စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများလူ့အခွင့်အရေးချိုးဖောက်ခံနေရမှု၊ အတင်းအဓမ္မ စစ်မှုထမ်းစာရင်း အသွင်းခံနေရမှုတို့နှင့်ပက်သက်ပြီး ND-Burma ကွန်ရက်၏ စီမံခန့်ခွဲရေးဘုတ်အဖွဲ့ဝင်လည်းဖြစ်ပြီး မွန်ပြည် လူအခွင့်အရေးဖောင်ဒေးရှင်း၏ ပရိုဂရမ်ဒါရိုက်တာဖြစ်သူနိုင်အဲမွန်နှင့် ဆက်သွယ်မေးမြန်းချက်။
စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စစ်မှုထမ်းဥပဒေကို အသက်သွင်းပြဌာန်းခဲ့ပြီးနောက် လူငယ်လူရွယ်များကို တပ်သားသစ်စုဆောင်းပြီး စစ်မှုထမ်းအပတ်စဉ်သင်တန်း ဖွင့်လှစ်လုပ်ဆောင်လာသည်မှာ ၂၀၂၅ ဧပြီလတွင် စစ်မှုထမ်းအပတ်စဉ် ၁၂ အထိ ရှိလာခဲ့ပြီဖြစ်သည်။
ထိုသို့ပြဌာန်းခဲ့သည့် စစ်မှုထမ်းဥပဒေကြောင့် ၂၀၂၄ ဖေဖော်ဝါရီလကနေ ၂၀၂၅ ဖေဖော်ဝါရီလအထိ အတင်း အဓမ္မ ဖမ်းဆီးခံရသူပေါင်း ၂၃၆၀၁ ဦး အထိရှိပြီး ယင်းတို့ထဲတွင် အမျိုးသား ၉၃၉၃ ဦး၊ အမျိုးသမီး ၇၂ ဦး၊ အသက် မပြည့်သေးသူ ၂၇ ဦး၊ ကျား/မ မသေချာသူ ၁၄၁၀၉ ဦး အထိရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် အဖွဲ့ပေါင်း ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် တိုင်းရင်းသားလူမျိုးစုများ၊ အမျိုးသမီးများနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများကိုယ်စားပြုပါဝင်သည့် လူအခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) ၏ ဧပြီ ၂၇ ရက်နေ့ ထုတ်ပြန်ချက်တွင် စစ်ကောင်စီအနေဖြင့် အမျိုးသမီးများကို စစ်မှုထမ်းရန်အကျုံးမဝင်သေးဘူးဟု ထုတ်ဖော်ပြောကြားခဲ့သော်လည်း လက်ရှိအခြေအနေတွင် အတင်းအဓမ္မစစ်မှုထမ်းစာရင်းသွင်းခြင်းတို့ကို ပြုလုပ်လာသည်ဟု ဆိုသည်။
စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှု၊ အတင်းအဓမ္မ စစ်မှုထမ်းစာရင်း အသွင်းခံရမှုတို့နှင့် ပက်သက်ပြီး ND-Burma ကွန်ရက်၏ စီမံခန့်ခွဲရေးဘုတ်အဖွဲ့ဝင်လည်းဖြစ်ပြီး ၊ မွန်ပြည် လူအခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ်ဒါရိုက်တာဖြစ်သူနိုင်အဲမွန် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ ။ ပထမဦးဆုံး တာဝန်ယူထားတဲ့အပိုင်းလေး မိတ်ဆက်ပေးပါဦး။
