27 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူးလေကြောင်းနှင့် လက်နက်ကြီးရန် စိုးရိမ်ပူပန်မှုများကြားက စားဝတ်နေထိုင်ရေး ရုန်းကန်ဖြေရှင်းနေကြသည့် ဖယ်ခုံအင်းအရှေ့ဘက်ကျေးရွာခံတို့၏ စကားသံတချို့။

လေကြောင်းနှင့် လက်နက်ကြီးရန် စိုးရိမ်ပူပန်မှုများကြားက စားဝတ်နေထိုင်ရေး ရုန်းကန်ဖြေရှင်းနေကြသည့် ဖယ်ခုံအင်းအရှေ့ဘက်ကျေးရွာခံတို့၏ စကားသံတချို့။

ကရင်နီ (ကယား) ပြည်နှင့် ရှမ်းပြည်နယ်အစပ် မိုးဗြဲမြို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲဝင်တို့ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများ၊ လေယာဥ်များအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်လျက်ရှိနေသည်။

ယင်းသို့တိုက်ခိုက်မှုများကြောင့် မိုးဗြဲမြို့နှင့်နီးသည့် ဖယ်ခုံအင်းအရှေ့ဘက် ကျေးရွာများတွင် နေထိုင်ကြသည့် ဖယ်ခုံအင်းဒေသခံတချို့၏ စိုးရိမ်ပူပန်မှုများကြား စားဝတ်နေထိုင်ရေး ရုန်းကန်ဖြေရှင်းနေကြရသည့် အခြေအနေတို့ကို မေးမြန်းဖော်ပြလိုက်ပါသည်။

ဒေါ်လှ (လယ်စိုက်တောင်သူ/ ဖယ်ခုံအရှေ့ဘက်ကမ်း)

စိုးရိမ်တာတော့ ရက်တိုင်းစိုးရိမ်ရတယ်။ အလုပ်လဲ မလုပ်လို့မဖြစ်ဘူးဆိုတော့ သားသမီးလည်းစားရဖို့ ကိုယ်လည်း စားရဖို့ဆိုတော့ အလုပ်ပင်ပင်ပန်းပန်းနဲ့လုပ်ရတယ်။ ကြောက်လဲကြောက်ရတယ်။ လယ်သွားလည်း မပြီးလည်း ပြန်သွားတာလည်းရှိတယ်။ လက်နက်ကြီး ခနခနကြားရတာတော့ ရွာထဲမှာလဲကြားရတယ်။ ညချိန်မှာလည်း အိပ်လည်းကောင်းကောင်းမအိပ်ရဘူး။ ကျင်းထဲမှာလည်း အိပ်ရတယ်။ သားသမီးလည်း စိုးရိမ်ရတယ်၊ အဲ့မျိုးပေါ့။ ကြောက်ရတယ် အမြဲကြောက်ရတယ်။ ပင်ပင်ပန်းပန်းနဲ့ပဲ အမြဲတမ်းလုပ်ရတယ်။

ကိုဂျွန် (အုတ်ရိုက်သူ/ ဖယ်ခုံအရှေ့ဘက်ကမ်း)

တကယ်လို့ ဒီအနီးနား လက်နက်ကြီးအသံကြားရတာနဲ့ ကျနော်တို့လည်း အုတ်ရိုက်ပြန်နားတယ်။ ပြီးတော့ နည်းနည်းပြန်တိတ်နေရင် ကျနော်အုတ်ပြန်ရိုက်တယ်။ မလုပ်မဖြစ်ဆိုတော့လဲ ကျနော်က ဒီကြားမှာပဲ လက်နက်အသံ နည်းနည်းတိတ်နေတဲ့ကြားမှာ ချက်ချင်းအလုပ်ပြန်လုပ်တယ်။ အဲ့လိုပဲ လုပ်သွားနေရတယ်။ အချိန်ပြည့်စိုးရိမ်တယ်။ လက်နက်ကြီးထွက်တော့ လုံးလုံးကျနော်တို့ မလုပ်ရဲတာ၊ အုတ်မရိုက်ရဲတာ။ ဒါကြောင့်မို့ ဒီလက်နက်ကြီးထွက်တာနဲ့ နာရီပိုင်းမက နေ့တစ်ပိုင်းနားတယ် ညနေပိုင်းပြန်လုပ်။ လက်နက်ကြီး ပြန်ထွက်ဆို လည်း ပြန်နားနေရတယ်။

မောင်ညှိ (သဲကားမောင်းသူ/ ဖယ်ခုံအရှေ့ဘက်ကမ်း)

သွားသွားလာလာဆိုရင်လည်း လက်နက်ကြီးကိုယ့်နံဘေးမှာကျတာလည်း ရှိတယ်။ အရှေ့မှာကျတာလဲ ရှိတယ်။ အနောက်မှာ ကျတာလည်းရှိတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ကံတရားပေါ့နော။ ကံမပါသေးလို့ မထိတာ ဘာညာအဲ့လိုမျိုး ရှိတယ်။ နောက်သူများလည်း သွားလာမူရှိတာပဲ၊ သူများမသွားလာရဲလည်း ကိုယ်လည်း သွားလာနိုင်သလောက် တော့ သွားလာနိုင်တဲ့ထိတော့ ဆက်ပြီးသွားမှာပဲ။ ဘာလို့ဆို ကိုယ့်ရဲ့စားဝတ်နေရေးလည်း ရှိသေးတာပေါ့နော။ ဒီကားနဲ့ပဲ ကိုယ်ကအသက်မွေးဝမ်းလုပ်နေတဲ့ခါကြတော့ အမျိုးမျိုးပါပဲ။ ဒုက္ခတော့ အမျိုးမျိုးကြုံရတာပေါ့။ ကြောက်စရာတွေ အမျိုးမျိုးရှိတယ်။ ဘာလို့ဆို ကျတဲ့ချိန်မှာ ကိုယ်ကဘယ်လိုရုန်းထွက်ရမလဲဆို တော်တော်လေး စိတ်က အဲ့ချိန်မှာပင်ပန်းတယ်။ နောက်ပြီး ကြောက်စိတ်လည်း တအားများတယ်။ ကိုယ်ခြေတုန်လက်တုန်နဲ့ ကားမောင်းရတယ်။ ဒီဘယ်လိုရုန်းထွက်ရမလဲဆို ကိုယ်လွတ်အောင်ဘယ်လိုရုန်းထွက်ရမလဲဆို စိုးရိမ်ပူပန်မူတော့ အမျိုးမျိုးတော့ရှိတာပေါ့။

ဒေါ်ကောရတီ (တောင်ယာလုပ်ကိုင်သူ/ ဖယ်ခုံအရှေ့ဘက်ကမ်း)

အဒေါ်ကြောက်တယ်။ အဒေါ် အိမ်မှာမအိပ်ရဲဘူး။ အဒေါ်ဗုံးခိုကျင်းမှာ မနေရဲဘူးဆို ဟိုးတောင်ပေါ်မှာ သွားအိပ်တယ်။ အဒေါ်တောင်ယာမှာ တဲထဲမှာသွားအိပ်တယ်။ အဒေါ်ကြောက်တော့ အဒေါ်က ဗုံးခိုကျင်းမှာ သွားနေတယ်ပေါ့။ အဒေါ်ကလေးတွေကို အကုန်လုံးဆွဲထားပြီး အဲ့လိုပဲ အလုပ်မလုပ်ရဲဘူးပေါ။ စားလည်း မစားရဲဘူး၊ အိပ်လည်းအိပ်မပျော်ဘူးပေါ့နော။”

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။