စစ်ဘေးသင့်ဒေသက ကျောင်းသားများ ရက်ပေါင်း ၅၀ ကြာ လေ့ကျင့်သင်ကြားမည့်အစီအစဉ်ကို မသိရသေးဟုဆို

By MPM 29 ဧပြီ, 2025 👁

ငလျင်ဘေးဒဏ်နှင့် စစ်ဘေးသင့်ဒေသက တက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုကြရမည့် ကျောင်းသားများအတွက် ရက်ပေါင်း ၅၀ ကြာ လေ့ကျင့်သင်ကြားရေးစခန်းဖွင့်လှစ်မည်ဟု စစ်ကောင်စီ၏ ကြေညာချက်အရ သက်ဆိုင်ရာ ပညာရေးဌာနတို့က မည်သို့စီစဉ်ပေးထားသည်ကို တိတိကျကျမသိရသေးကြောင်း ကျောင်းသား/ကျောင်းသူများနှင့် မိဘများက ပြောဆိုသည်။

စုံစမ်းမေးမြန်းများအရ အဆိုပါဒေသရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခဲ့သူတချို့သည် လုပ်ငန်းခွင်ထဲသို့ ဝင်ရောက်သွားကြတာကြောင့် စာမေးပွဲပြန်လည်ဖြေဆိုရန် မဖြစ်နိုင်ကြောင်း ၎င်းတို့က ပြောဆိုကြသည်။

စစ်ဘေးရှောင် ကျောင်းသားမိဘတစ်ဦးက “အခက်အခဲကြားထဲက ဖြေခိုင်းထားခဲ့ရတာကို နောက်ထပ်တခါ ထပ်ဖြေရမယ်ဆိုတော့ ကလေးတွေက အခုဆိုရင် စာကျက်တဲ့နေရာလည်း မရှိဘူး။ သူတို့ခရီးထွက်ပြီးတော့မှ ပိုက်ဆံတွေ ဘာတွေရှာရတာပေါ့ကွာနော့်၊ အဲ့လိုမျိုးတွေရှာရတော့ စာနဲ့အလှမ်းဝေးသွားတော့ ပြန်ဖြေရမယ်ဆို အခက်အခဲတွေ အများကြီးကြုံနိုင်တယ်ဗျာ့” ဟု ပြောသည်။

ပညာရေးဝန်ကြီးဌာန ခေတ္တညွှန်ကြားရေးမှူးက တက္ကသိုလ်ဝင်တန်းအဖြေလွှာများ မီးလောင်ပျက်စီးမှုကြောင့် စာမေးပွဲ ထပ်မံဖြေဆိုမည့် ကျောင်းသားကျောင်းသူများအတွက် လေ့ကျင့်သင်ကြားရေးစခန်းဖွင့်လှစ်ပြီး ရက်ပေါင်း ၅၀ ကြာ လေ့ကျင့်သင်ကြားရေး ပြုလုပ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားသည်။

ထို့အတွက် ဧပြီ ၂၈ ရက်နေ့မှ စတင်ပြီး လေ့ကျင့်ရေးစခန်းတို့ကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းသားများ၏ နေထိုင်စားသောက်ရေးကိုလည်း တာဝန်ယူသွားမည်ဖြစ်သည်ဟုလည်း ပညာရေးဝန်ကြီးဌာနက ပြောဆိုသည်။

ယင်းအပြင် လေ့ကျင့်သင်ကြားရေးစခန်း (Camp) များတွင် Revision Class (စာပြန်နွေးတဲ့အတန်း) ပုံစံ အနီးကပ်သင်ကြားပေးသွားမည်ဖြစ်ပြီး တက္ကသိုလ်က ပါမောက္ခများနှင့်ဆရာမများက သင်ကြားပေးသွားမည်ဟု သိရသည်။

သို့သော် စာမေးပွဲပြန်လည်ဖြေဆိုရန် စီစဉ်ထားမှုနှင့်ပတ်သက်ပြီး တိတိကျကျ အသိပေးအကြောင်းကြားမှု မရှိသေးသလို ကျောင်းသားကျောင်းသူများနှင့် မိဘများက ပြန်လည်ဖြေဆိုရန်အတွက် အခက်အခဲစိန်ခေါ်မှုများ ရှိနေကြောင်း ထုတ်ဖော်ပြောဆိုထားကြသည်။

လေ့ကျင့်ရေးစခန်းများအတွက် စစ်ကောင်စီဘက်က ပြင်ဆင်ထားမှုရှိနေသည်ဆိုသော်လည်း နယ်မြို့အများစုတွင် ယခုလိုပြင်ဆင်ထားမှုတို့ကို မတွေ့ရသေးကြောင်း ဒေသခံကျောင်းသားကျောင်းသူများနှင် မိဘများကပြောသည်။

ကချင်ပြည်နယ်ထဲက မြို့နယ်တချို့၌ လက်ရှိတွင် လေ့ကျင့်သင်ကြားနိုင်ရေးအတွက် ပြင်ဆင်မှု ရှိနေပြီဟုလည်း ဒေသခံတို့ဆီက သိရှိရသည်။

ကချင်ပြည်၊ မိုးညှင်းဒေသခံတစ်ဦးက “အခုတော့ ဘော်ဒါဆောင်တချို့က ကျောင်းသားလေးတွေကိုလက်ခံနေပြီ။ ကျောင်းသားလေးတွေ လာကြတာတွေရှိတယ်။ စုံအောင်တော့ မဟုတ်ဘူးပေါ့၊ လာတဲ့သူတွေလည်းလာတယ်။ မလာတဲ့သူတွေလည်း မလာဘူး။ ဆယ်တန်းအတွက်ကတော့ အမှတ် ၁ ကျောင်းဝင်းထဲမှာတော့ လုံခြုံရေးတွေချထားတာ တွေ့တယ်” ဟု ပြောသည်။

စာမေးပွဲပြန်လည်ဖြေဆိုရန်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကတ်ပြားများကို လာမည့် ဇွန်လ ၁၆ ရက်နေ့ကနေ စတင်ထုတ်ယူလို့ရမည်ဟု စစ်ကောင်စီက ကြေညာထားသည်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးတက္ကသိုလ် အဆောက်အုံပြိုကျ မီးလောင်ခဲ့တာကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့မှ တက္ကသိုလ်ဝင်တန်း (Grade 12) ဖြေဆိုထားသည့် ကျောင်းသား ၆၂,၉၅၄ ဦး၏ အဖြေလွှာများ မီးလောင်ပျက်စီးခဲ့ရသည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ယင်းသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ ကချင်ပြည်နှင့် မန္တလေးတိုင်းမှ ကျောင်းသားကျောင်းသူ ၆ သောင်းကျော်သည် စာမေးပွဲကို ထပ်မံ၍ ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ဧပြီလ ၂၂ ရက်နေ့က ကြေညာထားသည်။

ရှမ်းနီအသံ ပေးပို့သည်။