ဖြေ။ ။ ကျွန်တော်က မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှာ Program Director တစ်ယောက်အနေနဲ့ အဖွဲ့အစည်းမှာ လက်ရှိတာဝန်ယူနေတယ်။ လူအခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) စီမံခန့်ခွဲရေးဘုတ်အဖွဲ့ဝင် တစ်ယောက်လည်းဖြစ်တယ်။ ရံဖန်ရံခါထုတ်လေ့ရှိတဲ့ အစီရင်ခံစာတွေမှာ ပြောရေးဆိုခွင့်ရှိသူအနေနဲ့ တာဝန်ထမ်းဆောင်တယ်။ တချိန်တည်းမှာဘဲ ဒီကွန်ရက်နဲ့ပက်သက်တဲ့ လူ့အခွင့်အရေးပညာပေးရေးတို့ မှတ်တမ်းတင်ရေးတို့မှာ ကျွန်တော်တို့က စီမံခန့်ခွဲရေးတွေလုပ်ပေးတာရှိပါတယ်။
မေး။ ။ စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေက လက်ရှိမှာ အမျိုးသမီးတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိနေလဲ။
ဖြေ။ ။ ဘယ်လို သက်ရောက်မှုတွေရှိလဲဆိုတော့ ထိုင်းနယ်စပ်တို့ ERO နယ်မြေတွေမှာပါ အမျိုးသမီး လူငယ်တွေ ထွက်ပြေးတိမ်းရှောင်တာတွေ ဖြစ်လာတယ်။ နောက်တခုက အိမ်ကနေမထွက်ချင်ဘဲနဲ့ တနေရာရာကို တရားမဝင်အလုပ်သမားဘဝနဲ့ ထိုင်းနဲ့မလေးရှားလိုနိုင်ငံတွေမှာ အတင်းအဓမ္မတွန်းပို့ခံရသလို ဖြစ်လာတယ်။ တချိန်တည်းမှာပဲ သွားရေးလာရေးနဲ့ပက်သက်ပြီး အမျိုးသမီးလူငယ်တွေအတွက် မလုံခြုံမှုတွေ ဖြစ်လာတယ်။ စစ်ဆေးရေးဂိတ်တွေမှာ ရှောင်တခင်ဖမ်းဆီးမှုတွေ ငွေညစ်တဲ့ကိစ္စတွေနဲ့ မဖွယ်မရာစစ်ဆေးတဲ့ ကိစ္စတွေဖြစ်လာတယ်။
မေး။ ။ စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေနဲ့ အမျိုးသမီးတွေကို ဘယ်အချိန်လောက်ကတည်းက ပစ်မှတ်ထားလာတာလဲ။ ဘယ်လိုပုံစံမျိုးတွေနဲ့ လုပ်ဆောင်တာကို တွေ့ရလဲဗျ။
ဖြေ။ ။ ဘယ်အချိန်လောက်ကနေ စာရင်းသွင်းလာတာလဲဆိုတော့ သူတို့ဘက်ကလုပ်တဲ့စစ်မှုထမ်းကိစ္စက အခုဆိုရင် အပတ်စဉ် ၁၂ လောက်ရှိပြီ တစ်နိုင်ငံလုံးက။ အပတ်စဉ် ၉, ၁၀ လောက်ကနေပြီးတော့ အမျိုးသမီးတွေ ကို ပစ်မှတ်ထားလာတာတွေရှိတယ်။ ဥပမာဆိုလို့ရှိရင် အိမ်ထောင်စုစာရင်းတွေကို တောင်းကြည့်ပြီး စစ်ဆေးတာ တို့ အမျိုးသားတွေအပါအဝင် အိမ်ထောင်စုမှာရှိတဲ့ အမျိုးသမီးလေးတွေကိုလည်း အဓမ္မစာရင်းသွင်းတဲ့ကိစ္စတွေ ဖြစ်လာတယ်။ သူတို့ဗျူဟာက ရိုးရှင်းပါတယ်။ အတင်းအဓမ္မ ဖိအားပေးတာကိုပဲ ကျင့်သုံးတာတွေ့ရတယ်။ အဓိကတော့ အမျိုးသားလူငယ်တွေကို ပစ်မှတ်ထားနေရင်းကနေပြီးတော့ အသက် ၁၈ နှစ်ကနေ ၂၇နှစ်ကြားမှာ ရှိနေတဲ့ အမျိုးသမီးလူငယ်တွေကို ပစ်မှတ်ထားလာတယ်။
