

တဖက်တွင်လည်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ဒုတိယအကြိမ် သမ္မတဖြစ်ပြီးနောက်ပိုင်း အမေရိကန်အစိုးရက ထောက်ပံ့ပေးထားသည့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အမေရိကန်အေဂျင်စီအဖွဲ့ (USAID) အပါအဝင် ကမ္ဘာကို ထောက်ပံ့ပေးနေသည့် ဖွံ့ဖြိုးရေးစီမံကိန်းအားလုံး ရပ်နားလိုက်ရသည်။

ယင်းသို့ ရပ်တန့်လိုက်သည့်နောက်ပိုင်း မြန်မာနိုင်ငံအခြေစိုက် သတင်းမီဒီယာများနှင့် ထိုင်းနိုင်ငံမှာ အခြေစိုက်ထားသည့် မြန်မာမီဒီယာများအပေါ်မှာလည်း ကြီးမားသည့်သက်ရောက်မှုများ ရှိလာနေသည်။

ယင်းသက်ရောက်မှုများကြောင့် ရခိုင်က သတင်းသမားများမှာလည်း လစာလျော့ချခြင်း၊ ထောက်ပံ့မှုများ ရပ်တန့်ခြင်းများနှင့် အလုပ်ထွက်လိုက်ရသူများ စသည့် ရိုက်ခတ်မှုများရှိလာနေသည်။

အချို့သတင်းထောက်များမှာ မိသားစုဖိအားကြောင့် သတင်းလုပ်ငန်းကို စွန့်ခွာသွားသူများလည်း အများအပြားရှိနေသည်။

ရခိုင်ပြည်မှ အလွတ်တန်းသတင်းထောက် ကိုစိုးအောင်က “အခုက ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေက ခက်ခဲတယ်။ သတင်းမှန်ရရှိဖို့အရေး တော်တော်လေးခက်ခဲသွားတယ်။ စစ်ကောင်စီက ဗုံးကြဲတဲ့ဖြစ်စဉ်တွေဆိုရင်လည်း အဲဒီနေရာကို ကိုယ်တိုင်သွားပြီးတော့ သတင်းယူရတဲ့ အခြေအနေမှာဆိုရင် လုံခြုံရေးအာမခံချက်က လုံးဝမရှိဘူး။ စွန့်စွန့်စားစားနဲ့ လှုပ်ရှားနေရတဲ့အခြေအနေရှိတယ်” ဟု ပြောသည်။

ယခု ၂၀၂၅ ခုနှစ်အတွက် ထုတ်ပြန်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ညွှန်းကိန်းမှာ မြန်မာနိုင်ငံမှာ နိုင်ငံ ၁၈၀ အထဲက ၁၆၉ အဆင့်မှာရှိနေကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က ထုတ်ပြန်ချက်က ဖော်ပြသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းအပြီး လေးနှစ်တာကာလအတွင်း သတင်းထောက် ၂၁၅ ဦး ဖမ်းဆီးခံရပြီး ၅၄ ဦးမှာ နှစ်ရှည်ထောင်ဒဏ်များနှင့် လက်ရှိအချိန်အထိ ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း အသံအဖွဲ့က ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် အာဏာသိမ်းပြီးနောက် သတင်းထောက် ၁၁ ဦး သေဆုံးခဲ့ရပြီး ဖမ်းဝရမ်း အထုတ်ခံရသူ ၅၆ ဦးရှိနေကြောင်း သိရသည်။

လက်ရှိ ရခိုင်အခြေစိုက်သတင်းဌာနများဖြစ်သည့် Western News၊ Narinjara ၊ Development Media Group သတင်းဌာနများမှာ ထွက်ပြေးတိမ်ရှောင်နေရပြီး Development Media Group သတင်းဌာနမှ သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်ကို စစ်ကောင်စီက ထောင်ဒဏ် (၅) နှစ်စီ ချမှတ်ထားသည်။

အောင်ထိန် (DMG) ပေးပို့သည်။