စစ်မှုထမ်းဥပဒေပြဌာန်းအကောင်အထည်ဖော်မှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ လူငယ်အများစု တိမ်းရှောင်ရွေ့ပြောင်းမှု ဖြစ်ပေါ်စေခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဧပြီလ ၂၈ ရက်နေ့တွင် အစီရင်ခံစာ တစ်စောင်ထုတ်ပြန် ပြောဆိုခဲ့သည်။
“မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အတင်းအဓမ္မစစ်မှုထမ်းစေခြင်း၏ ပကတိသရုပ်မှန်” ဟု ခေါင်းစဉ်တပ်ထားသည့် ထိုအစီရင်ခံစာကို NUG အစိုးရအဖွဲ့လက်အောက်ရှိ လူ့အခွင့်အရေးဝန်ကြီးဌာနက ပြုစုထုတ်ပြန်ခြင်းဖြစ်သည်။
စစ်မှုထမ်းဥပဒေကြောင့် ထောင်သောင်းချီသည့် လူငယ်များသည် အိမ်နီးချင်းနိုင်ငံများဆီကို ထွက်ပြေးတိမ်းရှောင်ရပြီး ထိုင်းနိုင်ငံတွင် အဓိကတိမ်းရှောင်ကြခြင်းဖြစ်သည်ဟု အစီရင်ခံစာကဆိုသည်။
နိုင်ငံတကာအနေနှင့်လည်း ထိုသို့ထွက်ပြေးတိမ်းရှောင်လာသူတို့ကို လူသားချင်းစာနာသော မူဝါဒအခြေခံပြီး စောင့်ရှောက်မှုပေးအပ်ရန်လည်း ထိုအစီရင်ခံစာတွင် တိုက်တွန်းထားသည်။
စစ်ကိုင်းမြို့နယ်ထဲက PDF စိုးမိုးထားသည့်ကျေးရွာက ဒေသခံတစ်ဦးက “စစ်ကိုင်းတစ်တိုင်းလုံးမှာက သူတို့ (စစ်ကောင်စီ) ခေါ်နိုင်တဲ့သူတွေ နည်းတယ်။ သူတို့က မြို့ပေါ်တွေပဲ ထိန်းချုပ်ထားတာ။ ဒီနယ်ဘက်ဆိုရင်တော့ ပီဒီအက်တွေပဲ စိုးမိုးတာ။ စစ်သားကောက်တာတွေတော့ မြို့ပေါ်ကိုမသွားရဲဘူး ငါ့ကောင်ရေ။ ငလျင်မလှုပ်ခင်ကဆိုရင် သူတို့ပတ်ကင်းနဲ့တိုးမှာကိုပဲ စိုးရတာ။ သူတို့ကဖမ်းသွားရင် ပြန်ရွေးမရဘူး၊ ရရင်တောင် သိန်းနှစ်ရာ သုံးရာ အဲ့လိုကြီးတွေ” ဟု ပြောသည်။
စစ်ကောင်စီက စစ်မှုထမ်းရန်အတွက် လူငယ်များကို အများဆုံးဖမ်းဆီးပြီး ကျေးရွာများမှ ဒေသခံ ၁၀ ဦးထက်မနည်း မြို့ပေါ်သို့ အလုပ်ကိစ္စဖြင့်သွားချိန် စစ်မှုထမ်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီး တချို့ကို ငွေကြေးအမြောက်အများဖြင့် ပြန်လည်ရွေးခဲ့ရသည်ဟု ဆိုသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းပြီး တစ်နှစ်အတွင်းမှာပင် စစ်မှုထမ်းခေါ်ယူသည့် ဖြစ်စဉ်ပေါင်း ၈၈၆ မှု ရှိခဲ့သည့်အထဲ အတင်းအဓမ္မ ဖိအားပေးခေါ်ယူမှု ၅၆၀ မှု ရှိခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီ စစ်မှုထမ်းအပတ်စဉ် ၁၂ အထိ ဖွင့်လှစ်သင်ကြားနေပြီး သင်တန်းတစ်ပတ်စဉ်လျှင် လူဦးရေ ငါးထောင်ပါဝင်ကြောင်း သိရှိရသည်။
စစ်ကောင်စီက “စစ်မှုထမ်းဥပဒေ” ကို စစ်သည်အင်အားလျော့နည်းလာမှုနှင့် လက်နက်ချမှုကို အစားထိုးရန်အတွက် ယင်းဥပဒေကို ဗျူဟာတရပ်အနေနှင့်အသုံးပြုနေသည်ဟု NUG က ဆိုသည်။
ယခုလို အတင်းအကြပ်စစ်မှုထမ်းစေခိုင်းနေခြင်းက အဓမ္မလုပ်အားခိုင်းစေခြင်းနှင့် လူကုန်ကူးမှုကို ကျူးလွန်မှုမြောက်ကြောင်းတွေ့ရပြီး လူငယ်များကို စစ်ရေးဗျူဟာအတွက် အသုံးပြုနေခြင်းက လူသားမျိုးနွယ်များအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်သည်ဟု NUG က ပြောဆိုထားသည်။
ရှမ်းနီအသံ ပေးပို့သည်။