အဓိကတော့ ဖမ်းတာဆီးတာတွေ မဟုတ်သေးဘူး။ အိမ်ထောင်စုမှာ အမျိုးသမီးလူငယ်ရှိတယ်ဆိုရင် သူ့တို့ မိဘတွေကို စစ်မှုမထမ်းစေချင်လို့ရှိရင် ကျွန်တော်တို့တောင်းတဲ့ငွေပေးပါဆိုပြီး ငွေညစ်တာပေါ့။ အဲလိုဖြစ်နေ တာက အပတ်စဉ် ၉, ၁၀, ၁၁ တောက်လျှောက်ဖြစ်ခဲ့တာ။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်ခရိုင်တို့မှာ တောက်လျှောက်ဖြစ်ခဲ့တာ။ ဗျူဟာကတော့ ရိုးရှင်းတယ်၊ ဖိအားပေးတယ်၊ ငွေညစ်တယ်။ အဲဒီလုပ်တဲ့သူတွေကလည်း ထွေအုပ်တွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကတဆင့် သူတို့ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မြို့ရွာတွေမှာလှည့်ပြီး စာရင်း လိုက်ကောက်ပြီး လူစားငှားမယ်ဆိုပြီး ငွေညစ်တာတွေကို တဆင့်ခြင်းလုပ်နေတဲ့ထဲမှာ အမျိုးသမီးလူငယ်တွေ ပါဝင်လာတာတွေ့ရတာဖြစ်တယ်။
မေး။ ။ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး အမျိုးသမီးတွေအပေါ် ဘယ်လိုပြောထားတာရှိပါလဲ။ သူတို့အနေနဲ့ရော မြေပြင်မှာလုပ်ဆောင်နေတာတွေက ဘယ်လိုကွာခြားမှုတွေရှိပါလဲ။
ဖြေ။ ။ စစ်မှုမထမ်းမနေရဥပဒေထဲမှာ အမျိုးသမီးတွေအတွက် ပါဝင်တာရှိတယ်။ ဥပမာ – တိုင်းပြည်လုံခြုံရေး အတွက် အမျိုးသမီးလူငယ်တွေရဲ့ စွမ်းဆောင်ရည်တွေကို ထည့်သွင်းအသုံးပြုသွားမယ်ဆိုတာတွေပါတယ်။ အမျိုးသားတွေနဲ့ကတော့ မတူဘူးပေါ့။ အမျိုးသမီးတွေကတော့ အသက် ၁၈ နှစ်ကနေ ၂၇နှစ်ကြားထဲမှာရှိတဲ့ သန်မာကျန်းမာရေးကောင်းတဲ့ အမျိုးသမီးတွေကို နိုင်ငံတော်ကာကွယ်ရေးအစီအစဉ်တွေထဲမှာ ထည့်သွင်း အသုံးပြုသွားမယ်လို့ အတိအလင်း သူတို့ပြဌာန်းထားတာရှိတယ်။ အဲဒါတွေကို စွဲကိုင်ပြီးတော့ လူငယ်တွေကို စာရင်းလိုက်ကောက်နေတာရှိတယ်။ ဥပမာ- ပြီးခဲ့တဲ့သုံးလေးလလောက်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ အမျိုးသမီးတွေကိုဖမ်းဆီးပြီးတော့ နီးစပ်ရာတပ်စခန်းပို့ပြီး အတင်းစစ်သင်တန်းပေးတာတွေရှိလာတယ်။
မေး။ ။ လက်ရှိမှာရော ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေ ဘယ်လောက်ထိရှိနေပါလဲ။ သူတို့ရဲ့လုံခြုံရေး အခြေအနေတွေရော ဘယ်လိုရှိပါလဲ။
