2 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်ဦးရေ ၄ သောင်းကျော်ထိတိုးလာ

ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်ဦးရေ ၄ သောင်းကျော်ထိတိုးလာ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး နေရပ်စွန့်ခွာ တိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၄ သောင်း ကျော်ထိရှိလာပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ကျောက်ဖြူတွင် ပြီးခဲ့သည့် ဧပြီလအစပိုင်းက စစ်ဘေးရှောင် နှစ်သောင်းကျော်ရှိရာကနေ နေ့စဉ်နှင့်အမျှ တိုက်ပွဲ ပြင်းထန်မှုတို့ကြောင့် ယခုလို စစ်ရှောင်ဦးရေ ထပ်မံတိုးလာခြင်းဖြစ်သည်။

“တဖြည်းဖြည်း တိုးလာနေတယ်။ အခုဆိုရင် လေးသောင်းကျော်ရှိပြီ။ ငါးသောင်း ပြည့်တော့မယ်။ စားဝတ်နေရေး ဘယ်လိုမှ အဆင်မပြေကြဘူး။ မကြာခင် မိုးရာသီရောက်လာတော့မယ်။ အရေးပေါ် နေရာထိုင်ခင်းတွေ လိုအပ်နေတယ်” ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသည့် ကိုယ်တော်သဘာဝနဒီက မိန့်သည်။

အသစ်တိုးလာသည့် စစ်ဘေးရှောင်များမှာ ကျောက်ဖြူမြို့နယ်၊ မအူတော၊ ဝါးတော၊ လိပ်ခမော်၊ မလကျွန်း၊ ပြင်ရှည်၊ ဦးကင်း၊ ကုလဘာတောင်၊ ကုလဘာတောင်ကြီး၊ ထင်းချောင်း၊ ကြက္တိန်၊ စည်မော် စသည့် ကျေးရွာတို့မှ ဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ဘေးရှောင်များကို ကျောက်ဖြူမြို့နယ် စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် ကော်မတီက တစ်ပတ်တကြိမ် အသုတ်လိုက်ခွဲ၍ စားနပ်ရိက္ခာများ ထောက်ပံ့နေသော်လည်း စစ်ဘေးရှောင်ဦးရေ နေ့စဉ်တိုးလာနေ၍ ရိက္ခာမလုံလောက်မှုဖြစ်နေသည်ဟု သိရသည်။

ကိုယ်တော်သဘာဝနဒီက “စစ်ဘေးရှောင်တွေမှာ ပါလာတဲ့ဆန်တွေလည်း ကုန်တော့မယ်။ ပြီးတော့ အိမ်ထောင်စုတစ်ခုကို ပျမ်းမျှလူလေးယောက်နဲ့ တွက်ချက်ရင်တောင် နေအိမ်အလုံးရေ တစ်သောင်းကျော် ဆောက်လုပ်ပေးရမှာ။ အဲဒါနဲ့ ကူညီပေးနေသူတွေအနေနဲ့လည်း ဘယ်လိုမှ လိုက်မမီဘူးဖြစ်နေကြတယ်” ဟု ထပ်မိန့်ဆိုသည်။

စစ်ဘေးရှောင်များအား ကူညီဆောင်ရွက်ပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့်လည်း ဆက်သွယ်ရေးလိုင်း အဆင်မပြေ၍ အကူညီတောင်းခံရာတွင် အခက်အခဲရှိကြောင်း သိရသည်။

ယခု ဧပြီလအတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ကြား နှစ်ဘက်တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲကြောင့် စစ်ဘေးရှောင်များမှာ နေ့စဉ်နှင့်အမျှ ထွက်ပြေးတိမ်းရှောင်မှုများရှိနေခြင်း ဖြစ်သည်။

“ဖေဖော်ဝါရီလက တိုက်ပွဲစဖြစ်ချိန် ရွာက ဒေသခံတွေက အကုန်လုံး မထွက်ပြေးကြသေးဘူး။ ရွာမှာနေပြီး အခြေအနေ စောင့်ကြည့်နေကြတယ်။ အခု ဒီရက်ပိုင်း ကျောက်ဖြူတိုက်ပွဲ အရမ်းပြင်းလာတော့ ရွာတွေမှာ ရှိတဲ့ လူတွေ အကုန်လုံး ဘေးလွတ်ရာကို ထွက်ပြေးကြတော့ စစ်ဘေးရှောင်ဦးရေ ပိုတိုးလာနေတာ” ဟု ကျောက်ဖြူ ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်မှစတင်ကာ ကျောက်ဖြူမြို့နယ်၊ ဓညဝတီ ရေတပ်ဌာနချုပ်အနီး စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

လက်ရှိတွင် ကျောက်ဖြူမြို့နယ်အတွင်း AA သိမ်းပိုက်ရရှိခဲ့သည့် လိပ်ခမော်၊ မလကျွန်းနှင့် ပြင်ရှည်ကျေးရွာတို့ကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာတွင် စတင်သည့် ရခိုင်ပြည်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လူဦးရေ ၆ သိန်းကျော်ရှိနေကြောင်း (ULA/AA) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်ထားသည်။

အောင်ထိန် (DMG) ပေးပို့သည်။