ဖြေ။ ။ အမျိုးသမီး ဖမ်းဆီးခံရတဲ့အခြေအနေက နည်းတယ်ဆိုပေမယ့်လို့ စပြီးဖြစ်လာတဲ့အနေအထားတော့ ရှိလာပြီ။ ခုန ကျွန်တော်ပြောတဲ့ cases တွေကတော့ ကြိုကြားကြိုကြားဖြစ်တဲ့ဟာတွေ တစ်နိုင်ငံလုံး အတိုင်းအတာအရဆိုရင် ကျွန်တော်ခန့်မှန်းတာ လူဦးရေတစ်ထောင်ကျော်တော့ဖြစ်သွားပြီ။ သို့ပေမယ့် ရှေ့တန်းထွက်ပြီး စစ်မှုထမ်းရတဲ့အခြေအနေတော့ မတွေ့ရသေးဘူး။ ဘယ်လိုမျိုးတွေ့ရလဲဆိုတော့ အနောက်တန်းယန္တရားတွေ တပ်နဲ့ပတ်သက်တဲ့စီမံခန့်ခွဲရေးယန္တရားတွေမှာ အသုံးပြုနိုင်ချေရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တော့ရှိတယ်။ အတွင်းကလာတဲ့ သတင်းပေးသူတွေပြောတာကတော့ နောက်တန်းကထောက်ပို့တွေ၊ ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေ၊ ရိက္ခာတွေနဲ့ပတ်သက်တဲ့ ထိန်းသိမ်းစီမံရေးတွေမှာ အမျိုးသမီးတွေကို သုံးလာတာတွေ့ရတယ်။ ဒါဟာလည်းပဲ စစ်ယန္တရားလည်ပတ်ဖို့အတွက် မတရားအသုံးပြုခံထားရတာဖြစ်တဲ့ အတွက် ကျွန်တော်တို့အနေနဲ့ ပြောနေရခြင်းဖြစ်တယ်။ ဒီထက်ပိုပြီး ဖြစ်လာနိုင်ချေရှိတာက တပ်ထဲမှာဆိုလို့ရှိရင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တဲ့ကိစ္စတွေ၊ ခြိမ်းခြောက်တာတွေ၊ မိဘတွေအပေါ်မှာလည်း ကိုယ့်ရဲ့သားသမီးတွေကို အကြောင်းပြုပြီးတော့ ငွေညစ်တာတွေများလာတယ်။ ဒီထက်ပိုဆိုးပြီး ကိုယ့်ရဲ့နေရပ်မှာမနေနိုင်တော့ဘဲ တခြား နေရာကိုသွားရင်းနဲ့ ကြားမှာလူကုန်ကူးခံရမယ့်ကိစ္စတွေ ဖြစ်လာတာတွေရှိတယ်။ ချိုးဖောက်မှုတခုကို အကြောင်းရင်းပြုပြီးတော့ ဆင့်ကဲဆင့်ကဲဖြစ်လာနိုင်တဲ့ ချိုးဖောက်မှုတွေကို လက်လှမ်းမှီသလောက် စုစည်းပြီးမှ တင်ပြထားတာဖြစ်တယ်။
မေး။ ။ ND-Burma ရဲ့ ထုတ်ပြန်ချက်ထဲမှာဆိုရင် အမျိုးသမီးတွေကို အတင်းအဓမ္မ စစ်မှုထမ်းစေခြင်းကြောင့် လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပြင် လူကုန်ကူးမှုကိုပါ ဖြစ်စေနိုင်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ အဲဒီအခြေနေကို ပြောပေးပါဦး။
ဖြေ။ ။ ကျွန်တော်တို့တွေ့ရှိရသလောက်ဆိုရင် မတရားစစ်မှုထမ်းဥပဒေထွက်ပြီးနောက် လူငယ်တွေတော်တော် များများ နိုင်ငံခြားထွက်ကြတယ်။ အများစုက ပညာရေးအရသော်လည်းကောင်း စီးပွားရေးအရသော် လည်းကောင်း တရားဝင်အနေနဲ့မထွက်နိုင်ကြဘူး။ ကိုယ့်ဒေသမှာဆိုရင်လည်း စစ်အုပ်စုက စစ်မှုထမ်းဥပဒေ ကနေ ရှောင်ကွင်းလို့ရနိုင်မယ့်အနေအထားဆိုလို့ ကိုယ်နိုင်ငံကနေ မထွက်ချင်ဘဲနဲ့ တနေရာကိုသွားရမယ့်ကိစ္စက ရွေးချယ်စရာဖြစ်လာတယ်။ ဒီချိုးဖောက်မှုကနေတဆင့် အောက်လမ်းကနေ နိုင်ငံခြားထွက်တဲ့အချိန် ပွဲစားတွေ ကတဆင့် လူကုန်ကူးမှုတွေ အမှု ၂၀၊ ၃၀ လောက်ဖြစ်လာတယ်။ ကျွန်တော်တို့ စုထားတဲ့ဒေတာတွေအရ ဒီထက် ပိုပြီး ဖြစ်လာနိုင်ချေရှိတာက တပ်ထဲမှာဆိုလို့ရှိရင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တဲ့ကိစ္စတွေ၊ ခြိမ်းခြောက်တာတွေ၊ မိဘတွေအပေါ်မှာလည်း ကိုယ့်ရဲ့သားသမီးတွေကိုအကြောင်းပြုပြီးတော့ ငွေညစ်တာတွေများလာတယ်။ လိင်ပိုင်း ဆိုင်ရာ ချိုးဖောက်ခံရမှုတွေကို ကျွန်တော်တို့ပြောရတယ်။
ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိ စစ်အုပ်စုတွေချမှတ်ထားတဲ့ လုံခြုံရေးဂိတ်တချို့တွေမှာ အမျိုးသမီး ဝန်ထမ်းတွေမရှိဘဲနဲ့ အမျိုးသမီးငယ်လေး တွေကို လုံခြုံရေးအရစစ်ဆေးမေးမြန်းတဲ့အခါ တပ်သားတွေကနေ မဖွယ်မရာပြုကျင့်တာတွေရှိတယ်။ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာတွေ ရှိလာတယ်။ အဲဒီကတဆင့် ဖမ်းဆီးခံရတာတွေပါပြန်ရှိလာတယ်။ ဒီထက်ပိုဆိုးပြီး ကိုယ့်ရဲ့နေရပ်မှာမနေနိုင်တော့ဘဲ တခြားနေရာကို သွားရင်းနဲ့ ကြားမှာလူကုန်ကူးခံရမယ့်ကိစ္စတွေ ဖြစ်လာတာတွေရှိတယ်။ ချိုးဖောက်မှုတစ်ခုကို အကြောင်းရင်း ပြုပြီးတော့ ဆင့်ကဲဆင့်ကဲဖြစ်လာနိုင်တဲ့ ချိုးဖောက်မှုတွေကို လက်လှမ်းမှီသလောက်စုစည်းပြီးမှ တင်ပြထားတာ ဖြစ်တယ်။ ဒီချိုးဖောက်မှုတွေဟာ လူငယ်အမျိုးသား၊အမျိုးသမီးတွေအပေါ် ဖြစ်လာတာတွေ့ရှိရတယ်။ ဒါတွေဟာ သူဟာသူဖြစ်လာတဲ့ ချိုးဖောက်မှု တွေမဟုတ်ဘူး။ စစ်အုပ်စုကနေပြီးတော့ တမင်သက်သက်ရည်ရွယ်ချက်ရှိရှိနဲ့ ပြဌာန်းထားတဲ့ ဒီစစ်မှုထမ်း မနေရဆိုတာနဲ့ လူငယ်တွေကို သတ်ကွင်းပို့တဲ့အစီအစဉ်တွေကြောင့်သာ ဖြစ်လာတာ ဖြစ်တယ်။
မေး။ ။ အခုလို စစ်ကောင်စီဘက်က လူငယ်အမျိုးသမီးတွေအပေါ် အတင်းအဓမ္မ စစ်မှုထမ်းစေတာက လူအခွင့်အရေးအနေနဲ့ရော နိုင်ငံတကာဥပဒေအနေနဲ့ရော ဘယ်လိုချိုးဖောက်မှုတွေ ပြုလုပ်နေတာလို့ ပြောလို့ရပါလဲ။ ဒါ့အပြင် ဘယ်လိုအရေးယူမှုတွေ လုပ်လို့ရနိုင်ပါလဲ။
ဖြေ။ ။ တကယ်တမ်းစစ်မှုထမ်းဥပဒေဆိုတာက နိုင်ငံတကာမှာရှိပါတယ်။ ဒါပေမယ့် သူတို့ပြဌာန်းဥပဒေရဲ့ တကယ့်ရည်ရွယ်ချက်အရင်းအခံက ကောင်းတယ်ဗျ။ ဥပမာဆိုလို့ရှိရင် ကိုယ့်နိုင်ငံကိုကာကွယ်တာ၊ လူငယ်တွေ ကို ထိန်းကျောင်းပြုပြင်တာဆိုတဲ့ ကောင်းတဲ့ရည်ရွယ်ချက်တွေရှိတယ်။ သို့သော် စစ်အုပ်စုပြဌာန်းလိုက်တဲ့ကိစ္စက တိုင်းပြည်ရဲ့တည်ငြိမ်နေတဲ့ကာလတခုအတွင်းမှာ မတရားအာဏာသိမ်းလိုက်တယ်။ အဲအာဏာကို ဆုပ်ကိုင်နိုင်ဖို့၊ ကာကွယ်နိုင်ဖို့၊ တည်မြဲနိုင်ဖို့အတွက် ကိုယ့်ရဲ့ပြည်သူကိုသတ်နေတယ်။ လေယာဉ်တွေဗုံးတွေနဲ့ အမြောက်တွေနဲ့ တိုက်ပွဲတွေတခုပြီးတခု ဖော်ဆောင်နေပြီး နေ့တိုင်းသတ်နေတယ်။ သတ်နေတဲ့အထဲမှာ ကိုယ့်နဲ့ကိုယ်ရန်သူရဲ့ ကြားမှာ ဒီကလေးတွေကိုအသုံးပြုနေတယ်လို့ ကျွန်တော်တို့ကယူဆတယ်။ ဒါဟာ ဆန္ဒသဘောထားမရှိဘဲနဲ့ စစ်ယန္တရားတွေကို အတင်းသွပ်သွင်းခံရတာဖြစ်တဲ့အတွက် forced labour မြောက်တယ်။
ဒီထက်ပိုပြီး ပြောရမယ်ဆိုလို့ရှိရင် လူငယ်တွေကိုသတ်ကွင်းထဲကို အစီအစဉ်တကျ ပို့နေတယ်ဆိုတဲ့အရာဖြစ်တဲ့ အတွက် ဒါဟာစစ်ရာဇဝတ်မှုဖြစ်တယ်။ နိုင်ငံတကာမှာလည်း ကျွန်တော်တို့ ဒီလိုပဲအဓိပ္ပာယ်ဖွင့်တယ်။ ဘာလို့လဲ ဆိုတော့ ရည်ရွယ်ချက်ကိုက မတရားအာဏာသိမ်းထားတယ်၊ အဲဒီအာဏာသိမ်းတာကို လူထုကတော်လှန် ကြတယ်။ အဲဒီတော်လှန်တဲ့အခါမှာ ကိုယ့်ရဲ့အာဏာတည်မြဲဖို့အတွက် လူငယ်တွေကိုချနှင်းပြီးတော့ ကိုယ့်ကိုယ့် ကိုယ်ကာကွယ်နေတာကြတော့ တဖက်ကပြန်ကြည့်လို့ရှိရင် ဒါဟာလူသားဒိုင်းအနေနဲ့ သုံးနေတဲ့ကိစ္စဖြစ်တယ်။ နိုင်ငံတကာဥပဒေအရကြည့်လို့ရှိရင် သိပ်ကြီးလေးသွားတယ်။ တနေ့စစ်အုပ်စုအနေနဲ့ တာဝန်ယူမှုတာဝန်ခံမှု ရှိစွာနဲ့ ဒီဟာတွေကိုရင်ဆိုင်ရမှာဖြစ်တယ်။ တဖက်ကတရားမျှတမှုအတွက် သွားနေတဲ့အဖွဲ့အစည်းတွေဟာ ဆိုရင်လည်း ဒီအရာတွေဒီဖြစ်ရပ်တွေကို မှတ်တမ်းပြုပြီးတော့ တချိန်နိုင်ငံရေးကာလတခုမှာ လူငယ်တွေရဲ့ တရားမျှတတွေကို ကိုင်တွယ်ဆောင်ရွက်ရမှာဖြစ်တယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ မေးချင်တာကတော့ ဒီလိုအခြေအနေကနေ လွတ်မြောက်နိုင်ဖို့ အမျိုးသမီးတွေအနေနဲ့ မိမိကိုယ်တိုင်အနေနဲ့ရော အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ရော ဘယ်လိုလုပ်ဆောင်သင့်တယ်လို့မြင်ပါလဲ။
ဖြေ။ ။ အမျိုးသမီးလူငယ်တွေကိုယ်တိုင်က လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ချိုးဖောက်မှု အခြေအနေတွေကို သိရှိနေရမှာဖြစ်တယ်။ သိရှိဖို့အတွက်လည်း ခုလိုမျိုးသတင်းတွေ CSO, CBO,NGO တွေက ထုတ်တဲ့သတင်းတွေကို မျက်ခြေမပြတ်စောင့်ကြည့်လေ့လာဖို့လိုတယ်။ တချိန်တည်းမှာပဲ ကိုယ်နဲ့အနီးစပ်ဆုံး မှာရှိတဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး မြှင့်တင်ရေးဆိုင်ရာ ကွန်ရက်တွေသော်လည်းကောင်း အဲအတွက်လုပ်နေတဲ့ တက်ကြွအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေသော်လည်းကောင်း သိုသိုသိပ်သိပ်နဲ့ ဆက်သွယ် ဆောင်ရွက်သင့်တယ်။ ဒါမှလည်း တစ်ခုခုဖြစ်လို့ရှိရင် တစ်ယောက်ယောက်က ထုတ်ဖော်ပြောဆိုနိုင်အောင်ဆိုတဲ့ အခြေအနေမျိုး ဖန်တီးနိုင်မှာဖြစ်တယ်။
နောက်တခုက conflict ဖြစ်တဲ့နေရာတွေရှောင်ပြီး စစ်အုပ်စုကြီးစိုးတဲ့ နေရာတွေကနေ လူငယ်တွေထွက်ခွာပြီး သတင်းတွေကို မျက်ခြေမပြတ်စောင့်ကြည့်ဖို့လိုပါတယ်။ ဒါ့အပြင် CSO၊ CBO တွေကလည်း မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို နိုင်ငံတကာကပေါ်လစီနဲ့ ဆုံးဖြတ်ချက်နိုင်တဲ့ အမြင့်ဆုံးနေရာကလူတွေအထိ သိရှိနေအောင် Avocade အဆက်မပြတ် လုပ်နေဖို့လိုပါတယ်။ နောက်တခု ကတော့ ERO တွေကလည်း အခြေအနေအကြောင်းအမျိုးမျိုးကြောင့် တိမ်းရှောင်လာတဲ့လူငယ်တွေကို လူအခွင့်အရေး စံချိန်စံနှုန်းနဲ့အညီ လက်ခံပေးဖို့ ကြည့်ရှုစောင့်မထားဖို့လိုပါတယ်။
မေး။ ။ ဖြည့်စွက်ပြီးမှ ပြောချင်တာများရှိရင် ပြောပေးပါအုံး။
ဖြေ။ ။ စစ်ကောင်စီက လူငယ်တွေကိုအသုံးပြုပြီး လူသားဒိုင်းလုပ်နေတဲ့ကိစ္စတစ်ခုဖြစ်တယ်။ ဒီအရာတွေကို ရပ်တန့်နိုင်ဖို့ ကျွန်တော်တို့က နေ့တိုင်းထုတ်ဖော်ပြောဆိုနေမှာပဲ။ များများပြောလေ ဒီကိစ္စက ပိုပြီးလူသိများလေ ဖြစ်မှာပေါ့။ ရပ်တန့်လောက်တဲ့အထိ ကျွန်တော်တို့မတတ်နိုင်ပေမယ့် ဒီအပေါ်မှာအာရုံစိုက်နိုင်အောင်တော့ ကျွန်တော်တို့ပြောရမယ်။ မဟုတ်လို့ရှိရင် လူငယ်တွေတော်တော်များများက အကုန်ပြုန်းတီးကုန်မယ်။
ထွက်ပေါက်မရှိထွက်လမ်းမရှိတဲ့ဒေသက လူငယ်တွေကအရမ်းများနေပြီ။ ဒီကြားထဲမှာ သဘာဝဘေးအန္တရာယ်တွေ ငလျင်တွေကြောင့် ပြန်လည်ထူထောင်ရေးမလုပ်နိုင်ဘူး။ လူငယ်တွေဘဝ ဆုံးဆုံးမြုပ်လာတဲ့ဘဝတွေ ဖြစ်လာတယ်။ စစ်အုပ်စုကလည်း လူငယ်တွေကိုအသုံးပြုတဲ့ကိစ္စ လုံးဝမလျှော့ဘူးဆိုတော့ ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာအကူအညီတွေနဲ့ အခုလိုမျိုးဖြစ်နေတဲ့ကိစ္စတွေကို ပေါ်ပေါ်ထင်ထင် ပိုပြီးတော့ပြောဆိုရမယ့် အနေအထားတော့ ဖြစ်လာတယ်။
KNG ပေးပို့သည်။